မြစ်ကြီးနားမှာတစ်လအတွင်း ရေနစ်သေဆုံးသူ ၄ ဦးထိရှိလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဩဂုတ်လတစ်လအတွင်း ရေနစ်သေဆုံးသူ ၄ ဦးအထိ ရှိလာတယ်လို့ မြစ်ကြီးနားအခြေစိုက် လူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းနဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

ဩဂုတ်လအတွင်း ရေနစ်သေဆုံးမှုတွေဟာ စီတာပူလုံဂါပါဆိပ်၊ စီတာပူရပ်ကွက် ကောင်ရာနယ်မြေရှိ ငါးကန်ဟောင်းနဲ့ နန်းကွေ့ချောင်းအနီးတို့မှာ ဖြစ်ခဲ့တာပါ။

ဒါ့အပြင် ရေနစ်သေဆုံးသူတွေထဲမှာ ကလေးနဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

စီတာပူက ရေနစ်တဲ့နေရာက ရေစီးတော့ သိပ်မသန်ဘူး။ ရေက ငြိမ်နေတယ်။ ပြောရရင်တော့ ကလေးက ရေကူးသိပ်မကျွမ်းဘူးထင်တယ်။ နန်းကွေ့လိုနေရာမျိုးမှာတော့ လူငယ်တွေ ရေကူးပြိုင်ရင်း လက်ပန်းကျပြီး မကူးနိုင်ဖြစ်ကြတာလို့ လူမှုကူညီရေးအသင်းတစ်ခုမှာ ပါဝင်နေတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ရေနစ်သေဆုံးတဲ့ဖြစ်စဉ်တွေဟာ ဩဂုတ် ၂၀ ရက် နန်းကွေ့ကျေးရွာ၊ နန်းကွေ့လီဆူတံတားအနီး ချောင်းမှာ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ဩဂုတ် ၂၁ ရက်မှာလည်း လုံဂါပါမြစ်ဆိပ်မှာ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

နောက်ထပ် ဩဂုတ် ၉ ရက်မှာတော့ စီတာပူရပ်ကွက်၊ ကောင်ရာနယ်မြေရှိ ငါးကန်ဟောင်းမှာ သူငယ်ချင်းတွေနဲ့ ရေကစားနေတဲ့ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးနဲ့ စီတာပူမနောကွင်း လုံဂါပါမြစ်ဆိပ်မှာ ရေကစားနေတဲ့ အသက် ၁၇ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးတို့ ရေနစ်သေဆုံးခဲ့ပါတယ်။

ဩဂုတ်လအတွင်း ဖြစ်ခဲ့တဲ့ ရေနစ်သေဆုံးမှုတွေကို ကြည့်ရင် ၁၀ ရက်ဝန်းကျင်အတွင်း လူ ၂ ဦးနှုန်း ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး ရေနက်တဲ့နေရာနဲ့ ရေစီးတဲ့နေရာတွေမှာ ရေကစားတာ၊ ရေကူးတာတွေကြောင့် ဖြစ်လာတာလို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဩဂုတ်လမတိုင်ခင်လတွေကလည်း ရေနစ်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဇွန် ၄ ရက်မှာ ကြက်ပေါင်ခြံရပ်ကွက် မခန္တီးဆိပ်အနီး ရေဆင်းချိုးတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပြီး မေလ ၂၅ ရက်မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဗလမင်းထင်တံတားအောက်ကနေ ခုန်ချပြီး ရေနစ်သေဆုံးခဲ့ကာ ရုပ်အလောင်းကို မေလ ၂၆ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၁၈ ရက်မှာ မြစ်ကြီးနားမြို့ ကချင်စုဆိပ်ကမ်းမှာ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့သလို ဧပြီ ၁၃ ရက်မှာလည်း ဧရာဝတီမြစ်၊ ဧရာဝတီရှုခင်းသာ လမ်းလျှောက်သင်္ကြန်မှာ သတ်မှတ်ထားတဲ့နေရာကျော်ပြီး ရေကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ မြစ်ကြီးနားမြို့နဲ့ အနီးတဝိုက်မှာ ရေကစား၊ ရေကူးရာကနေ ရေနစ်သေဆုံးမှုတွေ ဆက်ရှိနေတာကြောင့် ရေနက်တဲ့နေရာနဲ့ ရေစီးသန်တဲ့နေရာတွေမှာ ရေမဆင်းကြဖို့နဲ့ ကလေးငယ်တွေ ရေကစားတဲ့အခါ လူကြီးတွေက အနီးကပ်စောင့်ကြည့်ဖို့ လူမှုကူညီရေးအသင်းတွေက သတိပေးထားပါတယ်။

By – Hope

Show More

Leave a Reply

Back to top button