သတင်း

မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲမှုတွေကြောင့် ဖားကန့်မြို့ စွန့်ခွာသူများလာ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ မြို့တွင်းလက်နက်ကြီးကျပေါက်ကွဲပြီးနောက် မြို့စွန့်ခွာသူ များလာနေတယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ကစတင်ပြီး ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးနဲ့ အပြန်လှန်ပစ်ခတ်နေတဲ့အတွက် မြို့တွင်း လက်နက်ကြီး ကျပေါက်ကွဲမှု ရှိနေပါတယ်။

ဒါကြောင့် လက်နက်ကြီးကျပေါက်ကွဲတဲ့ အနီးပတ်ဝန်းကျင် ပြည်သူတစ်ချို့နဲ့မြို့တွင်းရပ်ကွက်ပြည်သူတွေ မြစ်ကြီးနားဘက်ကို ယာယီပြောင်းရွှေ့ကြတာတွေရှိနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦး KNG ကို အခုလိုပြောပါတယ်။

ဖားကန့်မြို့လယ်ခေါင်လမ်းပေါ် လက်နက်ကြီးကျတာကြောင့် ဒီနေ့ အတော်များများ ကားငှားဆင်းကြတာ၊ ဖားကန့်မြို့ပေါ် ဆိုင်တွေ အိမ်တွေ အတော်များများပိတ်ထားကြတာ။ ဖားကန့်မြို့ပေါ်တော့ ဆိုင်ပိတ်တာ များလာတယ် နည်းနည်းတော့ ခြောက်သွားတယ်၊ အားလုံးက စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။

ဖားကန့်ပြည်သူတွေ ပြောချက်အရ လက်နက်ကြီးကျပေါက်ကွဲပြီးနောက် မြို့တွင်း ကုန်စုံဆိုင်၊ စျေးဆိုင်အများပိုင်းလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ ဖားကန့်မြို့တွင်း ငှက်ပျောတော ရပ်ကွက်၊ မြို့ပြင် ဖားပြင်နဲ့ မှော်တောင်း ကျေးရွာတွေမှာ လက်နက်ကြီး ကျပေါက်ကွဲခဲ့လို့ အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် ၁၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြတာပါ။

လတ်တလော ဖားကန့်မှာ ကျန်နေတဲ့ပြည်သူတွေကလည်း အခြေခံစားသောက်ကုန်ဝယ်ယူဖို့ ခက်ခဲလာမှု၊  ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံရမှုတို့ကြောင့် တိုက်ပွဲသတင်း အချက်လက်ရရှိရန် ခက်ခဲမှု၊ လက်နက်ကြီးအန္တရယ် စိုးရိမ်မှုတွေနဲ့ နေနေရတယ်လို့ ဖားကန့်မြို့တွင်း နေထိုင်တဲ့ ပြည်သူတွေ ပြောပါတယ်။

မြို့တွင်း၊ မြို့ပြင်ကျပေါက်ကွဲတဲ့လက်နက်ကြီးတွေဟာ မည်သည့်အဖွဲ့က လက်နက်ကြီးဖြစ်တယ်ဆိုတာ တိတိကျကျသိဖို့ ခက်တယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။

ပြောဖို့ခက်တယ်ဗျ ဗျူဟာကုန်းကလည်း ဆက်တိုက်လိုပစ်နေတာ။ ဒီနေ့တော့ ငြိမ်နေတယ် အရင်နေ့ကဆို မနက်  နာရီ လောက်ကတည်းကနေ ထုနေပြီ အဲတော့ ဟိုကလည်းပစ် ဒီကလည်းပစ် ဘယ်သူ့လက်နက်ကြီးလဲဆိုတာတော့ မပြောတတ်ဘူး ဗျ။ တော်တော်လေးတော့ တိတ်ဆိတ်သွားတယ်လို့ လုံးခင်းရပ်ကွက်နေ အမျိုးသားတစ်ဦး ပြောပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ မြို့ထဲကပြည်သူတွေ ယာယီတိမ်းရှောင်နေကြပေမယ့် တိမ်းရှောင်ဖို့ခက်ခဲတဲ့  ဆိုင်းတောင်၊ယူမာဘက်က ပြည်သူတွေကတော့ မြို့ထဲလာရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဖားကန့်မြို့ထဲထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ဘေးရှောင် ၄ ထောင်ထက်မနည်း ရှိလာပြီး သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေပါတယ်။

Show More

Related Articles

Back to top button