သတင်း

မြစ်ကြီးနားမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အ‌လောင်း တွေ့ရှိခဲ့ရတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။

ရမ်ပူရပ်ကွက် နယ်မြေ(၂၀)မှာ ဆေးစွဲနေတယ်လို့ယူဆရတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေကနေပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့ ၇နာရီဝန်းကျင်အချိန် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကို ဆက်သွယ်အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီနောက် ရုပ်အလောင်းကိုတော့ သွားရောက်ကောက်ယူခဲ့ပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သေချာ မသိရှိရဘူးလို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင် တစ်ဦးက ခုလိုပြောပါတယ်။

အဲလိုမျိုးကျ ကျွန်တော်တို့လည်း အတိအကျမသိဘူး။ဘာလို့လဲဆိုတော့ အဲပတ်ဝန်းကျင်က ဖုန်းဆက်တဲ့အချိန်ဘဲ သွားရတာဗျ။ ဘာလို့လဲဆိုတော့ သူတို့က ဆေးသုံးတာဆိုတော့ အတိအကျပြောလို့လည်း မရဘူးလို့ ဆိုပါတယ်။

ရုပ်အလောင်းကိုကတော့ ကြာနေပြီ ဖြစ်တဲ့အပြင် အိမ်သားတွေနဲ့လည်း အဆက်အသွယ်မရတော့တဲ့အတွက် ပိုင်ရှင်မဲ့အနေနဲ့လည်း မြှုပ်နှံလိုက်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ အပတ်မှာဘဲ ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်း ၂ လောင်းတွေ့ခဲ့ရပြီး တစ်ဦးကတော့ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေတွေကြောင့် ဗန်းမော်၊ အင်းတော်၊ ဗန်းမောက်၊ မိုးမောက်၊ မြို့သစ်၊ ဖားကန့် စတဲ့ နေရာဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ အိမ်ခြေရာမဲ့တွေလည်း အများအပြား ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။

တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့မှာ စစ်ရှောင်တွေ များလာတာနဲ့အတူ မူးယစ်ဆေးဝါးနဲ့ အစာအာဟာရပြတ်လပ်မှုကြောင့် သေဆုံးသွားတဲ့ အိမ်ခြေရာမဲ့တွေ ပိုမို များပြားလာတာကို တွေ့လာရတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button