သတင်း

ဖားကန့်မှာ မြေစာပြိုကျလို့ ရေမဆေးသမား နှစ်ဦးသေဆုံး

ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျလို့ ကျောက်ရှာဖွေတဲ့ရေမဆေးသမား ၂ ဦးသေဆုံးသွားတယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင် မှော်စီစာကျေးရွာ၊သာယာကုန်းအောက်နားမှာရှိတဲ့ (ဒေသအခေါ်)စိန်စိန်လုပ်ကွက်ဟောင်းမှာ ရေမဆေးသမားနှစ်ဦး လက်ကျင်းတူးနေချိန် ခေါင်းပေါင်းမြေစာပြိုကျခဲ့တာဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။ 

ဟုတ်တယ် ကမ်းပါးမှာ ကျင်းတူးနေတာ အပေါ်ကခေါင်းပေါင်းမြေစာပြတ်ပြီးပါသွားတာ လောလောဆယ်တစ်လောင်းပဲတွေ့သေးတယ်လို့ ဖားကန့်မှာနေထိုင်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

မြေစာပြိုကျမှုကြောင့် သေဆုံးသွားသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် ကိုလင်းခန့်နဲ့ အသက် ၄၂ နှစ်အရွယ် ကိုမင်းဇော်တို့နှစ်ဦးဖြစ်တယ်လို့သိရပြီး ကိုမင်းဇော်ရဲ့ရုပ်အလောင်းကိုတော့ နေ့လည် ၁ နာရီဝန်းကျင် ရှာဖွေတွေ့ရှိထားပြီလို့ သိရပြီး ကိုလင်းခန့်ရုပ်အလောင်းကို ညနေ ၃ နာရီဝန်းကျင်ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသကို KIA ပူးပေါင်းတပ်က မှော်ဒေသတစ်ချို့ထိန်းချုပ်ထားသလို၊ စစ်ကောင်စီတပ်ကလည်း မြို့အနီးဝန်းကျင်မှော်ဒေသတစ်ချို့ထိန်းချုပ်ထားပါတယ်။ စစ်တပ်ဘက်ကတော့ ၂၀၂၂ ခုနှစ်နောက်ပိုင်းကစလို့ ဖားကန့်ဒေသတွင်း နိုင်ငံပိုင် ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် တူးဖော်နိုင်ရန် ဖားကန့်၊ မော်လူး၊ မော်ဟန် စတဲ့ ရတနာနယ်မြေများမှ ကျောက်စိမ်းရိုင်းတူးဖော်မှုကို ဆက်လက်တူးဖော်ခွင့်မပြုတော့ကြောင်း ၃ နှစ်ဆက်တိုက်ထုတ်ပြန်ထားပါတယ်။

သို့သော် လက်ရှိ ဖားကန့်မှာ လက်နက်ကိုင်တပ်နှစ်ဖက်စလုံးထိန်းချုပ်ထားတဲ့နေရာတွေမှာ ကျောက်စိမ်းတူးဖော်မှုပုံမှန်ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် လတ်တလောမှာတော့ မိုးတွင်းကာလမို့ ကုမ္မဏီကြီးတွေ လုပ်ကွက်အများပိုင်းနားထားပေမယ့် တစ်ပိုင်တစ်နိုင်ကျောက်စိမ်းတူးဖော်သူများဟာ လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေကြေးပေးဆောင်ပြီး တူးဖော်တာတွေ ရှိနေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ 

ခုက ကုမ္မဏီကြီးတွေကလုပ်ငန်းနားထားကြတာလေ။ အဲတော့ ဆိုင်ရာပိုင်ရာ နိုင်သလောက်လေး တိုက်နယ်တို့၊ဒီဘက်က သယံဇာတအဖွဲ့တွေနဲ့ ကျင်း ပေ ၂၀ ဆို ၂၀ ဝယ်ပြီးတူးတာ။တစ်ချို့ကျတော့လည်း အစုပုံစံနဲ့တူးတာ ကိုယ့်ရေမဆေးနဲ့ကိုယ်တူးကြတဲ့ကျင်းတွေဟုတ်တယ် ခုပြိုတဲ့နေရာက အဲလိုမျိုးနေရာလို့ နောက်ထပ်ဖားကန့်မှာနေထိုင်တဲ့အမျိုးသားတစ်ဦး ပြောပါတယ်။

ဖားကန့်မှာ နှစ်စဉ်နှစ်တိုင်း ကျောက်စိမ်းလုပ်ကွက်မြေစာပုံပြုကျမှုကြောင့် ရေမဆေးသမားသေဆုံးမှုပုံမှန်ရှိနေပြီး ၂၀၂၀ ခုနှစ် ဂွေခါမှော်ဒေသ မြေစာပုံပြိုကျမှုဖြစ်စဉ်ဟာ ရေမဆေးသမား ၂၀၀ ဝန်းကျင်အထိ သေဆုံးတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

By – Zami

Show More

Related Articles

Back to top button