နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ စက်ချို့ယွင်းမှုကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လွင့်ပေးနေတဲ့ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရှာချို့ယွင်းမှုတွေဖြစ်နေတာကြောင့် တစ်မြို့နယ်လုံးလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ သိရပါတယ်။
ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်နေတယ်လို့ ပူတာအိုမြို့နယ် EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။
“ဒီနေ့နဲ့ဆိုရင်တော့သုံးရက်ရှိပါပြီ။ မီးပြတ်တာက စက်ရုံတစ်ခုလုံးက Computer Systerm နဲ့ထိန်းချုပ်ထားတာလေး အဲ့Control room ကနေပျက်သွားတော့ဘာမှလုပ်မရဘူး Systerm တစ်ခုလုံးရပ်သွားတာ ပြင်တော့ပြင်နေတယ်”လို့ သူကပြောပါတယ်။
နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံးကိုထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပျက်သွားတာကြောင့် ဇွန်လ ၂၈ ရက်နေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်သွားတာဖြစ်ပြီးအနည်းဆုံးရက်ပေါင်း ၂၀ နီးပါးကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။
“ဒီကလူတွေနဲ့ရသလောက်တော့ပြင်နေတယ် အဲ့တာမှမရရင် ပညာရှင်တွေသီးသန့်ခေါ်ပြီးပြင်ရမှာဗျအနည်းဆုံး ၁၅ ရက် ရက်၂၀ တော့ကြာမယ်ထင်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ပူတာအိုမြို့နယ် EPC ရုံးမှ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
လျှပ်စစ်မီးရက်ရှည် ပြတ်တောက်လာပါက အဓိကအားဖြင့် လျှပ်စစ်မီးကိုအားကိုးနေရတဲ့ Stalink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ရေခဲသေတ္တာအသုံးပြုရတဲ့စားသောက်ဆိုင်တွေ၊Beauty Salon ဆိုင်တွေနဲ့အခြားလျှပ်စစ်မီးသုံးရတဲ့ လုပ်ငန်းတွေအတွက် လည်ပတ်ဖို့အခက်အခဲလာမှာဖြစ်ကြောင်း Starlink wifiဆိုင် ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့ကတော့ Power Station နဲ့ Epc ကမီး နဲ့ ပဲတွဲပြီးလည်ပတ်နေတာ အခုက epcမရဘူးဆိုတော့ ဘာမှလုပ်ရဘူး wifi ဘေလ်ဖိုးလည်းတလစာကမနည်းဘူးအခွန်ကလည်းပေးရသေးတယ်။ သူများလည်းကိုယ်တွေလိုပဲညည်းနေကြတာပါ့”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ ကွန်ပျူတာစနစ် ချို့ယွင်းသွားတာကြောင့် တစ်လနီးပါးကြာလျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါသေးတယ်။
အထက်နမ့်ထွမ်ရေအားလျှပ်စစ် စက်ရုံဟာ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်မှာ အကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လက်ရှိကျေးရွာပေါင်း ၅၀ ကျော် ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။
By – Zaw Zaw