သတင်း

KIO ထိန်းချုပ်နယ်မြေမှာ တစ်လတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးဖမ်းဆီးရမိ

ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေမှာ ဇွန်လ တစ်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးနဲ့ မူးယစ်ဆေးအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ KIO ပိုင် ( Alen Yang -TV )ရုပ်သံကနေထုတ်ပြန် ကြေညာထားပါတယ်။

မူးယစ်‌ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၄၁ ဦးထဲမှာ ၂၉ ဦးက ရောင်းသူတွေဖြစ်ပြီး၊ ၁၂ ဦးက သုံးစွဲသူတွေ ဖြစ်ပါတယ်။

မြို့နယ်အလိုက်ဖော်ပြရမယ်ဆိုရင် မိုးမောက်မြို့နယ်၊ လုံဂျာယန်ကျေးရွာ မူးယစ်ဆေးဝါးရောင်းသူ ၁၂ ဦး၊မြစ်ကြီးနားမြို့နယ် ဖရောကျေးရွာတာလောကြီးလမ်းမှာ ရောင်းသူ ၂ ဦးအပါအဝင် ရှောက်သီးဆေးပြားပူး ၁၅ ဗူး၊ ဖားကန့်မြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ ၇ ဦး၊ ရောင်းချသူ ၁၃ ဦးနဲ့ ရာမဆေးပြား၂၄၈၆ခု၊ ဘိန်းရှုပိုက် ၄၈ ခု၊ ရှောက်သီးဆေးပြားဘူး ၅ ဘူး၊ ဘိန်းဖြူ Speed ဘူး တစ်ဝက်ထည့်စီထည့်ထားတဲ့ဗူးနှစ်ဗူး ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုတဲ့ ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပန်ဝါမြို့မှာ ချန်းရင်းခူးကျေးရွာ မြေရှားလုပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ တရုတ်နိုင်ငံသား ၁ ဦး၊ လိုင်ဇာမြို့အဝင်စုပေါင်းဂိတ် ၁၂ဘီးကားမောင်းတဲ့ ကားသမားဆီမှာ ဘိန်းဖြူ ပုလင်းသေးနှစ်ဗူးနဲ့ ဆေးထိုးအပ်တစ်ခု၊ရှမ်းမြောက် နန့်ဖက်ကာကျေးရွာမှာ‌ မူးယစ်ဆေးဝါးရောင်းချသူ၂ ဦး နဲ့ရာမဆေးပြား ၅၁၇၀ ခု၊ဖုန်းနဲ့ ငွေတစ်ချို့၊ ကချင်ပြည်နယ် ဆော့လော်မြို့မှာ သုံးစွဲသူ၂ ဦး ဘိန်းဖြူ ၂၂ လုံး၊တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ဖီမော်မြို့ မှာ သုံးစွဲသူတစ်ဦး ရာမအဆီအခဲ ၂၂၇ ခု ၊ ရာမဆေးပြား ၃၇ ခု ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ခုလို မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာနဲ့ ပက်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးဝာာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIO အနေနဲ့ မူးယစ်‌ဆေးဝါးဟာ ရန်သူ ၃ မျိုးရှိတဲ့ထဲက တစ်မျိုးအနေနဲ့ သတ်မှတ်ထားတာဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ်သူအားလုံးကို အမြစ်ဖြတ်ချေမှန်းနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ခုလိုဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့လူမျိုးအတွက် ရန်သူဖြစ်တဲ့ မူးယစ်ဆေးဝါးကို သုံးစွဲတဲ့သူတွေ အသက်မွေးဝမ်းကြောင်းပြုတဲ့သူတွေ အနေနဲ့ လုပ်ဆောင်နေတာကို ရပ်လိုက်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ တစ်နေ့ လူမျိုးရေး အကြွေးတင်စရာဖြစ်လာလိမ့်မယ်လို့ ပြောချင်ပါတယ်လို့ ဆိုပါတယ်။

၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတွေကို မြို့ရွှာတော်တော်များများမှာ ထုတ်လုပ်ရောင်းချမှုတွေ ပိုမိုများပြားခဲ့ပေမယ့် KIO သိမ်းပိုက်ရရှိထားတဲ့ ကန်ပိုင်တီနဲ့ ဆဒုံမြို့နယ်တွေမှာတော့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွေကို ဖျတ်ဆီးရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။

ခုလို KIO အစိုးရကနေပြီးတော့ မူးယစ်ဆေးဝါးတိုက်ဖြတ်မှုတွေ လုပ်ဆောင်တဲ့အပေါ် လိုင်ဇာမြို့ဒေသခံ အမျိုးသမီးတစ်ဦးကတော့ သူမရဲ့ အမြင်ကို ခုလိုပြောပါတယ်။

ကောင်းပါတယ်။ ဒါမှမဟုတ်ရင်တော့ အဲမှာဘဲ ပျော်မွေ့သွားနိုင်တယ်။ ခုလို ဖြစ်လာရင်တော့ ကျွန်မတို့လူမျိုးအတွက် ထိခိုက်နစ်နာတာတွေက ပိုများလာနိုင်တာပေါ့။ဒါကြောင့် ခုလို တင်းတင်းကြပ်ကြပ်လုပ်ဆောင်တာက ပိုပြီးမှကောင်းလာတယ်လို့ မြင်ပါတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၂ရက်နေ့ ထုတ်ပြန်လာတဲ့ အမိန့်စာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ကနေပြီးတော့ KIO ထိန်းချုပ်နယ်မြေရှိ KTV ဆိုင်အားလုံးပိတ်ဖို့ အမိန့်စာထုတ်ပြန်ထားပြီး KIO ထိန်းချုပ်နယ်မြေတွင်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ဖို့ ပေါ်လစီတွေချမှတ်ပြီး ငွေကြေးများစွာကုန်ကျကာ တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီရဲ့တင်ပြလာချက်အရ KTV တွေမှာ လအိမ်ထောင်သည် အမျိုးသား၊အမျိုးသမီး၊ လူငယ်၊ ကျောင်းသားသူတွေ စုဖွဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲတာတွေအပြင် ဖြန့်ဖြူးတာတွေပါ လုပ်နေကြတဲ့အတွက် မူးယစ်ဆေးဝါးကြောင့် အကျင့်စာရိတ္တပျက်စီးတဲ့လူတွေများလာသလို မိသားစုတွင်း အိမ်ထောင်ရေးပြဿနာအမျိုးမျိုးဖြစ်ပေါ်နေတဲ့အတွက် KTV ဆိုင်အားလုံးကို ပိတ်ဖို့ ညွှန်ကြားလိုက်ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိမြေပြင်မှာတော့ KIO အစိုးရဘက်က မူးယစ်ဆေးဝါး ထုတ်လုပ်သူ၊ ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို ဖမ်းဆီးမှုတွေကို အဓိက လုပ်‌‌ဆောင်ပြီး ဒေသအခြေပြု မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး အဖွဲ့တွေကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်နိုင်အောင် လုပ်ဆောင်တာတွေနဲ့ အသိပညာ‌ပေး အစီအစဉ်တွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်တပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့လို နေရာတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးမှုတွေ မကြာမခန ဖြစ်ပေါ်နေပေမယ့်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို သေချာအရေးယူဆောင်ရွက်နိုင်တဲ့အပိုင်းမှာ အားနည်းနေဆဲဖြစ်ပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC) ၂၀၂၄ ဒီဇင်ဘာ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာ‌တော့ မြန်မာနိုင်ငံဟာ ၂၀၂၃ခုနှစ်ထက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၄ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့်လည်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် နေတယ်လို့ ဖော်ပြထားပါတယ်။။

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့ပြီး ရှမ်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၈၈ရာခိုင်နှုန်းလောက်ရှိပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်တယ်လို့ UNODC ကနေ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button