မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်ခံရတဲ့အတွက် ခရီးသည်များတစ်ညအိပ်နဲ့ သွားနေရ
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။
မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်း ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိပေမယ့် ဩဂုတ်လကုန်ပိုင်းကစပြီး ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်နဲ့ ဖက်မာရွာ၊လုံရှာယန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်ကန့်သတ်လိုက်တာလို့ ကားသမားတစ်ဦး KNG ခုလိုပြောပါတယ်။
“လမ်းမှာတစ်ညအိပ်နေရတာက ကြာပြီလားဆိုတော့ ပြီးခဲ့တဲ့ ရှစ်လကုန်ပိုင်းလောက်ကတည်းက ဟုတ်တယ် ဆွမ်ပရာဘွမ်ကျော်ပြီး ဟိုဘက်မှာရှိိတဲ့ စစ်တပ်ဂိတ်တွေက ဘယ်ဂိတ်မှညနေခြောက်နာရီနောက်ပိုင်းမဖြတ်ခိုင်းဘူး။ အဲ့ကြောင့်လမ်းမှာတစ်ည အိပ်ရတာ ဂိတ်မပိတ်ခင်အမှီသွားရအောင်ကလည်းလမ်းခရီးကဝေးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေး”လို့ ပြောပါတယ်။
ခုလိုစစ်ကောင်စီတပ်ဂိတ်တွေမှာ ညခြောက်နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေးတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ကုန်ကား၊ခရီးသည်ကားများ ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ကျန်းကျေးရွာတွေမှာ ညအိပ်ကြရတယ်လို့ သိရပါတယ်။
“စောစောထွက်တဲ့လူကတော့ဖုန်ကျန်းမှာအိပ်တယ် တချို့ဆွမ်ပရာဘွမ်မှာလည်းအိပ်တယ် ဖတ်မာတို့၊ လုံရှာယာန်တို့ကနီးပေမယ့် အဲ့မှာမအိပ်ရဲကြဘူး စစ်သားတွေရှိတယ်လေး”လို့ အခြားကားသမားတစ်ဦးကပြောပါတယ်။
ညဘက်ဖြတ်သန်းခွင့်ကန့်သတ်ထားတဲ့ဂိတ်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ လုံရှာယာန်၊ ဖတ်မာ ဂိတ်သုံးဂိတ်အပြင် ပူတာအိုမြို့တွင်း သုတ္တန်ရပ်ကွက်နဲ့ မူလာရှီးဒီရပ်ကွက်ကြားထဲက ခလရ ၃၇ တပ်ဂိတ် စုစုပေါင်းလေးဂိတ်ရှိတယ်လို့သိရပါတယ်။
လမ်းပိုင်းကြန့်ကြာမှုကြောင့် ပူတာအိုမြို့ဒေသမှာ စားသောက်ကုန်နဲ့ လူသုံးကုန်စျေး ဆက်တက်နေဆဲဖြစ်တယ်လို့ ပူတာအိုမြိုအခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“ပုံမှန်ဆိုရင်တောင်ကားဂိတ်တွေက တစ်ပတ်ကို သုံးကျော့လောက်ပဲရတယ် အသွားအပြန်နဲ့ဆိုရင်အခုက လမ်းမှာလည်းအိပ်ရတော့ တစ်ပတ်ကိုနှစ်ခေါက်လောက်ပဲရတယ်တဲ့ အဲ့ကြောင့်ပစ္စည်းအဝင်ကအရင်ကထက်းတော့နည်းတယ် အဲ့တာကိုအကြောင်းပြပြီးကုန်စုံဆိုင် တွေကစျေးတင်ပြီးရောင်းတာတွေရှိတယ်”လို့ ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။
ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဂိတ်တွေ ၅ ခုထက်မနည်းရှိပြီး အဲ့ဒီဂိတ်တွေမှာ အကောက်အခွန်အများအပြားပေးဆောင်ရတာကြောင့် ပူတာအိုဒေသမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့လည်း ပူတာအိုဒေသခံတွေပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကိုသိမ်းလိုက်တဲ့နောက် ပူတာအို–မြစ်ကြီးနားလမ်းကားလမ်းပိုင်းရဲ့၆၀ ရာခိုင်နှုန်းကို KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားပြီး မြို့တွင်းနဲ့ကျန်တဲ့နေရာကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့ရဲ့အထက်ဘက် မိုင် ၂၁၈ မိုင်အကွာမှာရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးခဲ့ပေမယ့် ခုနောက်ပိုင်းပြန်လည်ပြုပြင်ပြီး ပုံမှန်တိုင်းသွားလာနေတာလည်းဖြစ်ပါတယ်။
By – Zaw Zaw