မိုးမိတ်မြို့ပြင်က စခန်းကုန်း KIA တပ်ပေါင်းစု ပြန်သိမ်း၊ စစ်တပ် လေကြောင်းတိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပြင် ညောင်နီကျေးရွာအထက်က စစ်ကောင်စီတပ်ရဲ့ ရွှေမင်တင်ကုန်းစခန်းကို KIA နဲ့ တပ်ပေါင်းစုတွေ စက်တင်ဘာ ၂၈ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
အဲဒီစခန်းကုန်းလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကို အပြင်းအထန်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိုးမိတ်မြို့ပြင်မှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က မနက် ၉ နာရီ ၅၀ မိနစ်လောက်ကနေ စတင်ပစ်ခတ်လာကြတယ်။ ဒီမနက်အထိ အခုထိ ပစ်ခတ်နေကြတုန်း။ လေယာဉ် ဒီမနက်ပိုင်းထဲတင် ၂ ကြိမ်လာပြီ။ Y-12 နဲ့ ဗုံးကြဲနေတုန်း” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့ပြင် ညောင်နီရွာအထက်မှာ တပ်စွဲထားတဲ့ ရွှေမင်တင်ကုန်းစခန်းကို KIA တပ်ပေါင်းစုတွေက မနေ့က မနက် ၉ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာစတင်တဲ့ တိုက်ပွဲဟာ တစ်ညလုံး ဆက်ဖြစ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ မိုးမိတ်မြို့ပြင် ညောင်နီကျေးရွာအထက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ပေါင်းစုတွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်တပ်ဘက်ကလည်း မနေ့က နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ ကင်းထောက်လေယာဉ် ၁၀ ကြိမ်ထက်မနည်း ပျံဝဲပြီးနောက် ဂျက်ဖိုက်တာနဲ့ ညောင်နီကျေးရွာအထက်ကို လာရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မိုးမိတ်–ညောင်နီလမ်းပိုင်းအပေါ်မှာ စစ်တပ်ကင်းထောက်လေယာဉ်တွေ မပြတ်ပျံဝဲနေပြီး ဒီနေ့မနက်အစောပိုင်းမှာလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ထပ်မံဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA တပ်ပေါင်းစုတွေက မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရွှေမင်တင်ကုန်းဟာ အရင်က KIA ဘက်က ဆုတ်ခွာပေးခဲ့ရပြီး စစ်တပ်လက်ထဲ ပြန်ရောက်ခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
ဒီတစ်ကြိမ်မှာတော့ KIA ဘက်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“KIA ဘက်က စစ်တပ်စခန်းကုန်းကို အရင်သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ အဲဒီကနေ တိုက်ပွဲပြင်းထန်လာတာ။ အရင်က KIA ဆုတ်ခွာပေးလိုက်ရတဲ့ ရွှေမင်တင်ကုန်းနေရာကို မနေ့က ပြန်ပြီးသိမ်းလိုက်နိုင်တာ။ တိုက်ပွဲအတွင်း စစ်တပ်အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်” လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေတဲ့နေရာဟာ မိုးမိတ်မြို့ကနေ ၃ မိုင်ခန့်အကွာ ညောင်နီကျေးရွာအနီးမှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က စခန်းကုန်းကို လက်လွှတ်လိုက်ရပြီးနောက် လေကြောင်းကနေ ဆက်တိုက်ကင်းထောက်နေသလို ဒရုန်းနဲ့ Y-12 လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က စစ်တပ်ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် မိုးမိတ်မြို့ပြင်က နေရာတွေမှာ KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက အင်အားဖြည့်ထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မိုးမိတ်မြို့ကနေ မြစ်ဆုံနဲ့ မဘိမ်းမြို့ဘက်အထိ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရွှေလီမြစ်ဝှမ်းအထက်ဘက်ကို စစ်တပ် စစ်ကြောင်းထိုးမလာနိုင်အောင် မိုးမိတ်မြို့ပြင်ကနေ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ




