ဆိုင်ကယ်မတော်တဆမှုကြောင့် လူ ၂ ဦးသေဆုံး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်မတော်တဆမှုကြောင့် ၄ ရက်အတွင်း လူ ၂ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
ဖြစ်စဉ်တွေကတော့ ဇူလိုင် ၂၉ ရက်နေ့ မြို့ရှောင်လမ်း (စစ်တပ်ကွင်းလမ်း) မှာ ဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှုနဲ့ ဇူလိုင် ၂၆ ရက်နေ့ ဧရာရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဖြစ်ခဲ့တဲ့ ဆိုင်ကယ်မတော်တဆမှုတွေ ဖြစ်ပါတယ်။
မျက်မြင်တွေ့ရှိသူတွေရဲပြောပြချက်အရ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က မြစ်ကြီးနားမြို့ရှောင်လမ်း (စစ်တပ်ကွင်းလမ်း) မှာ မိန်းကလေး ၂ ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ ကားတစ်စီး ချိတ်မိပြီး ဆိုင်ကယ်လဲကျခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မိန်းကလေးက နှာခေါင်းကနေ သွေးထွက်ပြီး ဆုံးသွားတာဟုတ်တယ်။ တော်တော်ကြောက်ဖို့ကောင်းတယ်” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ ဇူလိုင် ၂၆ ရက် မနက် ၃ နာရီ ၅၁ မိနစ်ဝန်းကျင်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဖြစ်ပွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်နဲ့ လမ်းဘေးမှာ ပိတ်ထားတဲ့ အကာကို ဝင်တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဟိုနေ့တုန်းက အမျိုးသားက လမ်းပေါ်မှာ ဂိတ်ပိတ်ထားတဲ့ဟာကို တိုက်မိပြီး ဆုံးတာ။ ဘယ်သူမှ သူ့ကို မတိုက်ဘူး။ သူကိုယ်တိုင် ဝင်တိုက်ပြီး နှာခေါင်းကနေ သွေးတွေထွက်လာတာ ဟုတ်တယ်” လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ လစဉ်ရှိနေပြီး ဧပြီလ ပထမအပတ်မှာအောင်နန်းရပ်ကွက် တိုင်းကျော်ဆီပန့်အိမ်ဆိုင်အနီးမှာ ဆိုင်ကယ်အချင်းချင်း ချိတ်မိပြီး လဲကျရာကနေ အမျိုးသမီးတစ်ဦးဟာ ဦးခေါင်းနဲ့ မြေပြင်ဆောင့်မိပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
နောက်ထပ် ဧပြီ ၂၇ ရက်နေ့မှာလည်း ဆိုင်ကယ်ဦးထုပ်မဆောင်းထားတဲ့ မိန်းကလေးနှစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့ပြီး ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဒါကြောင့် ဧပြီလအတွင်းမှာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့သလို မတ်လအတွင်းမှာလည်း ယာဉ်မတော်တဆမှု ၂၆ ကြိမ် ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာတော့ ယာဉ်မတော်တဆမှု ၂၃ ကြိမ် ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပေမယ့် သေဆုံးသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလအတွင်းမှာတော့ ယာဉ်မတော်တဆမှု ၃၁ ကြိမ်ရှိပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ ယာဉ်မတော်တဆမှုအများစုဟာ အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ လမ်းစည်းကမ်း မလိုက်နာတာတွေကြောင့် ဖြစ်နေတာလို့ လူမူကူညီရေးအသင်းတစ်ချို့က ထောက်ပြထားပါတယ်။
ဒါ့အပြင် ယာဉ်မတော်တဆမှုတွေဟာ ညပိုင်းအချိန်တွေမှာ ပိုမိုအဖြစ်များပြီး ထိခိုက်ဒဏ်ရာရရှိသူအများစုက အမျိုးသားတွေ ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
By – Hope



