သတင်း

ဓားပြတိုက်သူများ ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပစ္စည်းချန်ကာ ထွက်ပြေးသွား

မူဆယ်မြို့ ပန်လုံကွက်သစ်တွင် ယမန်နေ့ည ၇ နာရီ ဝန်းကျင်တွင် အိမ်တစ်အိမ်ကို လူတစု ဓားပြ ဝင်တိုက်ပြီး‌နောက် အပြန်ကားတိုက်မှုဖြစ်သည့်အတွက် လုယက်လာသည့် ပစ္စည်းများ အခင်းဖြစ်းပွားရာနေရာတွင်ချန်ထားကာ ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ကိုင်ဆောင်ထားသည့် လူ ၄ ဦးခန့်မှ တရုတ်အိမ်တစ်အိမ်တွင် မီးခံသေတ္တာနဲ့ ကားလုယက်ဓားပြတိုက်သွားပြီး ထွက်ပြေးလာစဉ် လမ်းတွင် ကားတိုက်မှုဖြစ်သွားသည်ဟု အိမ်ရှင်အသိ အမျိုးသားတစ်ဦးက ပြောသည်။

“ဟုတ်တယ် မနေ့ည ဒီကောင်တွေက မီးခံသေတ္တာတွေ ဘာတွေ ခိုးပြီးမှ ယာဉ်တိုက်မှု ဖြစ်သွားတာလေ။” ဟု သူက ပြောသည်။

ကားတိုက်သည့် နေရာတွင် ၎င်းတို့ကားကိုလည်းထားခဲ့ပြီး ကားပေါ်တွင် သေနတ်များ၊ ဖုန်းများ၊ ဓားပြတိုက်လာသော ရွှေ၊ ငွေ များကိုပါ ထားခဲ့ပြီး ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

ရွှေငွေပစ္စည်းများကို ဓားပြတိုက်ခံရသော အိမ်ရှင်ထံ ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်း၊ ဓားပြများက ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများ ပြောပြသည်။

မိသားစုဝင်‌ထဲမှ တစ်ဦးက အိမ်အနောက်ဘက်က ထွက်သွားပြီး ရပ်ကွက်လူကြီးကို တိုင်တန်းထားရာ လူများစုဝေး ရောက်လာချိန် ဓားပြများ ထွက်သွားပြီ ဖြစ်သော်လည်း မိနစ်အနည်းငယ်အကြာ ပန်လုံကွက်သစ်နဲ့ ပန်လုံရွာဟောင်း ကြား ကောင်းမှူးလွယ် လမ်းဆုံတွင် ကားတိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့တွင်လည်း မူဆယ်မြို့‌မှ ဖုန်းဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ဆောင်ထားသော ဓားပြ ၄ ဦးမှ ငွေကျပ် တန်ဖိုး သိန်း ၁ ထောင်ကျော်ခန့်ကို  ဓားပြတိုက် လုယက်ယူ‌ဆောင်သွားပြီး ၎င်းဓားပြ ၄ ဦးထဲမှ ၃ ဦးကို ပြန်လည် ဖမ်းဆီးရမိထားကာ လုယက်ယူဆောင်သွား‌သော ပစ္စည်း ၃ ပုံ ၁ ပုံ ခန့်ကိုလည်း ပြန်လည်ရရှိပြီ ဖြစ်ကြောင်း ၎င်းဆိုင်မှ သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် ခိုးဆိုး လုယက် ဓားပြတိုက်မှုများ တရက်တခြား ပိုများလာပြီး ပိုင်ရှင်မဲ့ လူသေလောင်းများကြောင့် ဒေသခံများ  စိုးရိမ် မှုများဖြင့်သာ နေထိုင်ရကြောင်း သိရသည်။

Show More

Related Articles

Back to top button