ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြား တိုက်ပွဲဖြစ်နေတဲ့ အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ တစ်ရက်တွင်းလေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲက ဒီမနက် ၂ နာရီဝန်ကျင်လောက်ကနေ ဖြစ်နေတာ နေ့လည် ၁၂ နာရီလောက်အထိဟုတ်တယ်။ မနက်ပိုင်းမှာတင် လေကြောင်းနဲ့ လာပစ်တာ ၅ ကြိမ်လောက်ရှိပြီ။ စစ်တပ်ဘက်ကနေ နေ့တိုင်းလိုလို ထိုးစစ်ဆင်ပြီးတိုက်ခိုက်နေတာ”လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ ၄ လခန့်ကြာလာတဲ့အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ အောင်မြေကျေးရွာမှာ စစ်အင်အား ၄၀၀ ခန့် စစ်အင်အားတိုးချဲ့ထားပြီး မိုးမောက်မြို့နယ်ဘက်ကို ဝင်ရောက်နိုင်ဖို့ရန်အတွက် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
KIA ဘက်ကလည်း ၄ လခန့်ကြာမြင့်လာတဲ့အထိ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ခုခံတိုက်ခိုက်နေပြီးတော့ ဗန်းမော် ၅ မိုင်ကုန်းအထိ စစ်ကောင်စီတပ်သားတွေရဲ့ ထောက်ပို့လမ်းနေရာတွေကို ဖြတ်တောက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
မိုးမောက်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတာ ၄ လခန့်ကြာမြင့်လာပြီဖြစ်မယ့် စစ်ကောင်စီတပ်တပ်တွေက မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြန်လည်ရရှိဖို့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီ အရှေ့ဘက်ခြမ်း KIA သိမ်းပိုက်ဖို့ နောက်ဆုံး ကျန်ရှိနေတဲ့ ဗန်းမော်မြို့ကို KIA က တိုက်ပွဲဖော်ဆောင်မှာကို စိုရိမ်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဒီတလော ပိုဆိုးလာတယ်လို့မြင်တယ်။ စစ်တပ်ဘက်ကနေ နေ့တိုင်းလိုလို တိုက်ပွဲဖော်ဆောင်နေတာ။ ဘာလို့လဲဆိုတော့ KIA တပ်တွေ ဗန်းမော် ၅ မိုင်၊ ၆ မိုင် ဒီဘက်ကျော်လာရင် ဗန်းမော်ကို ဝင်ဖို့ အရမ်းလွယ်ကူသွားပြီ။ အဲ့ကြောင့် ၆ မိုင်၊ ၇ မိုင်ကုန်းမှာ KIA တက်လာလို့မရအောင်၊ နောက်ပြီး စစ်ကောင်စီတပ်တွေလည်း မိုးမောက်ဘက်ကို ထိုးမရအောင် နှစ်ဖက်စစ်တပ်က ဗန်းမော်နဲ့ မိုးမောက်ကြားမှာ နေ့တိုင်းလိုလိုတိုက်ပွဲဖြစ်နေကြတာ။ ဗန်းမော်မြို့မှာ နေတဲ့ ပြည်သူတွေကလည်း ဘာပဲဖြစ်ဖြစ် မြို့ထဲကို ဝင်လာမှာပဲထင်နေကြတာ။ အဲဒါကြောင့် သတိထားပြီနေနေရတယ်”လို့ပြောပါတယ်။
တရုတ်နယ်စပ်တစ်ကြောက မြို့နေရာ အားလုံးနီးပါကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ကတည်းက စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ကို ကာကွယ်နိုင်ဖို့ရန်အတွက် မိုးမောက်မြို့နယ်ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်တာ ပိုပြင်းထန်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းအတွင်း ဗန်းမော်မြို့ပြင်ကို သွားလာတဲ့ပြည်သူတွေလည်း စစ်ဆေးရေးတင်းကြပ်ပြီး ငွေသားပါတဲ့ ပြည်သူတွေဆီကနေ အမျိုးမျိုးပြောဆိုပြီး လုယူတာတွေလည်း လုပ်နေတယ်လို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)