ဟုမ္မလင်းမှာတိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်းဒေသ ဟုမ္မလင်းမြို့နယ်အတွင်းမှာ KIA ပူးပေါင်းတပ်နဲ့ SNA တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာကြားမှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး SNA တပ်နဲ့ KIA ဦးဆောင်တဲ့ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ဟုမ္မလင်း PDF နဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

၁၈ ရက်နေ့ကတည်းက ဖြစ်နေတာပါ။ ၁၉ ရက်နေ့မှာတော့ အဲဒီဘက်က စစ်ရှောင်တချို့ ဟုမ္မလင်းကို ရောက်လာကြတယ်။ တိုက်ပွဲက အတော်လေးပြင်းထန်တယ်လို့ ပြောတယ်။ တောင်ဦးဘက်မှာ ဖြစ်နေတာ၊ ဆယ်ဇင်းအစပ်နားကျတယ် လို့ သူက ပြောပါတယ်။

SNA တပ်တွေအခြေချထားတဲ့ တောင်ဦးကျေးရွာဘက်ကို KIA ဦးဆောင်တဲ့ တပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာတာကြောင့် ဇူလိုင် ၁၈ ရက်နေ့ကနေ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟုမ္မလင်းမြို့ကနေ တောင်ဦးဘက်ကို သွားလာတဲ့ ဥတုချောင်း ရေကြောင်းလမ်းကိုလည်း SNA တပ်က ဇူလိုင် ၁၉ ရက်နေ့ကစပြီး ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တောင်ဦး၊ လားရာတီးဘက်က စစ်ရှောင်တွေကတော့ ဟုမ္မလင်းဘက် ရောက်လာကြတယ်။ ရေလမ်းကိုလည်း SNA တွေ ပိတ်ထားတယ်။ ၁၉ ရက်နေ့က ပိတ်တာ အခုထိပဲ။ သူတို့ကတော့ နေ့တိုင်း သွားလာနေပြီး ဆယ်ဇင်းဘက်ကို အင်အားဖြည့်နေတာ လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဟုမ္မလင်းမြို့နယ်ဘက်က တောင်ဦး၊ လားရာတီး၊ တာမယ်ပုတ် စတဲ့ ကျေးရွာတွေနဲ့ ကချင်ဘက်ခြမ်း ဆယ်ဇင်းကျေးရွာက ဒေသခံတွေဟာ ဇူလိုင် ၁၉ ရက်နေ့ကစပြီး ဟုမ္မလင်းမြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်လို့ သိရပါတယ်။

ဆယ်ဇင်း၊ တာမယ်ပုတ်၊ ရွှေကျင်းက လူတွေအကုန်ရှောင်ခဲ့ကြပြီ။ ကျောင်းသားကျောင်းသူတချို့လည်း ဟုမ္မလင်းဘက်ကို ကျောင်းပြောင်းလာကြတယ်။ အခြေအနေက လွယ်လွယ်နဲ့ ပြန်လို့ရမယ်မထင်ဘူး။ KIA ဘက်က ထိုးစစ်ဆင်လာတာ၊ တောင်ဦးဘက်က ရှမ်းနီနယ်မြေဘက် ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

SNA ဘက်ကတော့ ဟုမ္မလင်းမြို့ကနေ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ တောင်ဦးဘက်ကို ရေကြောင်းအသုံးပြုပြီး နေ့တိုင်း စစ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လားရာတီးနဲ့ ပါဟုတ်ကျေးရွာတွေကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့ဖူးပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ SNA တပ်ဖွဲ့တွေဘက်က အင်အားသုံးပြီး ထိုးစစ်ဆင်မှုတွေ မကြာခဏရှိခဲ့သလို နှစ်ဖက်ကြား တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button