TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်မှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ KIO အရာရှိတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၁၀ ရက် မနေ့ည ၁၁ နာရီကျော် နမ္မတူမြို့ မောချယ်ရီတည်းခိုခန်းမှာလာရောက်တည်းခိုတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို တအာင်းတပ်မတော် TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
အဲဒီနောက် ဒီနေ့မနက် မိုးမိတ်ဘက်က သက်ဆိုင်ရာ KIA အရာရှိတွေရောက်လာပြီး နှစ်ဖက်တပ်ဖွဲ့အကြားတွေ့ဆုံညိနှိုင်းခဲ့ရာ ပြေလည်သွားတာကြောင့် မွန်းလွဲပိုင်း ၁ နာရီခွဲမှာ ပြန်လွတ်ပေးပြီဖြစ်တယ်လို့ နမ္မတူဒေသတာဝန်ခံ KIO အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို ခုလိုပြောပါတယ်။
“အားလုံး ၁၀ ယောက်ဖြစ်တယ် မနေ့ည ၁၁ နာရီကျော်မှာဖမ်းသွားတယ် ဖမ်းခံရချိန် ဒို့ဘက်က အရာရှိလည်းပါတော့ သူတို့ကို ပြောတော့ပြောပေမဲ့ သူတို့မသိလို့ထင်တယ်။ KIA တပ်ဖွဲ့ဝင်တွေဟုတ်မှန်း သူတို့သိပ်မယုံလိုက်လို့ ထင်တယ်။ အခုဒီနေ့တော့ အချင်းချင်းသက်ဆိုင်ရာတွေ တွေ့ဆုံကြပြီး ၁ နာရီ ၂၁ မိနစ်မှာ ပြန်လွတ်ပေးပြီ။” လို့ နမ္မတူဒေသ တာဝန်ရှိသူ KIO အရာရှိတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ မိုးမိတ် KIA တပ်ရင်း ၁၄ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေနတ်တိုပါတဲ့အကြောင်းပြချက်နဲ့ TNLA ဘက်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောဆိုကြောင်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီခံရချိန် KIO၊KIA အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သက်သေပြပြောဆိုတာတွေရှိခဲ့ပေမယ့် TNLA ဘက်က မြို့တွင်းပုံမှန်စစ်ဆေးရေးလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွင်း ဖမ်းဆီးမိလိုက်ခြင်းသာဖြစ်တယ်လို့ ပြောဆိုပြီး အချင်းချင်းပြေလည်သွားပြီဖြစ်တယ်လို့ KIO အရာရှိဘက်က အခုလို ဆက်ပြောပါတယ်။
“သူတို့လည်း ဒို့လူဖြစ်မှန်းသေချာသိပြီဆိုတော့ ဒို့ဆီကို ပြန်အပ်ပေးတယ်။ အချင်းချင်း ပြေလေအောင် အဆင်ပြေအောင် ၊ အချင်းချင်းပြဿနာတွေ ထပ်မပွားအောင် ပြုလုပ်ကြတာဖြစ်တယ်။ TNLA ဘက်ကလည်း အမြဲတမ်းပုံမှန်လုပ်ဆောင်နေတဲ့ လုပ်ငန်းအတွင်း ဖမ်းဆီးမိလိုက်တယ်လို့ ပြောပါတယ်။ ည ည ဆို သူတို့လည်း အဲလို တည်းခိုခန်းတွေမှာ ပုံမှန်စစ်ဆေးတာတော့ရှိတယ်ပြောတယ်။” လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း ဒေသခံတချို့ သုံးသပ်ပြောဆိုတာကတော့ နမ္မတူမြို့ထဲကို KIO/KIA တပ်ဖွဲ့ဝင်တွေ ခွင့်မရှိပဲဝင်လာတာကြောင့် TNLA ဘက်က ဖမ်းဆီးခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
နမ္မတူမြို့ကို TNLA ဘက်က ထိန်းချူပ်ထားပြီးနောက် မြို့အဝင်ဂိတ်မှာ KIA/KIO တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းဝတ်စုံနဲ့ ဝင်ခွင့်မပြုပဲ တာဆီးပိတ်ပင်မှု ပြီးခဲ့တဲ့လတွေမှာလည်း ရှိခဲ့ပါတယ်။
နမ္မတူမြို့နဲ့ မန်တုံဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့အချင်းချင်း နယ်မြေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ် အချင်းချင်းပြေလေအောင် ကြိုးစားနေတဲ့အခြေအနေမှာရှိတယ်လို့ နှစ်ဖက်တပ်ဖွဲ့က ပြောဆိုပါတယ်။
By – ဂျာဘောက်ရာ