ငလျင်အပြီး နိုင်ငံတစ်ဝှမ်း စစ်တပ်က လေကြောင်း နဲ့ လက်နက်ကြီး ပစ်ခတ်မှုအကြိမ် ၃၀၀ ဝန်းကျင် လုပ်ဆောင်ခဲ့

ငလျင်နောက်ဆက်တွဲ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြင်း ငလျင်လှုပ်ပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၃၀၀ ဝန်းကျင်ပြုလုပ်ခဲ့တယ်လို့ Justice Myanmar ရဲ့ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားပါတယ်။
ဧပြီလ ၂၃ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုမှာဖော်ပြထားတာဖြစ်ပြီး အရပ်သားတွေကိုသတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါထိခိုက်စေတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝှမ်းယာယီအပစ်ရပ်တယ်လို့ ကြေညာထားပေမဲ့ ကချင်ပြည်နယ်တစ်ဝှမ်းမှာတော့ အပစ်ရပ်တာမရှိကြောင်း အခုလိုတုံ့ပြန်ပါတယ်။
“ဘာမှမရပ်ပါဘူး တစ်ရက်မှမရပ်ပါဘူး။ နေ့တိုင်းသူတို့ကထိုးစစ်ဆင်နေတာ။ လေကြောင်းနဲ့မြေပြင်နဲ့ အမြဲတမ်းထိုးစစ် လုပ်နေတာ။ အခုလည်း အပစ်ခတ်ရပ်စဲရေးထပ်တိုးရင်လည်းဘဲ ဖားကန့်ဘက်မှာသူတို့က စစ်ကြောင်းအင်အားစုပြီးမှ ထိုးလာတာ။ ဒါ့ကြောင့်သူတို့ရဲ့အပစ်အခတ်ရပ်စဲရေးဆိုတာအတုအယောင်ပါ။” လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်နောက်ဆက်တွဲ ထူထောင်ရေးအတွက်ဆိုကာ ပထမအကြိမ် ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ အပစ်ရပ်ကြောင်း ကြေညာထားခဲ့ပြီး အဲ့ဒီအပစ်ရပ်ကာလပြည့်တဲ့ညမှာဘဲ အပစ်ရပ်ကာလကို နောက်ထပ်တစ်ပတ် ထပ်တိုးကြောင်းကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတစ်ချို့ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးတွေအပါအဝင် အရပ်သား ၂၇ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။
အင်အားပြင်းငလျင်ကြောင့် သေဆုံးမှုထောင်နဲ့ချီရှိနေပေမဲ့လည်း စစ်ကောင်စီတပ်ကစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ် အမျိုးမျိုးသောရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှဒတွေကိုကျူးလွန်နေဆဲလို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ BWU ကထောက်ပြပါတယ်။
“ ထူးခြားမှုတစ်ခုကဘာရှိလဲဆိုရင် အရင်လတွေထက်စာရင်၊ ဒီလအတွင်းမှာပိုပြီးတော့မှ အကြိမ်ရေစိပ်လာတာတွေတွေ့ရ တယ်။ အကြိမ်ရေပိုများလာတာတွေ့ရတယ်” လို့BWU ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ယဉ်မျိုးလှိုင်ကပြောပါတယ်။
တစ်ဖက်မှာ ငလျင်ဘေးကြောင့်ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ခုခံမှုမှအပထိုးစစ်အားလုံးရပ်တန့်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ တစ်ခြားသောလက်နက်ကိုင်အဖွဲ့တွေကလည်း ကြေညာခဲ့ကြပါတယ်။
ဒါပေမဲ့အဲ့ဒီအပစ်ရပ်ကြောင်းကြေညာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ကာကွယ်ရေးတပ်တွေအပါအဝင် အပစ် မရပ်ထားတဲ့တော်လှန်ရေးအင်အားစုတွေကလည်း ထိုးစစ်တွေဆက်လက်လုပ်ဆောင်ခဲ့ကြပြီး ဖလမ်းမြို့နယ်နဲ့ အင်းတော်မြို့ နယ်တို့ကို တော်လှန်ရေးအင်အားစုတွေက အပြီးသတ်သိမ်းယူခဲ့ပါတယ်။
ရာစုနှစ်တစ်ခုကျော်အတွင်းမှာ စစ်ကိုင်းနဲ့မန္တလေးဒေသတွေကိုဗဟိုပြလှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာနေထိုင်တဲ့ လူဦးရေ ၁၇ သန်းက ငလျင်ကြီးရဲ့သက်ရောက်မှုဒဏ်ကိုရင်ဆိုင်ရနိုင်တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။



