ကြက်စာ၊ ဝက်စာခြောက်တွေ သယ်ယူခွင့် စိစစ်ပေးဖို့တောင်းဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကြက်စာခြောက်နဲ့ ဝက်စာခြောက်တွေကို ကုန်သည်တစ်ဦးတည်းကသာ သယ်ယူခွင့်ရနေတဲ့အပေါ် သက်ဆိုင်ရာက စိစစ်ပေးဖို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက တောင်းဆိုနေပါတယ်။
ကချင်ပြည်နယ်အတွင်း အသားဈေးနှုန်း မတက်စေရေးအတွက် တရုတ်နိုင်ငံကနေ ကြက်စာ၊ ဝက်စာနဲ့ နွားစာတွေ တင်သွင်းခွင့်ပေးထားပေမယ့် မြေပြင်မှာတော့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကိုယ်တိုင် အစာခြောက်တွေကို တိုက်ရိုက်သယ်ယူခွင့် မရတဲ့အခြေအနေ ကြုံနေရတယ်လို့ ပြောပါတယ်။
“အစိုးရက စားသုံးသူပြည်သူတွေ အသားဈေးမတက်အောင်ဆိုပြီး တရုတ်ကနေ ကြက်၊ ဝက်၊ နွားစာတွေ ပေးသယ်ပြန်တော့လည်း ငါတို့ ဝက်မွေး၊ ဝက်စာရောင်းသူတွေကိုကျ သယ်ခွင့်ခွဲတမ်းမပေးဘဲ တိမွေးကုနဲ့ ပိုင်ရာဆိုင်ရာလူကြီးရဲ့ ထောက်ခံချက်ယူပြီး လက်ဝါးကြီးအုပ်နေတယ်။ တစ်မြို့လုံးက မွေးမြူရေးသမားတွေက အဲ့ဒီတစ်ဆိုင်ကပဲ အမြတ်ကြီးစားဈေးတင်တဲ့ ကြက်စာ၊ ဝက်စာတွေကို ဝယ်နေရတယ်။ အဲ့ဒီဆိုင်တစ်ဆိုင်ပဲ သယ်ခွင့်ပေးတယ်” လို့ ကြက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာ တပိုင်တနိုင် ကားသေးတွေနဲ့ တရုတ်နိုင်ငံဘက်ကနေ အစာခြောက်တွေ သယ်ယူဖို့ ကြိုးစားကြပေမယ့် တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနရဲ့ ထောက်ခံချက်ရထားတဲ့ ကုန်သည်တစ်ဦးကိုသာ သယ်ယူခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ခုလို သယ်ယူခွင့်ကန့်သတ်ထားတာကြောင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်တဲ့ ကြက်စာနဲ့ ဝက်စာတွေကို ဈေးကွက်မှာ လွတ်လပ်စွာ ဝယ်ယူနိုင်တဲ့အခြေအနေ မရှိဘဲ သယ်ယူခွင့်ရထားတဲ့ ဆိုင်ကနေ တစ်ဆင့်ပြန်ဝယ်ယူနေရတယ်လို့ ပြောပါတယ်။
အထူးသဖြင့် အစာခြောက်တွေကို ဆိုင်တစ်ဆိုင်ကနေသာ အဓိကဝယ်ယူနေရတာကြောင့် အဲဒီဆိုင်က သတ်မှတ်ရောင်းချတဲ့ဈေးနှုန်းအတိုင်း ဝယ်ယူနေရပြီး မွေးမြူရေးလုပ်ငန်းတွေရဲ့ ကုန်ကျစရိတ် ပိုများလာတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
“သူတို့ကြိုက်စျေးပဲ ရောင်းတာ ကျနော်တို့ကိုသယ်ခွင့်စီစစစ်ပေးစေချင်တယ်။ မဟုတ်ရင် ကုန်ကျစရိတ်က ပိုများတယ် သူတို့သတ်မှတ်စျေးနဲ့ဝယ်နေရတာဆိုတော့“လို့ နောက်ထပ်မွေးမြူရေးလုပ်ကိုင်သူတစ်ဦး ပြောပါတယ်။
ဒီအခြေအနေကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေက တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ ကြက်စာ၊ ဝက်စာနဲ့ နွားစာတွေ သယ်ယူခွင့်ပေးတဲ့ လုပ်ငန်းစဉ်ကို မြေပြင်အထိ စိစစ်ပေးဖို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက တောင်းဆိုနေပါတယ်။
ကုန်သည်တိုင်း တန်းတူသယ်ယူခွင့်ရ၊ မရနဲ့ ထောက်ခံချက်ပေးတဲ့စနစ်မှာ ဘယ်လိုသတ်မှတ်ချက်တွေ ရှိနေသလဲဆိုတာကို စစ်ဆေးပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
အစာခြောက် သယ်ယူခွင့်ကို ကုန်သည်တစ်ဦးကသာ အဓိကထိန်းချုပ်ထားတဲ့အခြေအနေ ဆက်ရှိနေမယ်ဆိုရင် မွေးမြူရေးလုပ်ငန်းတွေရဲ့ ကုန်ကျစရိတ် ပိုမြင့်လာနိုင်ပြီး နောက်ဆုံးမှာ ကြက်သား၊ ဝက်သားလို အသားဈေးနှုန်းတွေအပေါ်ပါ သက်ရောက်လာနိုင်တယ်လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
By – Zami




