မြစ်ဆုံဆည် စီမံကိန်းကြောင့် ထိခိုက်ဒေသရှိ အမျိုးသမီးများ၏ အသံ

Myanmar Women Environmental Human Rights Defenders Networking Group စီစဉ်တင်ဆက်ထားသည်။

Nick Name – Ah Win

အသက် – ၄၉ နှစ်

တစ်ကယ်တမ်း မြစ်ဆုံအကြောင်းကို သူများတွေက အရမ်းပြောကြတယ်။ ဒါပေမယ့် ကျမစိတ်ထဲမှာ ကျမတို့ရဲ့ တန်ဖိုးထားရမည့်နေရာဆိုပြီး အဝေးကဘဲ ကြားရတော့ သိပ်နားမလည်ခဲ့ဘူး။ သို့သော်လည်းအိမ်ထောင်ကျပြီး သွားနေဖြစ်တော့ မြစ်ဆုံနေရာ မှာအိမ်ထောင်ကျတယ်။ ကျမတတ်နိုင်သလောက် ဒီမြစ်ဆုံတစ်ဝိုက်နားက ရွာ (၁၅)ရွာပါဝင်ပြီးဖွင့်လှစ်ထားတဲ့ “ အမျိုးသမီးအဖွဲ့ မှာ အတွင်းရေးမှူးတာဝန်ယူလုပ်ဆောင်နေပါတယ်။ ဝိုင်းမော်ဘက်ခြမ်းနှင့် မြစ်ကြီးနားဘက်ခြမ်းမှာနေထိုင်ကြတဲ့ ရွာ (၁၅) ရွာမှ အမျိုးသမီးတွေ စုစည်းပေါင်းစည်းပြီးလုပ်ငန်းစုပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။ အခု ကျမအနေနဲ့ ကျမတို့ရပ်ရွာဒေသမှာ ရှိတဲ့ မြစ်၊ချောင်း အင်းအိုင် (Hkashi Hkanu ni) တွေကို ပျက်စီးစေတာ၊ ပရမ်းပတာ လုပ်ဆောင် နေတာတွေ၊နောက် တစ်ခုက ကျမတို့ နေရာဒေသပတ်ဝန်းကျင်တွေမှာနေထိုင်သည့် အမျိုးသမီးငယ်တွေနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ၊ အထင်မြင် သေးခံရတာတွေ စသည့် ဘာမှမသိပေမယ့် အရှုံးသမားဘက်ရပ်ပြီး အများအားဖြင့်အလုပ်လုပ်လေ့ရှိပါတယ်။ EC တွေနဲ့သေချာလေးဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီးကျမက အတွင်းရေးမှူးတာဝန်ကို တာဝန်ယူတာ၄၊၅ နှစ်ရှိလာပြီ။ ကျမတို့ဒီအဖွဲ့ကို ၂၀၁၈ ခုနှစ်က စပြီးဖွဲ့စည်းခဲ့ပေမယ့် အလုပ်ကို ထိထိရောက်ရောက် လုပ်ဖြစ်လာတာက ၂၀၂၀ ခုနှစ်က စပြီး ကျမတို့ ကော်မတီတွေနဲ့သေချာလုပ်လာနိုင်လာတယ်။ EC အဖွဲ့ဝင် (၅ ယောက်)၊ရုံးအဖွဲ့ဝင် နဲ့ပေါင်းရင် ၁၃ ယောက်ခန့်ရှိပြီး အဖွဲ့ဝင် ၂ ယောက် ပေါင်း ရင် စုစုပေါင်း ၁၅ ယောက်ခန့်နဲ့လုပ်ဆောင်နေပါတယ်။

နေရပ် – လွန်ခဲ့တုန်းက အောက်မော်ဖောင်းမှာနေခဲ့တယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း မြစ်ဆုံ အောက်ပိုင်း Dawng Pan ရွာမှာအိမ်ထောင်ကျတယ်။ Dawng Pan ရွာကနေ မလိယန်ရွာ (အရင်တုန်းက Dinghku zup ရွာလို့ခေါ်)ကို၂၀၁၀ မှာ ပြောင်းရွေ့ရတယ်။ ကျမတို့ပြောင်းလာပြီးနောက်ပိုင်း မလိယန်ရွာလို့မည့် ခေါ်ပြီးနေလာကြတာ ဖြစ်တယ်။ ကျမလည်းအတိအကျမတိုင်းကြည့်တော့ Dawng Pan ရွာကနေ မလိယန်ရွာ က ၅မိုင်နဲ့၇မိုင်ကြားဝေးတယ်လိုထင်တယ်။ ၂ နာရီလောက်လမ်းလျောက်ရတယ်။

မြစ်ဆုံကနေမလိယန်ရွာကို သွားမယ်ဆိုရင် ၅ မိုင်လောက်ဝေးတယ်။ ဝိုင်းမော်ဘက်ခြမ်းကျတယ်။ ဝိုင်းမော်ဘက်ခြမ်းမှာ အိမ်ခြေ၈၅ အိမ်ပြောင်းရွေ့လာတယ်။ အောင်မြင်သာကဒီထက်ပိုများတယ်။ ၅၀၀ ခန့်ရှိတယ်။

ကျမတို့ ရွေ့ပြောင်းခံရပြီးနောက်ပိုင်း ကျမနှင့်အတူ အမျိုးသမီးတွေဒုက္ခရောက်တာက တော်တော်များတယ်။ ဘာကြောင့်လဲဆိုရင် မပြေင်းရွေ့ခင်တုန်းက ကျမတို့ရွာမှာ ကျမတို့ ကိုယ့်သွားချင်တဲ့ နေရာတွေကို လွတ်လွပ်စွာ သွားလို့ရတယ်။ ခြံလည်းကျယ်တယ်။ ကိုယ့်အိမ်ခြံဝင်းမှာ လွတ်လပ်စွာ နေလို့ရတယ်။ ချက်ပြုတ်မယ်ဆိုရင်လည်း ဝါးတဲဘဲဖြစ်သော်လည်း လွတ်လွတ်လပ်လပ် စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ရတယ်။ ကျမတို့ပြောင်းရွေ့ခံရတဲ့နောက်ပိုင်းမှာ ကျမတို့ကို ပေ(၁၀၀)ပတ်လည်ပေးတယ်။ ဒီပေတစ်ရာ ပတ်လည်မှာ အားလုံးမြင်တဲ့အတိုင်းအပေါ်အောက်ခြေတံခြေအိမ်အိမ်ဆောက်ပေးတယ်။ ကျမတို့ ကချင်တွေက နည်းနည်းခက်တယ်။ နွားလည်းဒီမှာဘဲချည်ရတယ်။ ဟိုရွာမှာနေခဲ့တုန်းက ဘာမှ မဟုတ်ရင်လည်း နွားတင်းကုပ်သပ်သပ်၊ ကြက်ခြံသပ်သပ်ရှိခဲ့တယ်။ အဝတ်လှမ်းစဉ် စသည့် ကြည့်ရင်ကမလှပေမယ့် သူ့နေရာနဲ့သူရှိခဲ့တယ်။ ကျမတို့ ဒီမှာပြောင်းရွေ့ခံရတဲ့နောက်ပိုင်းက အဝတ် လှမ်းတာက အစ ခက်ခဲခဲ့တယ်။ ချက်ပြုတ်စားသောက်ဖို့အတွက်ကလည်း သူတို့က အမိုးအဖီတော့ ချပေးပေမယ့် မိုးပြင်းရွာ၊လေပြင်းလာတဲ့အချိန်တွေဆိုရင် သူတို့က လောလောနဲ့ ဆောက်ခဲ့တဲ့ အိမ်ဆိုတော့ မလုံခြုံဘူး၊ မိုးယိုး၊မိုးဖွဲ့ကျပြီး မိုးရေထဲမှာချက်ပြုတ်စားသောက်ရတယ်။ ကျမတို့က မိုးရာသီမှာ ပြောင်းရွေ့ရတယ်။

ကျမတို့အရှေးက အဖွဲ့ တစ်သုပ်က ၅ လ ပိုင်းမှ ပြောင်းရွေ့ရပြီးကျမတို့က ၇ လပိုင်းမှာ ပြောင်းရွေ့ရတော့ ကျမတို့ အတွက် အရမ်းခက်ခဲခဲ့တယ်။ ထင်းတွေလည်းမရှိ၊ အခုလိုမျိုး လျပ်စစ်မီး သွယ်တာတွေလည်းမရှိသေးတော့ ကျမတို့ လျပ်စစ်မီးနဲ့ချက်ဖို့ကလည်း အဆင်မပြေသေး ဖြစ်တယ်။ ထင်းနဲ့ချက်စားရအောင်ဆိုပြန်တော့လည်း ဘယ်နေရာကနေ ထင်းသွားမကောက်တတ်ဘူး။ ထင်းရဖို့ တစ်နေရာမှာ သွားကောက်ရအောင်ဆိုတော့ ဒေသခံတွေကလည်း “ကျမတို့ခြံတွေမှာ နင်တို့ကြိုက်သလိုမဝင်နဲ့ ပိုင်ရှင်ရှိတယ်။ နင်တို့ကြိုက်သလို လာကောက်တာမျိုးမဟုတ်ဘူး” ဆိုပြီးကျမတို့ကို ပြောလာတယ်။ ကျမတို့က ထင်းကောက်မယ့်‌ နေရာကခက်။ ဝင်ထွက်သွားလာဖို့ကလည်း နည်းနည်းခက်တယ်။ ဒေသခံတွေရဲ့နေရာတွေဘဲ ဖြစ်နေတော့ ကျမတို့ အတွက်က ဟင်းသီး၊ ဟင်းရွက်ခူးတာကအစ ရှာစားရတာလည်း ခက်ခဲခဲ့တယ်။ ကျမတို့က ဝယ်ဘဲဝယ်စားရအောင် ဆိုရင်လည်း ငွေကြေးက အများကြီးမရှိဆိုတော့ တောထဲကဘဲရှာစားတတ်တော့ သူတို့ခြံဝန်းထဲက ခူးဖို့ကလည်း ကျမတို့ အတွက်ခက်ပြန်တယ်။ မီးဖိုချောင်ကိစ္စ၊မိသားစုဝမ်ရေးပြဿနာက ကျမတို့အတွက် နံပါတ်တစ် အခက်ခဲဆုံးဖြစ်ခဲ့တယ်။ တစ်ခါတစ်လေ ဟင်းသီး၊ဟင်းရွက် တွေမရ တော့ ငါးစနေ့ (၁ချောင်း၊၂ ချောင်းဘဲပါရင်လည်း)ဘဲဝယ်စားပြီးကျော်လွှားတာတွေလည်းအကြိမ်ရေများခဲ့တယ်။ အရမ်းခက်ခဲ ခဲ့တာကိုပြောချင်ပါတယ်။ အဓိက တောမှာနေရင်လည်းဟင်းသီး၊ဟင်းရွက် ရှာစား စရာမရှိတာက အခက်ခဲဆုံးပါ။ ကျမတို့က လွတ်လွတ်လပ်လပ်ရှားစားလာခဲ့ကြတော့ ဒီလိုအခက်အခဲမှာ စိတ်အနာရလာတယ်။ ပြောင်းရွေ့လာတဲ့နောက်ပိုင်း နေရာလည်း မကျွမ်းကျင်၊ ဝမ်းစာအတွက် ရှာစားဖို့ကခက်၊ငွေကြေးကမတတ်နိုင် ဆိုတော့အရမ်းခက်ခဲ့ခဲ့တယ်။ ဟိုရွာမှာနေခဲ့တုန်းက အမျိုးသမီးကျမတို့တွေက ဖက်ခူးပြီးရောင်း၊ရွှေတူး စသည့်အမျိုးမျိုးလုပ်ကိုင်ပြီးဝင်ငွေရှိခဲ့တယ်။ ဒါပေမယ့်ဒီမှာက ကျမတို့အတွက်အဲ့လိုလုပ်ဖို့က အဆင်မပြေဘူး။

ကျမရဲ့အရင်တုန်းက အလုပ်အကိုင်က လယ်လုပ်စားတယ်။ လယ် က ၁၆ ဧက လုပ်တယ်။ ကျမတို့ရဲ့လယ်ကို အခုတရုတ်တွေက သိမ်းပေးလိုက်တယ်။ သိမ်းပေးလိုက်ပြီး အခြားရွာတစ်ရွာမှာ သူတို့အစားပြန်ပေးတယ်။ ကျမတို့ကို အစားပြန်ပေးတဲ့လယ်က ကျမတို့သွားနိုင်ဖို့ အရမ်းဝေးတာကြောင့် ကျမတို့သွားဖို့ အရမ်းခက်ခဲ့တယ်။ မိုင်နဲ့တိုင်းရင်တော့ကျမ မပြောတတ််ဘူး၊ ၃၊၄ နာရီခန့် လမ်းလျှောက်ရတယ်။ ဆိုင်ကယ်လည်းမပိုင်တာ့ လမ်းလျှောက်ပြီးသွားရတယ်။ ကျမတို့အိမ်သားတွေ၊ အမျိုးသမီးတွေဘဲသွားလာမယ့်ဆိုရင်လည်းခက်ခဲ့တယ်။ တော်တော်လည်း ဝေးသည့် နေရာမှာသူတို့အစားထိုးပြန်ပေးတယ်။ ကျမတို့အဲ့ကိုသွားဖို့ ဆိုင်ကယ်လည်းမရှိ၊စက်ဘီးလည်းမရှိဘူး။ သွားလာဖို့ခက်ခဲ့တော့ ကျမတို့လည်း မလုပ်စားနိုင်တော့ဘူး။ အလုပ်မဖြစ်တော့ အရင်တုန်းက စပါးဂျီးတွေနဲ့နေလာခဲ့ပေမယ့် အခုဒီပြောင်းရွေ့လာတဲ့နောက်ပိုင်း ကျမတို့က စပါးဂျီးဆိုတာ ကိုလည်း မမြင်ရတော့ဘူး ဖြစ်သွားတယ်။ အစပိုင်းက ဆန်ကို သူတို့ တရုတ်တွေထုတ်ပေးတယ်။ လူ(၁)ယောက်ကို ၅ ပြည်စီစီထုတ်ပေးကြတယ်။ နောက်ပိုင်း သူတို့က ဆန်ထုတ် ပေးတာတွေလည်း ပုံမမှန်တော့ဘူး။ ကိုယ်အားသန်ရာ မလိခမြစ်ထဲသွားပြီးရွှေတူးယူကာ ရလာတဲ့ပိုက်ဆံနဲ့ပြန်ဝယ်စား၊ ရွှေရရ၊မရရ အဲ့လိုနည်းနဲ့ဝမ်းစာရေးကိုကျော်ဖြတ်ခဲ့တယ်။ နေ့စားသွားတယ်။ ကျမလည်း၂ကြိမ်၊ သုံးကြိမ်လောက်နေ့စား သွားခဲ့တယ်။

ကျမကလေးတွေကို ကျွေးမွေးရမယ့်ဆိုတော့ လယ်မရှိတော့တာကြောင့် ဆန်ရဖို့ ခက်ခဲလာသည့်အတွက် ဆန်ရဖို့ အဝတ်မချုပ်တတ်ရင်လည်း ငတ်လာတော့ အဝတ်တွေ ချုပ်တတ်ဟန်ဆောင်လာရတယ်။ နင်ချုပ်တာ မလှဘူး၊မသေသပ်ဘူး ပြောရင်လည်း မတတ်နိုင်ဘူး၊ ဘောင်ဘီလောက်ဘဲ ဖြစ်ဖြစ်ချုပ်ပြီးရောင်းစားဖို့လုပ်လာရတယ်။ ကိုယ့်ကိုကိုယ်လည်း အရမ်းမလုံခြုံဘူး၊ ဘာလို့လဲဆိုရင် အခြေခံလောက်နဲ့ဘဲ ကလေးတွေကို ထောက်ပံ့နေရတယ်ဆိုတော့ မချုပ်တတ်ရင်လည်း ချုပ်တတ်ဟန်ဆောင်ပြီးကိုယ့်ကိုလည်း စိတ်ချယုံကြည်မှုမရှိဘူး။ သို့ပေမယ့် ငတ်တာကြောင့် လုပ်ရတယ်။ ဒါကြောင့် စိတ်ထဲမှာ အရမ်းခံစားရတယ်။ ဘာမှမသိရင်လည်းလုပ်စားရမယ်ဆိုတော့ “တစ်ခါတစ်လေ သူများတွေလာပြီးဘာမှလည်းမချုပ်တတ်ဘဲနဲ့ ချုပ်စား၊ ချုပ်စားချင်ရင် ကောင်းကောင်းလည်း သင်ပြီးချုပ်စားပါလား” ဆိုပြီး ခဏခဏအပြောခံခဲ့ရတာလည်းကြုံခဲ့ရတယ်။ တစ်ခါတစ်လေ ကလေးတွေ ကျောင်းတက်ရမယ့်အချိန်ရောက်လာပြီဆိုရင် ဝါးခုတ်နေ့စားဝင်လုပ်ရတယ်။ ဒေသခံတွေက ဝါးခြံတွေရှိတော့ ကျမတို့က အရင်ရွာမှာတုန်းက ဝါးခုတ်ဖူးတော့ ယောက်ျားခုတ်ထွင်းထားတဲ့ဝါးလုံးတွေကို ကျမ က ကူသယ်ပေးနဲ့နေ့စားဝင်လုပ်ကြရတယ်။ ဈေးသိပ်တော့မရဘူး၊ ကျမတို့ပြောင်းရွေ့လာခါစ ၂၀၁၀ခုနစ်က အဲ့ဒီအချိန်က တစ်ချောင်း ၁၅၀၀ ကျပ်လောက်ရတယ်။ သူများခြံထဲက နေ့စားဝင်လုပ်ရင်း တစ်ဖြည်းဖြည်းနဲ့နည်းနည်းစီဝါးလုံးတွေစုပြီး ဝါးဖောင်လုပ်ကာ မြစ်ထဲမျောချပြီး ပြန်ရောင်းစား စသည့်အလုပ်တွေလုပ်ရင်းစားဝတ်နေရေးဖြေရှင်းခဲ့ရတယ်။ ကိုယ်တတ်နိုင်သည့်အလုပ်လုပ်တယ်။ တစ်ခါတစ်လေဈေးလည်းရောင်းတယ်။ သူများဆီကဝယ်ပြီးပြန်ရောင်းတယ်။ ဘယ်ဟာက ရူံးသလဲ၊မြတ်နေသလဲမသိဘူး၊ပိုက်ဆံနည်းနည်းပါးပါးမြင်နေရတော့စိတ်ပျော်တယ်။ မြတ်တော့ မမြတ်ဘူး၊ မြစ်ကြီးနားမြို့က ဘဲဝယ်ပြီးဒီမှာဘဲပြန်ရောင်းတော့ ကားခတွေပေးလိုက်၊ ပြုတ်လိုက် ၊နည်းနည်းလည်း ပြန်ရလိုက်နဲ့လည်နေတယ်။ ကလေးကျောင်းစရိတ်အတွက်၊ကျန်းမာရေးအတွက် ဒီလိုနဲ့ပြဿနာကို  ဖြေရှင်းနေပါတယ်။

ကျမတို့ ဒီပြောင်းလာပြီး အားသာချက်လို့ပြောရမယ့် အချက်က ကလေးတွေကို အတန်းကြီးလာရင် အဝေးကို ပို့စရာမလိုဘူး။ ဟိုမှာနေတုန်းက မူလတန်းအထိဘဲကျောင်းရှိတော့ မိဘတွေမကြိုးစားပေးနိုင်ဘူးဆိုရင် ကလေးတွေရဲ့ပညာရေးက အဲ့ဒီမှာဘဲအဆုံးသတ်ပြီ။ အခုဒီကိုပြောင်းလာပြီးနောက်ပိုင်း မူလတန်းကနေ အလယ်တန်းအဆင့်အထိရှိသည့်ကျောင်းဖွင့်ထားပေးခြင်းကြောင့် ကလေးတွေကိုဒီမှာဘဲပြီး အောင်ထားပေးလို့ ရတယ်။ ဒါပေမယ့်ဒီအလယ်တန်းကနေ ပြောင်းမယ့်ဆိုရင် ကျမတို့က နာလန် မထူနိုင်ဘူး ဖြစ်တယ်။ ကလေးတွေရဲ့ပညာရေးကို ဆက်ပြီးပံ့ပိုးပေးဖို့ဆိုရင် မြို့နဲ့လည်းဝေး၊ ဒီရွာမှာလည်း အတန်ကြီးကလေးတွေမရှိဆိုတော့ ကလေးတွေကလည်းသူတို့ကိုယ့်သူတို့ ကရုစိုက်ဖို့ အဝတ်တွေ မလျော်ယူတတ်သေးဘူး ဆိုတော့ ဒီလိုမျိုးပြဿနာလေးတွေရှိတယ်။ တစ်ချို့ငွေကြေး တတ်နိုင်တဲ့ မိဘတွေက ကလေးတွေကိုတော့ အဆောင်ထားပေးတာ ရှိပေမယ့် တစ်ချို့ကလေးတွေ အဆောင် ထည့်ဖို့လည်းမတတ်နိုင်တော့ဆွေးမျိုးအိမ်မှာနေပြီးခက်ခက်ခဲ့ခဲ့ ကျောင်းတက်ရတယ်။ ဆွေးမျိုးအိမ်မှာ နေရတော့ အလုပ်လုပ်တဲ့အချိန်လည်းလုပ်၊ကျောင်းစာလည်းလုပ်ရဆိုတော့ တစ်ချို့ကလေးတွေက စာ မလိုက်နိုင်တော့ ကျောင်းနားသွားတဲ့ကလေးတွေလည်းရှိတယ်။ ကျမတို့ကလေးတွေကို တော့ အဲ့သလို မဖြစ်အောင် ရရာအလုပ်နဲ့ နည်းနည်းကြိုးစားပြီး အဆောင်ကိုမဖြစ်မနေထည့်ပေးဖြစ်တယ်။ ကလေးတွေကိုလည်း အမေတို့က ဆင်းရဲ့တဲ့အတွက် အသုံးပစ္စည်းတွေချွေတာသုံးဖို့၊ မကြာခဏ မလာတွေ့ နိုင်ကြောင်း ပြောပြထားဖြစ်တယ်။ ကလေးတွေက “အမေ သူများမိဘတွေက ခဏခဏ လာတွေ့တယ်၊ မုန့်တွေလည်းအများကြီး လာပေးကြတယ်။ ဘာလိုအပ်ရင်ဘာကိုင်ခိုင်းတယ်။ ဆိုပြီးပြောပြကြတယ်။ ကျွနိုပ်တို့က အမေ့ကို လွမ်းတာလည်း ရိုးသွားပြီ၊ အမေ့ဘယ်တော့လာမလဲ၊အမေ့ဘယ်တော့လာမလဲ” ဆိုပြီး လမ်းမကြီးဘက်ကိုမျော်မျော်ကြည့်တယ်တဲ့။ ကျမက မလာနိုင်ဘူး။ လမ်းခရီးစရိတ်မတတ်နိုင်တော့ခဏခဏ မသွားကြည့်နိုင်ဘူး။ မုန့်တွေယူသွားပေး ဖို့လည်းအဆင်မပြေဘူး၊ ဒီလိုမျိုးတွေမှာ ကလေးတွေ နားမလည်ဘူး ဆိုရင် မိဘနှင့်သားသမီးကြားမှာ ကွာဝေးလာပြီး သူတို့ကို မချစ်ဘူး၊ရူပ်လို့သူတို့ကို အဆောင် ထည့်ထားတယ် ဆိုပြီး ထင်မြင်လာတယ်။ တစ်ကယ်တော့ မိဘတွေအဆင်မပြေတော့ကလေးတွေကို ပညာရေးမှာ စိတ် အနာရလာ စေတာတွေဖြစ်တယ်။

ကျမတို့ဒီမလိယန်မှာ အလယ်တန်းရှိလာတာက ၃ နှစ်လောက်တော့ရှိပြီ။ အရင်မူလွန် ကျောင်းကနေ အလယ်တန်းထိရှိလာတယ်။အစိုးရကနေဖွင့်ပေးထားတယ်။ ကိုယ့်စရိတ်နဲ့ကိုယ့် တက်ရတယ်။ အရေးကြီး ထူးခြားတဲ့အခြေအနေမှာ တရုတ်တွေက ထူးချွန်တဲ့သူတွေကို ပညာရည်ချွန်ဆု ပေးတာတွေ လုပ်တယ်။ ဟိုဘက်ရွာမှာလည်းကျောင်းရှိတော့ ဒီကို ကျမတို့ ပြောင်းလာတော့ကျောင်းတော့လုပ်ထားပေးတယ်။

ကျမတို့ အရင်ရွာမှာက ဝမ်စားအတွက် လယ် ၁၆ ဧက လုပ်တယ်။ ဝါး (၅၀) ဧက နဲ့အခြား ပျဉ်းကတိုး၊ရေမနေ၊ အသီးအနှံပင်တွေဖြစ်တဲ့ လိမ္မော်သီး၊ကော်ဖီပင် စသည့် တို့ကိုလည်းစိုက်ထားတယ်။ အစိုးရက အစားထိုးနစ်နာကြေးပြန်ပေးတာ ၂ခုရှိတယ်။ နံပါတ် (၁)က လယ် (၄)ဧက ပြန်ပေးတယ်။ သွားလာရတာ ဝေးပြီး ရေမရတော့ ကျမတို့တစ်နှစ်သွားလုပ်ကြည့်တာ စပါး၂ တင်း ထည့်ထားတာ ရိတ်သိမ်းတဲ့အချိန်လည်း ၂ တင်းခွဲဘဲရလာတော့ အလုပ်သမားခနှင့် အချိန်တွေကုန်သွားတာပဲရှိခဲ့တယ်။  နံပါတ်(၂)က ဝါး အစားထိုး ပြန်ပေးတယ်။ ဝါးပင်တစ်အုပ်ကို (ဝါးလုံးအချောင်းဘယ်လောက်ပဲပေါက်ပေါက်) ကျပ် ၃၀၀၀ နှုန်းနဲ့ဈေး ပေးတယ်။

ကျမတို့ ဒီကိုပြောင်းရွေ့လာတုန်းက ဒေသခံတွေနဲ့ ရန်ဖြစ်ခဲ့ရတယ်။ ကျမတို့က ကျမတို့ ပြောင်းချင်လို့ပြောင်းလာကြတာမဟုတ်ဘူး၊ နဂိုကတည်းကိုက စိတ်အနာရောဂါခံစား နေတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရွာကိုထားခဲ့ပြီး နိုင်သလောက်ပစ္စည်းတွေသယ်လာပေမယ့် အများကြီး ကျန်ခဲ့သေးတယ်။ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေလည်းမသယ်ခဲ့ရဘူး။ သူတို့ကရွေ့ပြောင်းရမယ့် ရက်ကို အကန့်အသတ်လုပ်ထားပေးတော့ ရက်အကန့်အသတ်အတွင်းကျမတို့က ခက်ခက်ခဲခဲနဲ့ရွေ့ပြောင်း လာရတယ်။ ကျမတို့ကိုပြောင်းရွေ့ထားပေးသည့်နေရာက ဒေသခံတွေရဲ့နေရာဘဲဖြစ်တော့ သူတို့က ဘာနစ်နာ ကြေး၊ လျော်ကြေးလည်းမပေးထားသည့်နေရာမှာ အကွက်ချပြီးကျမတို့ကို ပြောင်းခိုင်းထားတော့ ဒီဒေသခံတွေက ကျမတို့ကို မကြည်ဘူး၊ “နင်တို့တွေ သူများရွာ၊နေရာကိုပြောင်းလာပြီး ဒီအတိုင်းလာနေတယ်။ နစ်နာကြေးလည်း နင်တို့ပြောင်းလာပြီးကျွနိုပ်တို့မရဘူး၊ နင်တို့က ကျွနိုပ်တို့နေရာကောင်းတွေကို ဒီအတိုင်း လာနေကြတယ်၊နင်တို့ပြောင်းလာလို့ ကျွနိုပ်တို့အရမ်းခက်ခဲတယ်”ဆိုပြီးသူတို့ပြောတယ်။ ဒါပေမယ့် ကျမတို့ ကလည်းသူတို့ကို ပြောပြတယ်။ “ကျမတို့ပြောင်းလာချင်လို့ ပြောင်းတာမဟုတ်ဘူး၊ ကျမတို့လည်း မပြောင်းချင်ဘူး၊ သို့ပေမယ့်အစိုးရတွေက ပြောင်းရမယ့်ဆိုလို ကျမတို့က မနာခံရင်လည်းမရဘူးဆိုတော့ ကျမတို့လည်းမပြောင်းချင်ဘဲပြောင်းလာရတာဖြစ်တယ်” ဆိုပြီးပြန်ပြောပေါ့။ ၆လ၊ရလ လောက် အချင်းချင်းစကားမပြောကြဘူး။ ဒေသခံတွေရဲ့မြေတွေကိုလည်း ဘက်ဖိုးတွေနဲ့ ကျမတို့နေဖို့ အကုန် တူးပေးလိုက်တော့ ဒေသခံသူတို့ကိုယ်တိုင်တွေထဲကလည်း အမျိုးသမီးတွေ ရူးသွားတာလဲရှိတယ်။

သူတို့ပေးထားတာက ပေ ၁၀၀ ပတ်လည်ဝန်း၊ ခြေတံခြေအိမ် သစ်နဲ့ဆောက်ထားပြီးအဖီချပေးတယ်။ ဧည့်ခန်း ၁ ခန်း၊ အခန်းက ၂ ခန်းပါပေမယ့် ကျမတို့ ကချင်တွေက မိသားစုများတော့မိသားစုများတဲ့သူတွေအတွက်က အဆင်မပြေဘူး။ အိမ်တာပါတယ်။

ပြောင်းရွေ့လာပြီးနောက်ပိုင်း တော်တော်လဲခံစားခဲ့ရတယ်။ ဘာကြောင့်လဲဆိုရင် ကျမတို့က မိုးတွင်းမှာ ပြောင်းရွေ့ရတယ်။ ဒီကိုပြောင်းလာတော့ ကျမတို့က ကြက်၊ဝက် တွေနဲ့ပြောင်းလာတယ်။ ကျမတို့မိသားစုက ကျွဲအကောင်ရေ ၂၀ (အမ ၁၆ ကောင်ရှိပြီးနှစ်တိုင်းကျွဲကလေးမွေးတယ်) ကျော်ရှိပေမယ့် တစ်ကောင်မှ မဆွဲလာနိုင်ဘူး။ ကျမတို့ အချိန်ယူပြီးခွင့်တောင်းကာ ကျွဲတွေကို ဆွဲခေါ်လာခဲ့ပေမယ့် သူတို့ စားမယ့် စားကျက်မရှိတော့ သူတို့အားလုံး Dawng Pan ရွာကိုဘဲ ပြန်ပြီးပြေးသွားကြတယ်။ နောက်တော့ လုံခြုံရေးယူတဲ့ဂိတ်တွေရှိလာပြီးကျမတို့ ရွာကိုပြန်ဝင်ဖို့ခွင့်မပေးတော့ဘူး။မဝင်ခိုင်းတော့ဘူး။ ခါတိုင်းကလေးတွေကျောင်းထားမယ့်ဆိုရင် ဒီကျွဲတွေကိုရောင်းစားတယ်၊ ဝါးခုတ်ရောင်းတယ်။ ကျမတို့က  ဝါးကို ဧက(၅၀) လောက်စိုက်ထားတယ်။ မြေကြီးမြေဩဇာကောင်းတဲ့အတွက်ဝါးတစ်ဖောင်မှာ အလုံး ၁၀၀၊၂၀၀ ပေါက်တယ်။ ဒါပေမယ့်ကျမတို့ဒီပြောင်းလာနောက် ဝါးခုတ်ရောင်းဖို့လည်း မရှိတော့ဘူး။ ကလေးတွေအတွက် မိန်းမတောင်းပေးဖို့ လုပ်တော့မယ်ဆိုရင်လည်းကျွဲတွေက မရှိတော့ဘူး။ ကလေးတွေက “ကျနော်တို့ ကျွဲတွေဒီလောက်များတာ အမေတို့ဘဲရောင်းစားလိုက်တာလား” ဆိုပြီး စိတ်ပိုင်းဆိုင်ရာမှာ အချင်းချင်းမယုံကြည်မှုတွေရှိလာတယ်။ ကျမတို့မိသားစု လည်ပတ်ဖို့အရမ်းခက်ခဲခဲ့တယ်။

ကျမတို့အိမ်ဘေးနားက တရုတ်မိသားစု ခေါက်ဆွဲရောင်းဖို့ အခုပြောင်းရွေ့ထားတဲ့ အိမ်ခြံထောင့်မှာ လာနေကြ တယ်။ အစက သုံးလနေမယ့်ဆိုပြီး နှစ်ချီကြာသွားတယ်။ သူတို့က ကျမတို့ မိသားစုခက်ခဲနေတာ မြင်သွားတယ်၊ ရေချိုးခန်းသွားရင်လည်း ဆပ်ပြာမတွေ့ရ၊ မီးဖိုချောင်မှာ ဆိုရင်လည်း မီးဖိုချောင်မှာရှိသင့်တဲ့ ပစ္စည်းတွေမတွေ့ရ၊ ရေလည်းလာနေပြီ ဒါပေမယ့် ရေပိုက်ဝယ်ဖို့က ပိုက်ဆံမရှိ။

ကျမက ဆရာကတော်လည်းဖြစ်တော့သူများတွေက “ဆရာကတော် ခြေ၊ လက်ဆေးမယ်နော ဆိုတော့ ကျမ က ရတယ် ဆေးကြပါလို့ပြောတော့ သူတို့ကပြန်မေးတယ်။ ဆရာ ကတော် ဆပ်ပြာဘယ်မှာလဲ မေးတော့ ကျမက ဆပ်ပြာတော့မရှိတော့ဘူးလို့ ပြောတော့ သူတို့က ဒါဆိုရင် ခေါင်းလျော်ရည်ရှိလားတဲ့ ကျမ က ခေါင်းလျော်ရည်လည်းမရှိဘူးလိုပြောလိုက်တယ်။ နောက်တော့ သူတို့က သူများဆီမှာ အတင်းသွားအုပ်တယ်၊ ဆရာတို့အိမ်ဆိုပြီးအဲ့လောက်ဆင်းရင်တာ ဘယ်လိုလုပ်သူများရှေ့မှာ ပုံသက်သေကောင်းဖြစ်မလဲ၊ ဘယ်လိုပုံသက်သေကောင်းပြမလဲ၊ သင်းအုပ်ဆရာတို့မိသားစုက ဆပ်ပြာတောင်းလိမ်းဖို့မရှိဘူး” ဆိုပြီး အတင်းတုတ်တာတွေလည်းခံရတယ်။ ပြောပြချင်တာက စိတ်ဒုက္ခ၊ စိတ််အနာ က အများကြီးခံစားရတယ်။ အသင်းတော်က ဝတ်ပြုဆုတောင်းလည်းလက်ခံဖို့မတတ်နိုင်ဘူးဖြစ်လာတယ်။ သုံးရက် ရပ်ကွက် ဆုတောင်းလည်း ကျမလက်ခံဖို့မတတ်နိုင်ဘူးဖြစ်တယ်။ တစ်ညနေတော့ ကျမ ဆုတောင်း အရမ်းလက်ခံချင်တော့ နေ့စားသွားပြီး ရတဲ့ပိုက်ဆံကို ကြက်ဥအကုန်ဝယ်လိုက်ပြီး ပြုတ်ကျွေးမွေးကာ ဆုတောင်းလက်ခံခဲ့တာလည်းရှိခဲ့တယ်။ စိတ်အနာဖြစ်စရာက အရမ်းများတယ်။ ကလေးတွေကို နောက်နေ့ဘာဝယ်ကျွေးရမလဲ၊ကလေးတွေဖိနပ်ပြတ်သွားရင်ကျမဘာနဲ့ဝယ်ပေးရလဲဆိုပြီးအရမ်းခက်ခဲ့တယ်။ ကလေးတွေက ဟင်းမကောင်းပြီးညှီးရင်လည်းကိုယ့်တတ်နိုင်တာက ဒါဘဲဆိုတော့ ဒီပြောင်းရွေ့မှုကြောင့် မိသားစုမှာ ကလေးတွေနဲ့ မိဘ ကြားက နားလည်မှုကို ထိခိုက်ပြောင်းလဲစေတယ်။ ကလေးတွေကလည်း ရှိတာမပေးသလိုထင်၊ ကျမ ကလည်းတစ်ခါတစ်လေ ဝမ်းနည်းတယ်၊ ကျမတို့အဲ့လောက် ကြိုးစားရင်လည်း အဆင်မပြေ၊ ကလေးတွေကိုလည်း လုံ‌လောက်အောင်မပံ့ပိုးနိုင်ဆိုတော့ ကျမတို့တွေရဲ့ဖိနပ်ဝယ်ဖို့၊ အထဲဘောင်းဘီ ဝယ်ဖို့ တောင့်အနိုင်နိုင်ဆိုတော့စိတ်ထိခိုက်တယ်။

ကျမရင်တွင်းခံစားတာ တစ်ခုက တစ်ခါ ကျမ ကလေးပိုးပြီးအိမ်ကိုဆုတောင်းပါဝင်ဖို့ဆင်းသွားတယ်။  ကျမဦးကြီး(အဖေရဲ့အကို)ရဲ့သတိရခွန်အားယူဆုတောင်းအစီအစဉ်မှာပါဖို့ အိမ်သားတွေက လှလှပပဝတ်စား ထားကြတယ်။ သူတို့က ကျမကို “TingWang နင် အကျီသွားလဲတော့ ဆုတောင်းချိန်ရောက်ပြီးဆိုပြီးပြောတော့ ကျမ က အဒေါ် ကျမလဲပြီးပြီ” လို့ပြန်ပြောလိုက်တယ်။ ကျမဝတ်ထားတဲ့အကျီက ကျမအတွက် တော့ အရမ်းလှပြီ၊တန်ဖိုးလည်းရှိပြီဆိုပြီးဝတ်ထားတယ်။ ဒါပေမယ့် သူတို့ မြင်တာက ညစ်ညစ်ပတ်ပတ်စုတ်စုတ် ပျက်ပျက်ဖြစ်နေတယ် ထင်တယ်။ အကီျလဲဖို့ဘဲပြောနေတော့ ကျမအတွက် က ဒါအကောင်းဆုံး ဟုတ်တယ်။နောက်ထပ်လဲစရာလည်း မရှိတော့ဘူး။ ကျမကို ဆိုးဆုံးမတာတွေ၊ ပြောကျွေးတာတွေ၊ အထင်အမြင်သေး တာတွေလည်းခံခဲ့ရတယ်။ ပြောပြချင်တာက ပြောင်းရွေ့ရပြီးခက်ခဲသွားသည့်အတွက် စိတ်ပိုင်းအနာထိခိုက်ရတာတွေကြုံတွေ့ခဲ့ရတယ်။

ရုပ်ပိုင်းဆိုင်ရာက တော့ ကျမတို့ အမျိုးသမီးတွေက မီးယပ်အနာရောဂါပေါ့။ ကျမက လယ်လုပ်ဖို့လည်းမရှိ၊ သူများတွေ့လို မြစ်ကမ်းဘေးနေထိုင်ပေမယ့်ရွှေလည်းမတူးတတ်တော့ ကျမက တောင်ယာလုပ်တယ်၊ တောင်ယာလုပ်တဲ့အချိန် တစ်နေ့ အလုပ်လာလုပ်တဲ့အမျိုးသားတွေအများကြီးရှိတဲ့အချိန် ဓမ္မတာ လာချိန်နဲ့တိုးပြီး တဲထဲဝင်ထိုင်ဖို့က အဆင်မပြေ၊ ဘွတ်ဖိနပ်လည်းမရှိတော့မစီး၊မြေကြီးစိုစိုမှာ ဒီလိုဘဲ အလုပ်လုပ်ပြီးနေဖြစ်လိုက်တယ်။ ပြီးမှ ရပ်နေရင် ဓမ္မတာလာတာ မြင်နေရတော့ တစ်ညနေလုံး ချောင်းထဲသွားပြီး ရေထဲစိမ့်နေလိုက်တယ်။ ညနေပိုင်းသူတို့ပြန်သွားမှ တဲထဲဝင်လာဖြစ်တယ်။ လူက မခံနိုင်တော့ အရမ်းတုန်းပြီးချမ်းဖျားဖျားကာ မေ့မျောသွားခဲ့တယ်။ နောက်မှ ကျမ ယောက်ျားတို့ မီးမွေးအပူပေးပြီး အိမ်ကို သယ်ခေါ်လာကြတယ်။ ၂ လလောက် ကြာသွားတယ်။ ပြောပြချင်တာက အရင်ရွာမှာတုန်းက ဒီလိုမျိုးအချိန်ဆိုရင် လုံလုံခြုံခြုံနေလိုက်လို့ရတယ်။ ဒါပေမယ့် ဒီပြောင်းလာတော့ အရမ်းဝေးတဲ့နေရာမှာ တောင်ယာလုပ်ကိုင်စားသောက်ရတော့ ဒီလိုမျိုးအဖြစ်လည်း ကြုံခဲ့ရတယ်။

ကျမတို့ရွေ့ပြောင်းလာသည့်ဒီနေရာမှာက သုံးရေက ရတဲ့သူတွေရတယ်။ မရတဲ့သူတွေမရဘူး။ ဘာဖြစ်လို့ရလဲဆိုရင် ရေနဲ့နီးတဲ့သူတွေရပြီး ဝေးတဲ့သူတွေက ရေနည်းနည်းမှမရဘူးဖြစ်သွားတယ်။ မရတဲ့သူတွေက မလိခမြစ်ရေကိုခပ်သောက်ကြရတယ်။ ကျမတို့အမျိုးသမီးတွေဒုက္ခရောက်ရတာက မီးဖိုချောင်မှာ ရေ ရဖို့ မြစ်ရေ အဝေးကြီးရှိသည့်နေရာကိုသွားပြီးရေခပ်ရတယ်။ ကိုယ်မခပ်နိုင်ရင် ကလေးတွေကို ခပ်ခိုင်းရတယ်။ တစ်ချို့က ကော်ပုံးအဝါတွေကိုင်ပြီး ရေရတဲ့အိမ်တွေမှာ ဆိုင်ကယ်ပေါ်ချီပြီးသွားခပ်ယူပြီးချက်ပြုတ်စားရတယ်။ ဒါကြောင့်ရေများများသုံးလို့မရဘူး။ တစ်ကိုယ်ရေသန့်ရှင်းရေးအပိုင်း အနေနဲ့ ကလေးတွေကို ဆေးကြောသန့်စင်ဖို့အဆင်မပြေဘူး။ ကလေးတွေသာမက ကျမတို့အမျိုးသမီးတွေလည်းအဆင်မပြေဘူး၊ အဆုံးစွန် အိမ်တာမှာထည့်ဖို့ရေ အဆင်မပြေတော့ဝမ်းပြဿနာကသူ့အလိုလိုဖြစ်လာတယ်။ ဒါကြောင့်ကျမတို့အမျိုးသမီးတွေက ဒီပြဿနာတွေကို အများကြီးတွေ့ကြုံခံစားရတယ်။ အမျိုးသမီး ဓမ္မတာလာတာတို့ဆိုရင်လည်း မြစ်ရေထဲအကြာကြီးစိမ်နေဖို့ကအဆင်မပြေ၊သွားများရေတွင်းမှာသွားဖို့ကလည်းအဆင်မပြေ ဆိုတော့ ကျမတို့ပြောင်းလာကတည်းက အခုချိန်ထိဒီပြဿနာကြုံရတာ ကြာပြီ။

သောက်ရေက ဝယ်သောက်ရတယ်။ သုံးရေက သွယ်ပေးတဲ့ရေဖြစ်ပြီးရေကိုမရောက်တော့ဒီအခက်အခဲတွေကြုံရတယ်။ ရေတွင်းလည်းတူးပေမယ့် မအောင်တော့ ရေမရဘူး။ ဒီရွာက မြစ်ဆိပ်ရဲ့ကမ်းပါးပေါ်မှာတည်ထားတော့ ရေတွင်းတူးလည်း မအောင်မြင်ဘူး။ ရပ်ကျေးအဖွဲ့နှင့် နောက်တစ်ဖွဲ့လာတူးပေးတယ်။ ရေတွင်း၁ခုတော့ အောင်မြင်လို့ အားလုံးခပ်သောက်ကြရတယ်။ ရေခက်ခဲလို့ တစ်ချို့အိမ်က ဆုတောင်းလည်းလက်မခံဘူးဖြစ်သွားတယ်။ တတ်နိုင်တဲ့သူတွေက မြို့ကအစားအစာနဲ့လက်ခံကြတယ်။ အခုလက်ရှိအထိရေပြဿနာကကြုံနေရတုန်းပါ။ ရေ မရဖြစ်လာမှာကြောက်လို့ ကျမတို့အမျိုးသမီးတွေက ဟိုတစ်လောက သစ်ပင်ခုတ်တာတွေ၊ မလိခမြစ်တစ်လျောက်စက်ယန္တရားတွေနဲ့ ရွှေတူးတာတွေ၊ကျမတို့ ရေဝေ၊ ရေပေးတဲ့နေရာတွေမှာ ကျမတို့အမျိုးသမီးတွေ ကျမတို့အဖွဲ့ကနေ signboard တွေလိုက်ကပ်တယ်။ ရေကြောင့်ဒုက္ခရောက်ရင် ကျမတို့အမျိုးသမီးတွေအရင်ရောက်တော့ အမျိုးသားတွေသူတို့ မလုပ်လဲ ကျမတို့လုပ်ဖြစ်အောင်လုပ်တယ်။

အစားအသောက်နဲ့ ပတ်သက်ရင် လောလောဆယ် ရပ်ရွာ CF ဆိုပြီးဖွဲ့ကာ ကျမတို့ကို CF မှာ စပါးစိုက်ရိတ်သိမ်းစားခွင့်ပေးထားတယ်။ ကျမတို့ ၅ နှစ်လောက်စပါးရိတ်သိမ်းစားရပြီ။ ဒါပေမယ့် အခုက စပါးမစိုက်စားကြတော့ဘူး၊ ရွှေတူးကြတယ်။ ရွာမှာလူတောင့်သိပ်မရှိတော့ဘူး။ ဘက်ဖိုးတွေနဲ့ ကုပ်ထားတဲ့ နေရာတွေမှာ ကျမတို့အမျိုးသမီးတွေ၊ကလေးတွေကအစ ရွှေကျင်ဖလား(hkailau) ကိုင်ပြီး ရွှေလိုက်စုကြတယ်။ ကျမတို့နေရာက တောင်တန်းဒေသ ဖြစ်လို့ထင်တယ်၊ တစ်ချို့နေရာတွေက ကျောက်ခဲတွေပေါလို့အသီးအနှံစိုက်စားအဆင်မပြေပေမယ့် တစ်ချို့နေရာတွေက မြေကြီးတွေ ထပ်ထည့်ပြီးအဆင်ပြေအောင်လုပ်ယူပြီး စိုက်စားကြတယ်။ တော်တော်များများက စိုက်စားလို့မရဘူး။ မြို့ပေါ်က ဈေးသည် တွေဈေးလာရောင်းတာကို အားလုံးက လမ်းကစောင့်ပြီး ဝယ်စားရတဲ့ အခြေအနေ ဖြစ်တယ်။ တစ်ချို့ကစိုက်စားလို့ရပေမယ့် ရွှေတူးဘက်ဘဲ အားသန် သွားတော့ ရလာတဲ့ ပိုက်ဆံနဲ့ ဝယ်စားကြ တယ်။

အစိုးရကနေဆေးပေးခန့်တစ်ခုဖွင့်ထားပေးတယ်။ ဆောက်တာက တရုတ်တွေဆောက်ပေးတယ်။ အစိုးရကဖွင့်ထားပေးတယ့်ဆိုပေမယ့် ဆေးထိုးတိုင်းတော့ကျသင့်သလောက်ကိုယ်တိုင်ရှင်းပေးရတယ်။ နာစ့်ဆရာမတစ်ယောက်ရှိတယ်။

ရေ ကြောင်းဒုက္ခရောက်တာ ဆက်ပြောရရင် ကျမတို့ နေမကောင်းဖြစ်ရင် ကျမတို့က ဒီဝိုင်းမော်ဖက် ခြမ်းဖြစ်သည့်အတွက် အရေးပေါ်ဖြစ်လာပြီဆိုရင်စက်လှေနဲ့ကမ်းကူးရသည့်အတွက် မြစ်ရေကြီးပြီဆိုရင်ရေက ကဘားပေါ် ရောက်လာတော့ဟိုဘက်ကမ်းကူးဖို့လည်းကြောက်ရ လူက အသက်ထွက်မယ့်အခြေအနေ စသည့် ဒီလိုမျိုးအခြေအနေတွေလည်းအများကြီးကြုံရတယ်။ ဒီမလိယန်မှာ အလယ်တန်းမဖွင့်သေးတော့ ကျမတို့ အောင်မြင်သာဘက်ခြမ်းကို ကျောင်းသွားတက်ရတယ်။ မနက်၊ညနေ သွားသွားလာလာရှိတော့ ဒီစက်လှေစီးရင် ကလေးတွေက အဆော့မက်တော့ မိဘတွေက စိတ်ပူရပြန်တယ်။ ကျောင်းက ပြန်လာရင်ဆော့၊တစ်ခါတစ်လေ ကျောင်းသွားနောက်ကြရင် စက်လှေမမှီလိုက်တော့ တစ်နေ့ကုန် ဆော့ထားပြီး အိမ်ပြန်လာရင် ကျောင်းကပြန်လာတဲ့အတိုင်းပြန်လာတာတွေလည်းရှိတယ်။ ဒီဘက်ကမ်းကိုကူးလာဖို့ကလည်းမလွယ်ဘူး။ ဆိုင်ကယ်တစ်စီး ၃၀၀၀ ကျပ်၊လူတစ်ယောက် ၂၀၀၀ ကျပ်နဲ့ အနည်းဆုံး၅၀၀၀ ကျပ် အသွားအပြန်ဆိုရင် ၁၀၀၀၀ ကျပ်ကုန်တယ်။

ရွာမှာ အဖြစ်များတဲ့ရောဂါက ယာနာ၊ ဝမ်းပျက်ဝမ်းလျော နဲ့ ချောင်းဆိုးတာတွေများတယ်။ အမျိုးသမီးတွေက တစ်နေကုန်ကုန်ရေစိမ်ပြီးရွှေးတူးတော့ မီးယပ်ဖြစ်တာများတာတွေ့ရတယ်။ အခုအချိန်က ဌက်ဖျားရောဂါဖြစ်ကြတယ်။

လုံခြုံမှုပိုင်းက မရှိဘူး။ ဒီစစ်အုပ်ချုပ်မှုအောက်မှာ စုဆောင်းရေးဆိုပြီးရောက်လာပြီး ခေါ်သွားကာ စစ်မှုထမ်းရမည့်နေရာကိုမရောက်ဘဲ  အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် (မုဒိမ်းကျင့်)တာတွေ ၁မှု၊၂မှုရှိတယ်။အသက်အရွယ်က ၂၀ အောက်နဲ့၂၂အောက်မှာရှိတယ်။ လုပ်တဲ့သူက ဟိုဘက်အဖွဲ့ကလည်းမဟုတ်၊ဒီဘက်အဖွဲ့ကလည်းမဟုတ် ဟိုလိုဒီလိုလို ကြားအမည်ခံပြီး လုပ်တဲ့သူဖြစ်တယ်။မနှစ်က ကျမတို့ရွာက အမျိုးသမီးငယ် (နာမည်ပြောပြပေမယ့် မရေးထားပါ) တစ်ဦး ကို ကျူးလွန်ခဲ့သည့်အဖြစ်အပျက်ဖြစ်ခဲ့တယ်။ ကေအိုင်အေက ဒီသတင်းကိုကြားပြီး ကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးကာ အပြစ်ပေးမှုတွေလုပ်ခဲ့တယ်။ KWA အမျိုးသမီးအဖွဲ့နှင့် ကေအိုင်အိုရုံးအုပ်ချုပ်ရေးပိုင်း ပူးပေါင်းပြီးဖြေရှင်းခဲ့တာ ရှိတယ်။

ကျမတို့ အတိုင်းအတာနဲ့ဆိုရင် လုံခြုံမှုရှိသလိုနဲ့နည်းတယ်။ အခုလည်း ကျမတို့ရွာကဘဲ အမျိုးသမီးတစ်ဦး ကျားဖြန့်လက်ချက်မိတယ်။ အမျိုးသမီးအချင်းချင်းခေါ်ခိုင်းပြီး မိဘတွေကို သိန်း(၂၀၀) ကိုင်ပြီးလာခဲ့ပါ ဆိုပြီးခေါ်တယ်။ မပေးနိုင်ရင် ဓာတ်တို့မယ်ပေါ့။ ဒီအမှုကိုလည်းကျမတို့အဖွဲ့တွေ လိုက်ပေးဖြစ်တယ်။ သူတို့(ပွဲစား)ပြောတာက “အမျိုးသမီးသူကိုယ့်တိုင် အိမ်ထောင်ပြုပေးရမယ်၊ မပြုနိုင်ရင် ငွေပေးရမယ်။ မပေးနိုင်ရင်တစ်ခြားအမျိုးသမီးတွေကိုခေါ်ခိုင်းပေးရမယ်၊မခေါ်နိုင်ရင် ဓာတ်တို့ပေးတယ်”လိုပြောတယ်။

မနေ့တစ်နေ့ည ကလည်း ကျမတို့အမျိုးသမီးအဖွဲ့တွေထဲကပဲလိုင်းကနေပြောလာတာရှိတယ်။ “မှန်ပြတောင်က ရပ်ကွက်မှူး က သူ့ရဲ့သူမ ဈေးဝယ်မယ့်ဆိုပြီးခေါ်သွားကာ ဟိုတယ်မှာလိင်ပိုင်းဆိုင်ရာအကြမ်းဖက် (မုဒိမ်းမှုကျူးလွန်)ခဲ့တယ်။ကလေးက ဘာမှမသိဦးလေးဆိုပြီးလိုက်ခဲ့တာ။၁၁ တန်းတက်မယ့်ကလေး”လို့ပြောတယ်။

ကျမတို့အရင်ရွာတုန်းက စည်းလုံးတယ်။ သိပ်အဆင်မပြေသည့်အိမ်မှာ တစ်ခုခုလုပ်မယ်ဆိုရင် အားလုံးပေါင်းပြီးတာဝန်ခွဲဝေယူကာ ကုန်ကျစရာတွေကိုလည်းစုပေါင်းအကုန်အကျခံကြတယ်။ သို့ပေမယ့် ဒီရွာကိုပြောင်းလာရသည့်နောက်ပိုင်း ဒီလိုလုပ်ပေးဖို့ ကျမတို့မှာ အခံမရှိတော့ ကုန်ကျစရာရှိလာရင် ဒီမိသားစုအိမ်ရှင်တွေကဘဲအဓိက အားလုံးတာဝန်ယူရသလိုဖြစ်သွားတယ်။ ဥပမာ အမျိုးသမီးတစ်ဦးကို လက်ထပ်ဖို့၊ အမျိုးသားတစ်ဦးမင်္ဂလာဆောင် လက်ထပ်ယူဖို့ဆိုရင် အစွမ်းကုန် ကြိုးစားရသလို ဖြစ်တယ်။ မင်္ဂလာဆောင်ဖို့ တင်တောင်းငွေမတတ်ဘူးဆိုရင် အိမ်ထောင်ပြုဖို့ကလည်း အဆင်မပြေလာတော့ဘူး။ အဆင်မပြေဖြစ်တော့ စိတ်ညစ်၊စိတ်ညစ်တော့ မူးယစ်ဆေးဝါးသုံးတဲ့ ဘက် ရောက်သွားကြ တယ်။ မိဘလည်းကြိုးစားပြီးအဆင်မပြေ၊ သူ့ကိုယ်တိုင်လည်း ကြိုးစားသည့်ကြားက အဆင်မပြေဖြစ်တော့ စိတ်မပျော်ရင် သူ့နဲ့သူ့ ရောက်သွားတာတွေရှိတယ်။

အမျိုးသမီးတွေဆိုလည်းရိုးရာဓလေ့တွေကို မသိလာတဲ့သူတွေများလာတယ်။ ရိုးရာဓလေ့ပွဲတွေဆိုရင်လည်း သူတို့နှင့်မဆိုင်သလိုတွေ့ရတယ်။ အဝတ်အစားဝတ်တာကအစ အခုခေတ် ခေတ်အလိုက်ဘဲ ဝတ်စား လာကြတယ်၊ကိုယ့်ရဲ့ရိုးရာဝတ်စုံတွေကိုအဝတ်နည်းလာကြတယ်။ အရင်တုန်းကဆိုရင် ရိုးရာဝတ်စုံလေးတွေနဲ့ ဝတ်ဆင်တာရှိသလို၊  ရိုးရာထမိန်လေးနဲ့ အကျီ အဖြူလေး တွဲပြီး သပ်သပ်ရပ်ရပ်လေးဝတ်ဆင်ကြတယ်။ ဒီပြောင်းလာပြီးနောက်ပိုင်း အခြားဦးစားပေးရမည့် အရာတွေ များလာတော့ ရိုးရာဝတ်စုံတွေမဆို ၊ချည်နဲ့ယက်တဲ့ကျမတို့ရဲ့ဝတ်စုံတွေက ဈေးကြီးနေတော့ မဝယ်ဝတ်နိုင်တော့ဘူး။ ဒီလိုမျိုးပြောင်းလဲလာတာ တွေ တွေ့လာရတယ်။

အရင်တုန်းက ရိုးရာဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာက အမျိုးသမီးတွေကိုမပါဝင်ခိုင်းဘူး။ဒါပေမယ့် ကျမတို့လည်းအမျိုးသမီး၊အမျိုးသားအမြင်မတူဘူး၊အားလုံးပေါင်းလုပ်မှပြည့်စုံတာဖြစ်သည့်အတွက်ကျမတို့အမျိုးသမီးတွေကိုလည်းအုပ်ချုပ်ရေးပိုင်း၊ရိုးရာဆုံးဖြတ်ချက်ချတဲ့အပိုင်း၊ရပ်ရွာမှာပါမက အသင်းတော်မှာ ဘဲဖြစ်ဖြစ် ကျမတို့ကိုရောပြီးပါဝင်ခွင့်ပေးရင် ပြည့်စုံတဲ့ဘက်ရောက်မယ်ဆိုပြီး ပြောဖန်များလာတော့ အခုဆိုရင် ကျမတို့ကို အမျိုးသမီး၊အမျိုးသားလက်ထပ်ထိမ်းမြှားဖို့ တင်တောင်းတာတို့၊ ရိုးရာဓလေ့ ဆုံးဖြတ်ချက် ချတဲ့နေရာတွေမှာကျမတို့အမျိုးသမီးတွေကိုအနည်းငယ်ပါဝင်ခွင့်ပေးလာကြတယ်။ ရိုးရာ ဓလေ့ပစ္စည်းဝယ်စရာရှိရင်လည်း အမျိုးသမီးတွေဝယ်တတ်တယ်ဆိုပြီးတာဝန်ပေးတတ်လာပြီ။ ရပ်ရွာ အတွက် ဆုံးဖြတ်ချက်ချသည့် နေရာတွေမှာလည်း ကျမတို့အမျိုးသမီးတွေကို အရှေ့ပိုင်းတုန်းက ယုံကြည်မှုမရှိကြဘူး။ ဒါပေမယ့် ကျမတို့အမျိုးသမီးတွေရဲ့ကြိုးစားမှု ၊တစ်ချို့ရပ်ရွာကိစ္စတွေမှာ သူတို့ရပ်မိရပ်ဖတွေ မဖြေရှင်းနိုင်သည့် ပြဿနာတွေမှာ အမျိုးသမီးထုတွေရဲ့ ကြိုးစားအားထုတ်ပါဝင်ပြောဆိုမှု အားကောင်းလာတာကြောင့် ကျမတို့အမျိုးသမီးတွေကိုဆုံးဖြတ်ချက်ချသည့်နေရာတွေမှာ ပါဝင်လာဖို့ ဖိတ်ခေါ်တာတွေ ရှိလာတယ်။

ကျမကိုယ်တိုင်လည်းအချက်အလက်တွေ စုစည်းပြီးမားမားမတ်မတ်ရပ်တည် ပါဝင် ပြောဆိုခဲ့တာကြောင့်အသိအမှတ်ပြုမှုတွေရလာတယ်။ မသိရင်လည်း တုန်တုန်နဲ့ လူအများရှေ့မှာ ပြောဆိုနိုင်တာ တွေရှိလာတော့ ထွေအုပ်ရုံးက သူတွေလည်းနားလည်လာပြီး လက်ခံလာတယ်။ ရပ်ရွာမှာအခုက အမျိုးသမီးတွေက အရင်တုန်းကနဲ့မတူတော့ဘူး။ “မဟုတ်မမှန်ဖြစ်လာရင်တော့ မားမားမတ်မတ်ရပ်တည် ပြောဆို လာနိုင် ကြပြီး”ဆိုပြီး အခုပြောရေးဆိုရေးနေရာမှာ အမျိုးသမီးသမီးကို အသိအမှတ်ပြု ထည့်သွင်းလာကြတယ်။ လွန်ခဲ့သည့်ရက်တွေကလည်း ရပ်ရွာအုပ်ချုပ်ရေးမှူး ရွေးဖို့လုပ်သည့် အချိန်မှာလည်း ကျမတို့အမျိုးသမီးတွေကို တိုင်ပင်တာတွေ၊မပျက်မကွက်ပါဝင်ဖို့ ကော်မတီအဖွဲ့ဝင်တွေ ကိုယ်တိုင် အားပေးတာတွေ လုပ်လာတာ တွေရှိလာတယ်။ အသိအမှတ်ပြုမှုတွေ ရရှိလာတယ်။ ထွေအုပ်ရုံးမှာရှိသည့် မြန်မာ့အမျိုးသမီးအဖွဲ့က အမျိုးသမီးတွေနှင့် ချိတ်ဆက်ကာ ရင်းနှီးမှုတည်ဆောက်ယူ၊ အကြံဥာဏ်တောင်းတာတွေလုပ်ကာ ပူးပေါင်းဖြေရှင်းတာတွေလုပ်ဆောင်လာနိုင်ခဲ့တယ်။

ဒီကိုပြောင်းရွေ့လာပြီးနောက် အစပိုင်းတွေမှာ ကျမတို့ ပြောဆိုတာတွေကို အရေးယူအသိအမှတ်မပြုဘူး။ ဘာဖြစ်လိုလဲဆိုရင် ကျမတို့ကိုယ်တိုင်နဲ့ကျမတို့အဖွဲ့ထဲမှာကိုက စည်းလုံးမှုအားနည်းနေတယ်။ ကျမတို့က ပြောင်းရွေ့လာသည့်အတွက်အခက်အခဲရှိပေမယ့်စည်းလုံးဖို့လိုတယ်ဆိုပြီးပြန်လည်မွမ်းမံပြုပြင်တည်ဆောက်ယူတယ်။ တစ်ချို့သူတွေက ကျမတို့ကိုငယ်နိုင်ဆိုပြီးအထင်မြင်သေးပြောဆိုတာတွေကြုံရတယ်။ ကျမတို့က စုပေါင်းရံပုံငွေမရှိတော့ တစ်ခုခုလုပ်မယ်ဆိုရင် တစ်ယောက်ချင်းစီက သတ်မှတ်ငွေကြေးထည့်ဝင်ကာ အစည်းအဝေးတွေလုပ်၊ အချင်းချင်းအမြင်တွေဖွင့်ယူကြခဲ့ကြရတယ်။ အမြင်ဖွင့်တာတွေမလုပ်ရင်လည်း အချင်းချင်းပြောဆိုဆက်ဆံဖို့အခက်အခဲရှိတယ်။ အားလုံးနားလည်မှုတွေတူညီနေရင် လူအများရှေ့ ပြောဆိုရမယ်ဆိုရင်လည်းပြောဆိုလာနိုင်မယ်။ အခြားအဖွဲ့အစည်းတွေ ကျမတို့အဖွဲ့ကို ဖိတ်ခေါ်ရင် သွားဖို့ စရိတ်တွေမရှိတော့ ကျမတို့က ရံပုံငွေရဖို့ တနိုင်တပိုင် ဟင်းချက်ရောင်းတောတွေလုပ်သည့်ပေါ် အထင်အမြင် သေးတာတွေ ခံခဲ့ရတယ်။ ဒါပေမယ့် ကျမတို့ရည်ရွယ်ချက်က အသိအမြင် ပွင့်လာအောင် ဖြစ်သည့်အတွက် ကြံကြံခိုင် ကျော်ဖြတ်နိုင်ခဲ့တယ်။

“အမျိုသမီးတွေဘယ်လောက်အော်အော်ဘာမှဖြစ်လာမှာမဟုတ်ဘူး” ဆိုပြီးနှိမ့်ချပြောဆိုတာတွေကြုံရတယ်။ အခုကျမတို့ မြေနေရာတွေမှာ ရွှေတူးစားပြီးကုန်လာသည့်အတွက် ကျမတို့အမျိုးသမီးအဖွဲ့တွေက စုပေါင်းပြီး ဝိုင်းဝန်းကာကွယ်ကြတယ်။ ဒီလိုတူးလိုမရဘူး၊မြေတွေပြိုလာရင် ကျမတို့ရွာကကမ်းပါးပေါ်မှာတည်ထားသည့် အလျောက် ပြိုလာနိုင်တယ် ဆိုပြီး ကာကွယ်ပြောဆိုမှုလုပ်ခဲ့တယ်။ ဒါပေမယ့် ရွာထဲက မသိနားမလည်သည့် အမျိုးသားတွေက ကျမတို့ကို စိတ်အနှောက်အယှက်ပေးကြတယ်။ “နင်တို့အမျိုးသမီးတွေ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ၊ ကျနော်တို့ ဘက်ဖိုးနဲ့ကုတ်ပေးမယ်”ဆိုပြီး စိန်ခေါ်တာတွေရှိခဲ့တယ်။ ကျမတို့လည်း ကျမတို့ ရပ်ရွာကိုချစ်သည့်အတွက် ကာကွယ်ပြောဆိုတာတွေလုပ်ပြီးဆိုရင် စိန်ခေါ်မှုက များတယ်။

အပေါ်မှာပြောခဲ့သလိုဘဲကျမတို့ အမျိုးသမီးတွေကို ရပ်ရွာကိစ္စဆုံးဖြတ်ချက်ချသည့်နေရာတွေမှာ အသိအမှတ်ပြုပါဝင်ဖို့ဖိတ်ခေါ်မှုတွေရှိလာတယ်။ မဖြစ်မနေပါဝင်ရမည့်ဆိုပြီးတော့အခုကဖြစ်လာတယ်။

အခက်အခဲပြဿနာကို ဖြေရှင်းကျော်ဖြတ်တဲ့အခါ ကျမတို့အချင်းချင်း အားပေးပံ့ပိုးတာတွေ အများကြီး လုပ်ဖြစ်တယ်။ တစ်ချို့သူတွေကို ကျမကိုပြောတယ် “ဆရာမကို ယုံကြည်တယ်နော၊ဆရာမလုပ်နိုင်မှာပါ။ အခုဒီလိုပြောဆိုတယ်ဆိုတာက ကျမတို့အားလုံးပေါင်းပြီးပြောတာဖြစ်သည့်အတွက် မှားရင်တော့အမှား နည်းမယ်။ ဒါကြောင့် မကြောက်နဲ့ ကျမတို့နောက်မှာ ဆုတောင်းပေးတယ်”ဆိုပြီး ပြောတာတွေ လက်ခံရရှိသလို၊ အချို့က “ဘာမှမဖြစ်ဘူး၊ကောင်းရာကောင်းကြောင်းအတွက် ပြောတာ ဖြစ်သည့်အတွက် စိတ်မပူနဲ့”ဆိုပြီးအားပေးတာတွေလည်းရှိတယ်။ သို့ပေမယ့် တစ်ကယ် ကျမကိုယ်တိုင် တစ်ခါမှမတွေ့ဖူးသည့် လူအများရှေ့မှာပြောမယ်ဆိုရင် ရင်တုန်တာတွေဖြစ်ချင်သလိုဖြစ်တယ်။ နောက်မှ ဒီပြဿနာလွန်သွားပြီးသည့် နောက်တော့ ပျော်သလိုတော့ခံစားရတယ်။ ဒါပေမယ့် ကျမတို့အမျိုးသမီးအဖွဲ့တွေ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုရင် အတွင်းမှာ အစည်းအဝေးက အကြိမ်ပေါင်းများစွာထိုင်ရတယ်။ ပြဿနာတစ်ခု ဆိုရင် ကျမတို့ ၁၃ ကြိမ်တောင့် အစည်းအဝေးထိုင်ခဲ့ရတယ်။ ၁၃ ကြိမ်ထိုင်ပြီးသည့်နောက်မှာမှ ကျမတို့ပြည့်စုံသွားပြီး ကျမတို့ ရပ်ရွာကိစ္စတွေကို တည့်မတ်ယူနိုင်ခဲ့တာတွေရှိခဲ့တယ်။ ဒါကြောင့်ဒီအားပေးပံ့ပိုးသည့်နေရာမှာ အမျိုးသမီးတွေသာမက အချို့ရပ်မိရပ်ဖ အမျိုးသားတွေလည်း ပါဝင်အားပေးတာတွေကြုံရတယ်။ ယုံကြည်ပေးတာတွေကြုံတွေ့ရတယ်။ တစ်ချို့ကတော့ စိတ်မဝင်စားဘူး။ နင်တို့လုပ်ချင်တာလုပ် ဆိုပြီးစိတ်မဝင်စားတာတွေရှိသလို၊ ပြောင်းပြန်နောက်ကွယ်က ဝေဖန်သည့်အဖွဲ့ကလည်းသပ်သပ်ကိုရှိတယ်။

ကျမတို့အဖွဲ့မှာ Wunpawng အမျိုးသမီးလူမျိုးစုံပါဝင်တယ်။ တစ်ခြားလူမျိုးအမျိုးသမီးတွေက ဖိတ်ခေါ်ရင်လာပါဝင်ကြတယ်။ နားမလည်ရင်လည်းဘာသာပြန်ပေးတယ်။

ကျမကို ကျမ မြင်တာက ကျမမှာ အရည်အချင်းမရှိဘူး။ ဒါကြောင့်မြစ်ဆုံဆည် အရေးကြောင့် သပိတ်မှောက်ဿည့်အချိန် သံလွင် ကယားပြည်နယ်မှာ ပေါ်လာတုန်းကလည်း ကချင်ပြည်နယ် ကိုယ်စားပြု အနေနဲ့စကားပြောရသည့်အခါ မှတ်မှတ်ရရ သတိထားမိတာ က ခေါင်းနဖူးရှေ့မှာ ဆံပင်ဖြူ တစ်ပင်ပေါက်တယ်။ ကျမအနေနဲ့ ဖြေရှင်းရမည့်ပြဿနာ စိတ်ညစ်စရာတစ်စုံတစ်ခုပေါ်လာပြီဆိုရင် အမြဲတမ်း နဖူးရှေ့မှာ ဆံပင်ဖြူတစ်ပင်ပေါက်လာတတ်တယ်။ သို့ပေမယ့် ကျမဆုတောင်းတယ်။ “ကျမမှာအရည်အချင်းစွမ်းအားမရှိဘူး၊သို့ပေမယ့်ဘုရားပေးတဲ့အစွမ်းနဲ့ကျမလုပ်မယ်”ဆိုပြီး ကျမအားယူ တယ်။ မှားတာဖြစ်ပါစေ၊မှန်တာဖြစ်ပါစေ၊ ကျမဒီလောက်နဲ့ပြောမယ်ဆိုပြီး စိတ် ဆုံးဖြတ် ထားတာဖြစ်သည့်အတွက် လူအများရှေ့မှာ ကျမပြောနိုင်အောင်ပြောမယ်ပေါ့။ပြောပြီးသွားရင်တော့ အချိန်တိုအတွင်းလိုရင်းရောက်အောင် မပြောနိုင်ခဲ့တာတွေအတွက် မကြေနပ်တာတွေတော့ရှိခဲ့တယ်။ တစ်ခါတစ်လေတော့ ဘာဘဲဖြစ်ဖြစ် ကျမပြောတောတွေကို သူများတွေ တစ်ခွန်းဖြစ်ဖြစ်ကြားသွားမှာဘဲဆို ပြီး ကျမကိုယ့်ကျမ ဖြေသိမ့်ပြီးဝမ်းသာဖြစ်တယ်။ မှားတယ်ဆိုတာလည်း ကိုယ့်ဘဲသိတာ”ဆိုပြီး အားတင်းဖြတ်ကျော်ဖြစ်တယ်။

ကျမအနေနဲ့စိုးရိမ်ပေးတာက အခုက နေရာမြေတွေလည်းကုန်လာပြီး၊ မြစ်၊ချောင်းအင်းအိုင်တွေလည်း ကောင်းတယ်ဆိုတာမရှိတော့ဘူး။ ဆည်ပြန်ဆောက်မယ် ဆိုရင် ကလေးတွေအတွက် နံပါတ် ၁) က နေထိုင်မယ့် နေရာ၊ ၂)က အသုံးပြုမယ့်ပစ္စည်း၊အစားအသောက်တွေအတွက် ကျမက စိုးရိမ်ပေးတယ်။ ဘာကြောင့်လဲဆိုရင် အခုက အစားအသောက်တွေက readymade စားတာတွေများလာတယ်ဆိုတော့ ရောဂါက ကိုယ့်ဆီမှာမြေကြီးမရှိတော့ organic စိုက်စားမှုမရှိတော့ဘူး။ ဆိုင်ကသူများ အသင့်လုပ်ထားတဲ့ အစားအသောက်တွေဘဲဝယ်စားရတော့ အခုအချိန်မှာ သူတို့တွေပညာရေးအရမ်းကြိုးစားထားပေမယ့် အသက်ရှည်နေရမလား?၊ သူတို့ ပညာဘယ်လောက်ဘဲကြိုးစားကြိုးစား သူတို့စားသုံးသည့်အစားအစာ၊ အသုံးအဆောင်တွေက မကောင်းလာနေတော့ဘူးဆိုတော့ ဒီအချက်က ကျမအတော်လေးစိုးရိမ်တယ်။ တတ်ထားတဲ့ပညာတွေလည်း အလကားဖြစ်သွားမှာစိုးရိမ်တယ်။  ဒါကြောင့် ကလေးတွေရဲ့အနာဂတ် ရှေးရေးကိုဖြစ်ခိုင်းစေချင်တာက “ကိုယ့်ကိုကိုယ် အသိစိတ်ဓာတ်ရှိပြီး ဘုရားသခင်က အားလုံးကို ဖန်ဆင်းထားပေးတယ်။ သို့ပေမယ့် ဒီအရာကမကောင်းဘူး၊ဒီအချက်က ကောင်းတဲ့ဆိုပြီး အစားအစာကို ရွေးစား၊ကိုယ့်ရဲ့မြေတွေကိုကာကွယ်တတ်မှ ကိုယ့်ရဲ့အသက်ရှင်သန်ရာ နေထိုင်လုပ်ကိုင် စားသောက်ရာမှာ ပိုပြီးအသိကြွယ်ကောင်းမွန်လာမယ်။”

ကျမတို့နိုင်ငံနေရာအနှံမှာနေထိုင်ကြသည့်အမျိုးသမီးတွေကိုပြောချင်တာက ဒီကျမတို့လို့ အသိပညာ မကြွယ်သေး သည့် နယ်စွန်းနယ်ဖျားတွေမှာ နေထိုင်ကြတဲ့အမျိုးသမီးတွေကို တစ်ချို့ အသိပညာကြွယ်ပြီး နိုင်ငံတကာမှာနေထိုင်ကြသည့်အမျိုးသမီးတွေမှ (local community )ရပ်ရွာ ပတ်ဝန်းကျင်အတွက် ကြိုးစားချင်ပြီး အသိပညာနည်းနေသေးသည့် အရည်အချင်းမပြည့်စုံသေးတာတွေ အများကြီး ရှိသေးသည့်အတွက် ဒီအမျိုးသမီးတွေကို အသိပညာ သာမက လက်တွေ့တွင်လည်း ကရုစိုက်မှု လုပ်ဆောင်ပေးကာ သူတို့အနေနဲ့လက်တွဲခေါ်ပေးရင် ကောင်းမယ်။ တစ်ချို့သူတွေက ၁၀ တန်းအောင်ပြီး ကလေးတွဲလောင်းနဲ့နေနေကြတာတွေရှိတယ်။ တစ်ကယ်တမ်းဆိုရင် သူတို့ကို ကျမတို့တွေ ကောင်းကောင်းပညာပေးပံ့ပိုးပေးသွားနိုင်ခဲ့ရင် ကျမတို့အတွက် အားဖြစ်လာမယ်။ တစ်ချို့က ၁၀ တန်း မအောင်မြင်ပေမယ့် အလယ်တန်းအဆင့်မှာ အရည်အချင်းရှိသည့်သူတွေရှိတယ်။ သူတို့ကို ရပ်ရွာအတွက်၊ သူတို့မိသားစုအတွက်၊သူတို့ကိုယ်တိုင်အတွက် တိုးတက်အောင်ဘယ်လိုလုပ်ဆောင်ပေးမလဲ။ သူတို့တွေကို အသိပညာအမြင်ရှိနှင့်ပြီးသားအမျိုးသမီးတွေက လက်တွဲခေါ်ပံ့ပိုးပေးနိုင်ရင် ကောင်းတယ် (အသိပညာအပိုင်း၊ငွေရေးကြေရေးအပိုင်းတွေ)”လို့မြင်ပါတယ်။ သူတို့တွေရဲ့ အရည်အချင်းမြင့်လာအောင် လုပ်ဆောင်ပေးတာတွေ၊ ချိတ်ဆက်လုပ်ငန်းကိုင်ငန်း လုပ်ဆောင်တာတွေ လုပ်ပေးစေချင်တယ်။

အခုအချိန်က “ကျမတို့နိုင်ငံမှာ နိုင်ငံရေးမကောင်းတာလူတိုင်းအသိဘဲဖြစ်တယ်။ ဒီလိုအချိန်မှာ အားလုံးတိုင်း၊မိသားစုတိုင်းမှာ ကလေး၊လူကြီး၊သက်ကြီးရွယ်အိုတွေအပါ စိတ်ပိုင်းဆိုင်ရာအနာက သူ့နဲ့သူ့ရှိမှဘဲ၊အားလုံးမှာရှိပြီးဖြစ်တယ်။ ခံစားချက်အပြည့်ရှိတယ်။ တစ်ချို့သူတွေက အမြဲတမ်း ကြောက်နေတယ်။ နည်းနည်းလေးအသံမြည်တာနဲ့ကြောက်တယ်။ တစ်ချို့တွေက အခုလောလောဆယ် ငိုနေတာတွေရှိတယ်။ တစ်ချို့ကခက်ခဲလွန်းသွားသည့်အတွက် ရူးသွားတာတွေရှိတယ်။ ဒါကြောင့် မိသားစုတစ်စု နေကောင်းကျန်းမာဖို့ စည်းလုံးညီညွှတ်ဖို့ဆိုရင် နံပါတ် ၁) က ဘုရားသခင်ဖြစ်တယ်။ နံပါတ် ၂)က ကျမတို့ အသိပညာရှိတဲ့သူတွေ ဘယ်သူမဆို (chyechyang sai ni gadai nnga) နည်းလမ်းရှာပြီး မိသားစုတစ်စု အဓိက အခုချိန်ပိုခက်တာက စီးပွားရေးဖြစ်သည့်အတွက် မိသားစုစားဝတ်နေရေးဖူလုံဖို့ စီးပွားရေးနည်းပညာတွေ၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးတာတွေ ရှိမည်ဆိုရင် ဒီမိသားစုတွေက တကွဲတပြားတော့မဖြစ်တော့ဘူး။ပြည့်ပြည့်စုံစုံနဲ့မိသားစုတစ်ခုလိုနေထိုင်နိုင်မယ်လို့” ကျမတော့မြင်မိတယ်။

ပြောင်းလဲစေချင်သည့်အရာက အခုအချိန် အားလုံးက ကိုယ့်ကိုကိုယ်တောင်အနိုင်နိုင် ရပ်တည်နေရသည့် အချိန်မှာ ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုအနည်းငယ် သည်းခံလို့ရသည့်နေရာတွေမှာ သည်းခံ၊ သည်းမခံ နိုင်ဘူး ဆိုရင်လည်း ကိုယ့်ရဲ့စိတ်ကို နားလည်ပေးတာတွေ၊ စိတ်ပိုင်းဆိုင်ရာကို ကိုယ့်ရဲ့ စိတ်တွင်းမှာ ပြောင်းလဲမယ်ဆိုရင် ပြဿနာနည်းမယ်လိုထင်တယ်။

 

Show More

Leave a Reply

Back to top button