မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ

ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့ ရွာသားတွေက စာသင်ကျောင်းမှာ တပ်မချဖို့ ဘယ်လောက်သွားပြောလဲ မရဘူး။ သေနတ်တွေနဲ့လည်း ခြိမ်းခြောက်တယ်။ လုံး၀မဖယ်ပေးဘူးတဲ့။ သူတို့ကို ပေးမနေဘူးဆိုရင် ကျောင်းလည်းမဖွင့်နဲ့တဲ့။ကျောင်းရှေ့က အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်။ ကျောင်းကိုလည်း ပိတ်ကာပေးလိုက်တယ်” လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

မန်ပိန်းကျေးရွာအုပ်စု အခြေခံမူလတန်းကျောင်း ကျောင်းဆောင်သစ်မှာတော့ လက်ရှိ ကလေးတွေကျောင်းတက်နေတာဖြစ်ပြီး ကျောင်းဆောင်ဟောင်းမှာ TNLA နိုဝင်ဘာလ ၂၅ ရက်နေ့ကစ ရှင်းလင်းရေးလုပ်ပြီး နေရာယူ တပ်စွဲလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျောင်းသားမိဘတချို့သွားပြီး ကျောင်းနယ်မြေမှာ နေရာမယူဖို့ TNLA ကို ပြောဆိုတောင်းဆိုခဲ့ပေမဲ့ TNLA က လုံး၀လက်မခံတဲ့အပြင် ခြံစည်းရိုးထပ်ကာလိုက်ပြီး တပ်ချနေတယ်လို့ သိရပါတယ်။

TNLA တပ်ကို အကြိမ်ကြိမ်ပြောဆိုလည်း မရတဲ့အတွက် နိုဝင်ဘာ ၃၀ ရက်နေ့ ရပ်မိရပ်ဖများ ၊ ကျောင်းသားမိဘ၊ ကျောင်းကော်မတီတွေနဲ့ ကျောင်းဆရာဆရာမအားလုံး TNLA ကို ကျောင်းနေရာကနေ ဖယ်ပေးဖို့ သွားတောင်းဆိုခဲ့ကြရာ TNLA က ဒေသခံရွာသားတွေကို သေနတ်မြောက်ခြိမ်းခြောက်တာအပြင် ကလေးတွေစာသင်နေတဲ့ ကျောင်းကိုလည်း သစ်သားနဲ့ပိတ်ပေးလိုက်ပြီး ကျောင်းရှေ့ ကချင်အမျိုးသားအလံကိုလည်း ဆွဲဖြုတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် TNLA ဘက်က ၎င်းတို့ကို တပ်ချခွင့်မပေးရင် ကျောင်းလည်းမဖွင့်ရလို့ ဆိုကာကျောင်းရှေ့အလံကိုဆွဲဖြုတ်ပြီး ကျောင်းကို ခြံကာပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။

သို့သော် ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ဒီနေ့မှာတော့ ကျောင်းသားမိဘတွေ TNLA ကားထားပြန်ဖယ်လိုက်ပြီး ကျောင်းဆက် တက်နေတယ်လို့ ပြောပါတယ်။

ကျောင်းကို ကာပိတ်ပေးလိုက်တယ်။ ကလေးတွေနဲ့ မိဘတွေ ပြန်ဖြုတ်ပြီး ကျောင်းတက်တယ်။ ဒါပေမဲ့သူတို့က ပြန်ပိတ်ပေးလိုက်တယ်။ မနေ့ကတော့ Spot day ဆိုတော့ ကလေးတွေလာပြီး ခဏလောက်ကစားကြတယ်။ ဒါပေမဲ့ ပလောင်မိဘတွေက သူတို့ကလေးတွေ ပြန်လာခေါ်လိုက်ကြတာ တွေလည်းဖြစ်နေတယ်။ အခုက TNLA က သူတို့ကို နေခွင့်မပေးလို့ကျနော်တို့ကျောင်းကိုလည်း ပိတ်ပေးဖို့ ပြန်ကြိုးစားလာတာပေါ့။ လုံး၀ မဖယ်ပေးဘူးတဲ့။ သူတို့လူကြီးတွေနဲ့လည်း ညှိလို့မရဘူးပဲပြောတယ်။ ရွာသားတွေကို လူကြီးတွေနဲ့ တွေ့ခွင့်ပေးပါဆိုလည်း သူတို့က ဘာမှ တွေ့ခွင့်လည်းမပေးဘူးလို့ မန်ပိန်းကျေးရွာဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။

လက်ရှိ TNLA ဘက်က နေရာယူတပ်ချလိုက်တဲ့ ကျောင်းဆောင်ဟောင်းဟာ အရင် ကိုဗစ်၁၉ မဖြစ်ခင်အထိ ဖွင့်လှစ်သင်ကြားခဲ့တဲ့နေရာဖြစ်ပြီး ဒေသခံကျောင်းသားမိဘတွေက အဲဒီကျောင်းဆောင်ဟောင်းကို ပြုပြင်ပြီး မူလွန်ကျောင်းအဆင့် အတန်းတိုးချဲ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန်မှာပဲ TNLA တပ်တွေ တပ်စွဲဖို့ အတင်းအဓ္ဓမ သိမ်းယူလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ပြန်ကြားရေးဌာနကို ကချင်သတင်းဌာန KNG ကဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်အကြောင်းပြန် ဖြေကြားပေးတာမျိုး မရှိသေးပါဘူး။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ ဒေသ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမြို့ မန်ပိန်းကျေးရွာမှာ အိမ်ခြေ ၃၀ ခန့်ရှိပြီး ဒေသခံရပ်မိရပ်ဖတွေဟာ KIO အစိုးရ နဲ့ ချိတ်ဆက်ကာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပညာရေးကျောင်းဖွင့် လှစ်ထားတာဖြစ်ပါတယ်။

ဒီကျောင်းမှာ မန်ပိန်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက နားစမို့ရွာ( Na samu )၊ ခဖော့ရွာ(Hka hpaw) ဇွပ်ရာ(Zupra)၊ ကောင်ရာ(Kawngra) စတဲ့ကျေးရွာတွေက ကျောင်းသားတွေ လာရောက်ပညာသင်ယူနေကြတာဖြစ်ပြီး ကျောင်းသားအားလုံးပေါင်း ၆၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

နမ့်ဖတ်ကာအနီးက မန်ပိန်းကျေးရွာတဝိုက်မှာ ကချင်၊ ရှမ်း၊ ပလောင်၊ တရုတ် စတဲ့ တိုင်းရင်းသားတွေ အတူယှဉ်တွဲနေထိုင်ကြပြီး လူဦးရေ အိမ်ခြေနည်းပါးတဲ့ ကျေးရွာအုပ်စုတစ်ခုလည်းဖြစ်ပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ နမ့်ဖတ်ကကာအနီး ခိုမုန်းကျေးရွာမှာလည်း ကျေးရွာဒေသခံတွေ ကန့်ကွက်နေတဲ့ကြား ကျေးလက်ကျန်းမာရေးဌာနတွေမှာ ရုံးစိုက်နေရာယူလိုက်တာတွေ ပညာရေးကျောင်းနေရာမှာ တွဲပြီး တပ်စွဲလိုက်တာတွေကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက ပြုလုပ်နေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button