သတင်း

ကွတ်ခိုင် လီဆူစစ်ရှောင်စခန်းတွင် MNDAA စစ်သား ဝင်ရောက် စုဆောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာကျေးရွာအနီး မိုင်းယုလေး လီဆူစစ်ရှောင်စခန်းမှ အသက်မပြည့်သေးသော လူငယ်တစ်ဦးနှင့်အတူ အသက် ၂၀ ဝန်းကျင် လူငယ် ၃ ဦးကို ကိုးကန့် MNDAA တပ်ဖွဲ့ မှ စစ်သားစုဆောင်းသွားသောကြောင့် အမြန်ပြန်လွတ်ပေးရန် တောင်းဆိုနေကြသည်။

ဧပြီလ ၁၅ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့မှ နမ့်ဖတ်ကာအနီး မိုင်းယုလေးကျေးရွာမှ ပန်လော့ လီဆူစစ်ရှောင်စခန်းသို့ ဝင်ရောက်ကာ စစ်သားစုဆောင်းရေး ပြုလုပ်ခဲ့သည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကု ယခုလိုပြောပြသည်။

“တံခါးခေါက်တယ်၊ မဖွင့်ပေးရင် ခြေထောက်နဲ့ တံခါးကို ကန်တယ်၊ ကန်ပြီးတော့ ထွက်ခဲ့..ကျွန်တော်တို့ နောက်လိုက်ရမယ်၊ မလိုက်ချင်ဘူးလို့ ပြောဖို့ အခွင့်အရေးမရှိဘူး။ မိဘတွေ ကိုယ့်သားတွေကို အနွေးထည်လိုက်ပေးတာတောင် မပေးခိုင်းဘူး၊၊ သတ်လိုက်မယ်၊ မလာခဲ့နဲ့။ စကားလေး တစ်ခွန်းပြောလိုက်တာနဲ့ စကားမပြောနဲ့၊ မအော်နဲ့၊ သေချင်လား။ ပစ်သတ်လိုက်မယ်။ လို့ပြောပြီး သေနတ်ကိုင်ပြီးတော့ ခြောက်တယ်။ ကျွန်မတို့ စစ်‌ဘေးရှောင်တွေကို အခုလို သေနတ်နဲ့ လာခြောက်တော့ သေနတ်သံကို ကြောက်ပြီးတော့ စစ်ရှောင်ခဲ့တဲ့ ကျွန်မတို့က သေဖို့ပဲရှိတယ်။ “

အဆိုပါညတွင် ပန်လော့ကျေးရွာမှ ဒေသခံ ၁၂ ဦးကို MNDAA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာ ၁၁ ဦးမှာ လီဆူ စစ်ရှောင်စခန်းမှဖြစ်သည်ဟု သိရသည်။

သို့သော် မေလ ၁၆ ရက်နေ့ မနက်ပိုင်း တာဝန်ရှိ လူကြီးများမှ လိုက်လံပြောဆိုသောကြောင့် ၈ ဦး ပြန်လည် လွတ်မြောက်လာပြီး အသက်မပြည့်သေးသူအပါအဝင် လူငယ် ၄ ဦးကို ခေါ်ဆောင်ထားသေးကြောင်း သိရသည်။

အဆိုပါ ကျန်ရှိနေသေးသူ ၄ ဦးတွင် အသက် ၁၇ နှစ်အရွယ် လူငယ် ယောကျ်ားလေး တစ်ဦး၊ အသက် ၂၀ ကျော် ယောကျ်ားလေး ၂ ဦး နှင့် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

ယခုလို စစ်ပွဲကို စိုးရိမ်ပြီး စစ်ပြေးရှောင်လာသော ပြည်သူများကို စစ်သားစုဆောင်းရေး ပြန်လုပ်နေမှုကို ရပ်တန့်ပေးရန်နှင့် ဖမ်းဆီးထားသော လူငယ် ၄ ဦးကို ပြန်လွတ်ပေးရန် စစ်ရှောင်တစ်ဦး ယခုလို ထပ်ပြောသည်။

“ကျွန်တော်တို့က စစ်ရှောင်ဖြစ်တဲ့အလျောက် တစ်ပါးသူကိုပဲ မှီခိုပြီးနေနေရတယ်။ အခုလို စုဆောင်းတာပြန်ခံရတော့ စစ်ရှောင်တွေကို အနိုင်ကျင့်၊ ဒုက္ခပေးတာပဲ။ ကျွန်တော်တို့ ကြောက်လည်းကြောက်တယ်။ သူတစ်ပါးနေရာမှာ ကိုယ့်အိမ်ဆိုပြီးလည်း မရှိ၊ ကိုယ့်ရွာမှာလည်း စစ်ကိုကြောက်ပြီး ပြေးနေရတယ်၊ သူများတွေ ထောက်ပံ့တာကိုပဲ စားနေရတယ်ဆိုမှ သူတို့အခုလို ပြန်လုပ်တော့ ကျွန်တော်တို့အတွက် အများကြီး ဆုံးရှုံးတယ်။ ကြောက်လည်းကြောက်တယ်၊ ပြီးတော့ အခုခေါ်သွားတဲ့ ၄ ယောက်ကိုလည်း အမြန်ပြန်လွတ်လာဖို့ ကူညီပေးဖို့ရန်အတွက် တောင်းဆိုချင်တယ်။

မိုင်းယုလေး၊ လီဆူစစ်ရှောင်စခန်းတွင် အိမ်ခြေ ၄၇ ခု ရှိပြီး လူဦးရေ ၂၃၀ ခန့်ရှိသည်ကို သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်တွင် စစ်ပွဲကြောင့် ကွတ်ခိုင်ဒေသ ငူငါ လို့ခေါ်တဲ့ တောင်ပေါ်ကျေးရွာမှ တိမ်းရှောင်လာခဲ့သော ပြည်သူများဖြစ်ကြသည်။

ကွတ်ခိုင်မြို့မှ ဆိုင်ကယ်ဖြင့် တစ်နာရီခန့် သွားရပြီး၊ မိုင်းယုလေးကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ရှောင်စခန်း ၄ ခုခန့်ရှိသည်ကို သိရသည်။

Show More

Related Articles

Back to top button