စစ်ပြေးဒုက္ခသည်များသတင်း

ဆိုင်းတောင် စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အစားသောက်ဆေးဝါးနဲ့သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့နောက်ပိုင်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ နေ့တိုင်းလိုလို ရွာကနေစွန့်ခွာပြီး ဖားကန့်မြို့ဘုန်းကြီးကျောင်းနေရာ၊ဘာသာရေးကျောင်းတွေအပြင် တော၊တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဆိုင်းတောင်စစ်ရှောင်တွေက တော်တော်များနေပြီ။ မှော်ဒေသအသီးသီးက ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ အကုန်လုံးခွဲပြီးပို့ထားရတယ်။ စစ်ရှောင်အားလုံးက ၃ ထောင်ကျော် ၊ ၄ ထောင်ခန့်ရှိလာပါပြီ။ အထဲမှာ ပိတ်မိနေသေးတဲ့ စစ်ရှောင်မိသားစုတွေကျန်နေသေးတယ်။ အထဲမှာ တော်တော်ကို ကျန်သေးတာ။ ကျနော်တို့လည်း ကယ်ဆယ်အဖွဲ့တွေ အတတ်နိုင်ဆုံးတော့ ကယ်ထုတ်နိုင်ပါတယ်။ အဓိက သောက်ရေနဲ့ဆေးဝါး အစားသောက်တွေကူညီလိုနေတယ်လို့ပြောပါတယ်။

တိုက်ပွဲအချိန်ကြာမြင့်လာတာနဲ့ စစ်ဘေးရှောင် ၄ ထောင်ခန့်ရှိလာပြီး နောက်ထပ် ဆိုင်းတောင်ကျေးရွာထဲမှာ ပိတ်မိကျန်ရစ်နေသူ ရာဂဏာန်းရှိနေသေးတယ်လို့ လက်ရှိ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့် ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

ဒါပေမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ ဖားကန့် လူမှုကူညီရေးအဖွဲ့တွေရဲ့ အကူအညီကြောင့် ဆိုင်းတောင်ရွာထဲမှာပိတ်မိနေတဲ့ အရပ်သားပြည်သူတစ်ချို့နဲ့ ဟိုတယ်ဝန်ထမ်းတစ်ချို့ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် ပိတ်မိသူတွေဆက်ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို ရွာထဲကနေထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတာဟာ တိုက်ပွဲဖြစ်ပွားတဲ့ ၁၀ ရက်ကျော်အတွင်း အရပ်သားပြည်သူတွေကိုသတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာတွေဆက်တိုက်ကျူးလွန်နေပြီး ဒီသတင်းတွေပေါက်ကြားသွားမှာစိုးရိမ်တဲ့အတွက်  ပိတ်ဆို့ထားတာဖြစ်နိုင်တယ်လို့ ဖားကန့် ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။

အထဲမှာကျန်ရှိနေတဲ့ ပြည်သူတွေ ထွက်လို့မရတဲ့ အခြေအနေက နှစ်ဖက်စစ်တပ် ပိတ်ထားတဲ့ အခြေအနေတော့ မဟုတ်ဘူး။ ဆိုင်တောင်ကျေးရွာအထဲမှာ စစ်ကောင်စီက ကျူးလွန်ထားတာများတယ်။ ဘာလဲဆိုတော့ ပြည်သူ လူထုတွေကို သတ်ထားတာတွေလည်းရှိတယ်။ အဖွဲ့အစည်းတွေကို ကျူးလွန်ထားတာတွေလည်းရှိတယ်။ ရွာတွေကို ပိုးစိုးပက်စက် မီးရှို့ထားတာတွေရှိတယ်။ အဲကြောင့် သူတို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေကို ပြည်သူတွေက သိသွားမှာစိုးလို့ဘဲ ထင်ပါတယ်လို့ပြောပါတယ်။

ဖားကန့်တိုက်ပွဲမှာ ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေရဲ ပြောဆိုချက်အရ တိုက်ပွဲဖြစ်ပွားတဲ့ ဆိုင်းတောင်ကျေးရွာအတွင်း သွားလာတဲ့ အရပ်သားပြည်သူတွေ အကြောင်းမဲ့ပစ်သတ်ခံရတာတွေ၊ စစ်တပ်လေကြောင်း တိုက်ခိုက်နဲ့ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ရပ်ကွက်လမ်းပေါ်တွေမှာ ပုပ်ပွပြီးသေဆုံးနေတဲ့ ရုပ်အလောင်း ၃၀ ဝန်းကျင်လောက်ရှိတယ်လို့လည်း ပြောဆိုနေကြပါတယ်။

လက်ရှိ ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ တိုက်ပွဲနေရာဖြစ်နေတဲ့  Lucky Man Hotel မှာ စစ်ကောင်စီ စစ်အင်အား ၄၀ ခန့် ရှိနေတာကြောင့် တစ်ဖက်မှာ KIA တပ်တွေလည်း စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာ ၁၀ ရက်ကျော်ကြာလာပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်လည်း ဆိုင်းတောင်ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို စက်တင်ဘာလ ၁၂ ရက်နေ့ ရဲစခန်းလက်လွတ်လိုက်ရတဲ့နောက် နေ့တိုင်း လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေသေးတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button