အင်းတော်ကွင်းလမ်းပိုင်း ကားထောင်ချီပိတ်မိနေဆဲ၊ခရီးသည်တွေ စားဝတ်နေရေးအခက်ကြုံ
မြစ်ကြီးနား–မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းမှာ ခရီးသွားကားနဲ့ကုန်ကားတွေထောင်ချီ ပိတ်မိနေတဲ့အတွက် ခရီးသည်တွေနဲ့ ကားသမားတွေ အစားအသောက်၊ သောက်သုံးရေနဲ့ နေထိုင်ရေး အခက်အခဲပိုများလာတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနဲ့ဇူလိုင်လတွင်းရွာသွန်းခဲ့တဲ့ မိုးကြောင့် အင်းတော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရပြီး အင်းတော်–မော်လူးလမ်းပိုင်းတစ်ချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် လမ်းပိုင်းပြန်ပြုပြင်ဖို့လိုအပ်တဲ့အတွက် လမ်းပြုပြင်ထိန်းသိမ်းရေးကော်မတီနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဩဂုတ် ၁၉ ရက်နေ့ကစပြီး ဗျူဟာလမ်းနဲ့ ကွင်းလမ်းပိုင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ အသိပေးထားထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် လက်ရှိချိန်ထိ အင်းတော်ကွင်းလမ်းဖြစ်တဲ့ နံ့သာရွာ–မော်တိတ်ရွာ–ရွာသာယာရွာကြားမှာထောင်နဲ့ချီတဲ့ကားတွေပိတ်မိနေတာပါ။ ခုလို လမ်းပိုင်းပိတ်မိနေတဲ့အတွက် ခရီးသည်တချို့ဟာ ကားပေါ်မှာ ရက်နဲ့ချီ နေထိုင်နေရသလို စားစရာနဲ့ သောက်ရေဝယ်ယူဖို့ခက်ခဲတာတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
“ကားပေါ်မှာ ရက်နဲ့ချီ နေနေရတော့ စားဖို့သောက်ဖို့က အခက်အခဲရှိလာတယ်။ ရေကလည်း အမြဲဝယ်လို့မရဘူး။ အိမ်သာသွားတာကအစ အဆင်မပြေဘူး။ ခရီးသည်တွေထဲမှာလည်း နေမကောင်းဖြစ်လာတဲ့သူတွေ ရှိတယ်။ လမ်းက ဘယ်တော့ပြန်ပွင့်မလဲ မသိတော့ ပိုပြီးစိုးရိမ်ရတယ်” လို့ လမ်းပိတ်မိနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
လမ်းပိတ်တာ ကြာလာတာနဲ့အမျှ လမ်းဘေးမှာ ဝယ်ယူစားသောက်နိုင်တဲ့ အစားအသောက်တွေပါ လုံလောက်မှုမရှိတော့ဘူးလို့ သူကဆက်ပြောပါတယ်။
လမ်းပိတ်မိနေတဲ့ ခရီးသည်တစ်ဦးကလည်း ရက်နဲ့ချီ ကားပေါ်မှာ နေထိုင်ရတာကြောင့် နေ့စဉ်စားသောက်ရေးနဲ့ အိပ်စက်အနားယူရေးမှာ အခက်အခဲတွေ ရှိလာတယ်လို့ ပြောပါတယ်။ “ခရီးက ဒီလောက်ကြာမယ်လို့ မထင်ထားဘူး။ အခုတော့ ကားပေါ်မှာပဲ နေနေရတာ ရက်တော်တော်ကြာပြီ။ စားစရာဝယ်ဖို့လည်း မလွယ်ဘူး၊ ရေကလည်း အမြဲမရဘူး။ အိမ်သာသွားဖို့လည်း အဆင်မပြေဘူး။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါလာတော့ သူတို့အတွက် ပိုစိုးရိမ်ရတယ်” လို့ ဆိုပါတယ်။
မန္တလေး–မြစ်ကြီးနားလမ်းဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ပေးထားတဲ့ အဓိကကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး မကြာခနဆိုသလို ကားလမ်းပိုင်းပိတ်တာတွေ ကြုံနေကြရတာလည်းဖြစ်ပါတယ်။
ခုလို အင်းတော်မြို့နယ်အတွင်း လမ်းပျက်စီးမှုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လမ်းကြောင်းတချို့ကို ပိတ်ထားရတာဖြစ်ပြီး အစားထိုးလမ်းကြောင်းတွေ အသုံးပြုဖို့လည်း အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ နံ့သာရွာ၊ မော်တိတ်ရွာနဲ့ ရွာသာယာရွာကြား အတက်အဆင်းယာဉ်တွေ ထောင်ချီ ပိတ်မိနေတဲ့အပြင် နောက်ထပ် အင်းတော်ကွင်းလမ်းအပြင် ကသာ–ထီးချိုင့် ကားလမ်းပိုင်းနဲ့ စီပိန်းရွာ အဝင်အထွက်ကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်။
ဒါ့အပြင် ကသာ–ထီးချိုင့်လမ်းကြောင်းမှာ အရေးပါတဲ့ ဇက်ဆိပ်တချို့ကိုလည်း ဒီရက်ပိုင်းအတွင်း ပိတ်ထားတာကြောင့် ခရီးသွားနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။
လမ်းပိတ်ထားတာ ဆက်ကြာလာရင် ခရီးသည်တွေရဲ့ ကျန်းမာရေးနဲ့ နေထိုင်ရေးအခြေအနေ ပိုဆိုးလာနိုင်တာကြောင့် လမ်းပိတ်မိနေသူတွေအတွက် စားသောက်ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်လာနေတယ်လို့ ကားသမားတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်ကောင်စီတပ်က မေလ ၆ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကြေညာခဲ့ပြီး မေလ ၉ ရက်ကစပြီး ခရီးသည်တင်ယာဉ်တချို့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လမ်းကြောင်းတစ်လျှောက် စစ်ရေးအခြေအနေကြောင့် အခြေအနေအလိုက် ကွင်းလမ်းတွေကို ပြောင်းသုံးနေရတာတွေ ရှိခဲ့ပြီး လက်ရှိမှာလည်း အင်းတော်ကွင်းလမ်းကို အဓိကအသုံးပြုနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
By – Zami




