တနိုင်း COC စစ်ရှောင်စခန်းမှ အရေပြား ဝေဒနာခံစားနေရသော ကလေးငယ်များအတွက် ဆေးဝါးအကူအညီလိုအပ်နေ

ကချင်ပြည်နယ် တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အရေပြားယားယံ ဝေဒနာခံစားနေသည့် ကလေးငယ်များအတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၁၁ ဦးတွင် လွန်ခဲ့သည့် ၂ ပတ်မှစတင်ကာ အရေးပြားယားယံသည့် ဝေဒနာကူးစက်ပြန့်နှံ့နေပြီး ထိရောက်သည့် ဆေးဝါးကုသပေးမှု လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ကလေးတွေထက်ဝက်နီးပါးလောက်ကူးစက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး ဖြစ်တာ။ အခုဆိုတစ်ယောက်ပြီး တစ်ယောက်ကူးစက်နေတာ ရောဂါပုံစံ ယားတယ် အရေပြားပေါ်မှာ အဖုတွေထတယ် အနီးစက်တွေဖြစ်နေတာ အခုချိန်က အလုပ်အကိုင်မရှိ ဝင်ငွေမရှိတော့ စျေး တွေကလည်းအစစ အရာရာတက်နေတော့ ဆေးဝယ်ကုဖို့လည်းမတတ်နိုင်ဘူး” ဟု စစ်ရှောင်စခန်းမှ တာဝရှိသူတစ်ဦးက ပြောသည်။

လက်ရှိစစ်ရှောင် ကလေးငယ်များထံ ကူးစက်နေသည့် အဆိုပါအရေပြားရောဂါမှာ ရေကျောက်ပုံစံတူဖြစ်ပြီး စစ်ရှောင်စခန်းတွင် သာမက အနီးတစ်ဝိုက်တွင်လည်း ကူးစက်မှု ဖြစ်နေကြောင်း သိရသည်။

အပြင်မှာလည်းဖြစ်နေတယ် အပြင်ကလေးတွေက ဆေးခန်းတွေပြကြတာလည်း မသက်သာဘူးတဲ့။ ရေကျောက်ပုံစုံ ပေါက်ပြီး ယားနေတာ။ ဒါပေမယ့် ရေကျောက်တော့မဟုတ်ဘူး” ဟု စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အရေပြားရောဂါ ကူးစက်ခံနေရသည့် ကလေးငယ်များမှာ အသက် ၃ နှစ် နှင့် ၁၀ နှစ်ကြားဖြစ်ပြီး လူမှုကူညီရေးအသင်းများမှလည်း ကူညီထောက်ပံ့မှု မရှိတော့သည့်အတွက် ဆေးဝါးကုသနိုင်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

တနိုင်း COC စစ်ရှောင်များသည် လွန်ခဲ့သည့် ၄ နှစ်ခန့်က တနိုင်းမြို့နယ် နမ်ဗျူ၊ တုံမနီ စသည့်ကျေးရွာများမှ တိမ်းရှောင်လာကြသော စစ်ရှောင်များဖြစ်ပြီး အိမ်ထောင်စု ၃၀ ကျော် လူဦးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။

Show More
Back to top button