လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အင်းတော်ကြီးဒေသမှာ SNA တပ်က လူမျိုးရေးအခြခံပြီး ခြိမ်းခြောက်မှု ပြုလုပ်နေ

ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်က ဒေသခံ ကချင်နေအိမ်တွေကို ချိတ်ပိတ်ပြီး ဖမ်းဆီးသတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုနေတဲ့အတွက် ကချင်လူမျိုးအများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ကချင်မျိုးနွယ်စု အများဆုံးနေထိုင်တဲ့ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာ ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ နောက်ဆုတ်လိုက်ပြီးနောက် အင်းတော်ကြီးဒေသတစ်ခုလုံးကို SNA တပ်က စစ်ဆင်ရေးတစ်ခုအနေနဲ့ စတင်လုပ်ဆောင်လာတာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံတွေ ပြောပါတယ်။

အင်းတော်ကြီးဒေသ နန့်မွန်းမြို့၊ မိုင်းနောင်နဲ့ မမုံကိုင် ဒေသမှာရှိတဲ့ ကချင်နေအိမ်တွေ လိုက်လံချိတ်ပိတ်နေတဲ့အပြင် ကချင်လူမျိုးတွေဆက်ပြီး နေထိုင်လို့မရအောင် လူမျိုးပြဿနာဖော်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ မိုင်းနောင်ဒေသခံ ကချင်အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

လက်ရှိအခြေအနေက တခြားရှမ်း၊ ဗမာတွေက ရွာထဲကို ဝင်လို့ရတယ်။ ပြန်ထွက်လို့ မရဘူး။ ကချင်နေအိမ်တိုင်းလိုလိုကို ချိတ်လိုက်ပိတ်နေတယ်။ ကျမတို့တောင် တောလမ်းကနေ ဖြစ်သလို ထွက်ပြေးလာနိုင်ခဲ့တယ်။ အခုလည်း ကျမတို့လို ထွက်ပြေးလာတဲ့သူတွေကို အချင်းချင်း ကယ်တင်ပေးနိုင်ဖို့ ဝိုင်းဝန်းကူညီပေးတာတွေ လုပ်ဆောင်နေပါတယ်။ ရွာထဲမှာ ကျန်ရှိသေးတဲ့ သူတွေလည်းရှိပါတယ်လို့ ပြောပါတယ်။

အင်းတော်ကြီးဒေသ မိုင်းနောင်နဲ့ မမုံကိုင်ဒေသမှာ ရှမ်းနီ SNA တပ်တွေ လူမျိုးရေးခြိမ်းခြောက်ခံနေရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်သူတွေ

ဒါကြောင့် လက်ရှိ အင်းတော်ကြီးဒေသမှာရှိတဲ့ ကချင်လူမျိုးအများစုက စစ်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေ တစ်ခုတည်း မဟုတ်ဘဲ လူမျိုးရေးခွဲခြားခြိမ်းခြောက်ခံနေရတဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စစ်ရှောင်လာကြတဲ့ အချင်းအချင်း အသက်အန္တရာယ် မရှိအောင် အချင်းအချင်းဝိုင်းဝန်း ကူညီနေကြရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

တိုက်ပွဲကြောင့် တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲကနေ ရှမ်းနဲ့ ဗမာလူမျိုးတွေက နေရပ်ကိုပြန်လာနေထိုင်ခွင့်ရှိကြပေမယ့် ကချင်လူမျိုးတွေက ဝင်ခွင့်မရရှိတဲ့အပြင် နေအိမ်တွေကိုပါ ချိတ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။

တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြရတဲ့ ကချင်စစ်ရှောင်တွေကလည်း လက်ရှိ ဖုန်းအင်တာနက်အခက်အခဲတွေကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရမှုရှိ မရှိ စစ်ရှောင်အချင်းချင်းကြားမှာ သိရှိဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်တွေ ပြောပါတယ်။

မိုင်းနောင် နဲ့ မမုံကိုင် နှစ်ခု စလုံးကို စစ်တပ်နဲ့ SNA တပ်က ထိန်းချုပ်လိုက်ပြီးနောက် ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားပြီး ကချင်စစ်ဘေးရှောင်ပြည်သူတစ်ချို့ မိုးညှင်း၊ ဟိုပင်နဲ့ မိုကောင်း လမ်းဘက်ကို ထွက်လာဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

စစ်တပ်နဲ့ ရှမ်းနီ SNA တပ်ရှိတဲ့ ဂိတ်နေရာတွေမှာ နန့်မွန်း၊ မိုင်းနောင်နဲ့ မမုံကိုင် ဇာတိဖြစ်တဲ့ ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ထားပြီး သွားလာခွင့်ပါ တားမြစ်ထားတယ်လို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ထားတယ်။ ဂိတ်တိုင်းကိုလည်း သွားလာဖို့အရမ်းခက်ခဲတယ်။ ပိုဆိုးထာက မိုင်းနောင် ဇာတိဆိုရင် ဘယ်ကိုမှ မသွားခိုင်းဘူး။ ဂိတ်တိုင်းမှာ ပိတ်ဆို့ခံရသလို ဖြစ်နေတယ်။ ဥပမာဟိုပင် မှတ်ပုံတင်ဆိုရင်တော့ ဂိတ်မှာ ဖြတ်ခိုင်းတာရှိတယ်။ ဒီအခြေနေကို ကြည့်ရင် သူတို့က ကချင်လူမျိုးရေးပြဿနာဖြစ်အောင် လုပ်နေတာ။ ဒါပြီးမှပဲ ကျန်တဲ့ ကိစ္စတွေ သူတို့ ဆက်လုပ်မယ်ပေါ့။ သူတို့ကိုယ်တိုင်လည်း အဲ့လို ကြွေးကြော်ထားတာ လို့ ပြောပါတယ်။

မိုင်းနောင်နဲ့ မမုံကိုင်ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကချင်ပြည်သူတွေ

စစ်ရေးကြောင့် ယခင်ကတည်းက စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေနဲ့ လက်ရှိ လူမျိုးရေးခြိမ်းခြောက်ခံရမှုကြောင့် ထပ်မံပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေ နဲ့ စစ်ရှောင်လူဦးရေ ပိုမိုများပြားလာတဲ့အတွက် လူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ အကူအညီများစွာ လိုအပ်နေတယ်လို့ဆိုပါတယ်။

စစ်ရှောင်တွေက လက်ရှိမှာ ဖုန်း အင်တာနက်အခက်အခဲတွေကြောင့် သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းတွေကို အကူအညီတောင်းခံဖို့ ခက်ခဲနေပြီး ကျေးရွာအချင်းချင်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ချိတ်ဆက်ဖို့အထိ ခက်ခဲနေတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေက ဟိုပင်အင်းတော်ကြီးဖားကန့် ဂွေခါလမ်းတစ်လျှောက်ကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

အင်းတော်ကြီးဂွေခါလမ်းကြောင်း ကို အစစ်အဆေးတင်းကြပ်ထားပြီးတော့ ခရီးသွားလာတဲ့ ပြည်သူတွေထဲမှာ ကချင်လူမျိုးတွေဆိုရင် ဖမ်းဆီး စစ်ဆေးမှု၊ ဘာသာရေး အသင်းတော် လုပ်ငန်းနဲ့ သွားလာတဲ့ ကားတွေကိုလည်း အသင်းတော်အလံနဲ့ အမှတ်တံဆိပ် စတိတ်ကာတွေဆွဲဖြဲပေးလိုက်တဲ့ ဖြစ်စဉ်၊ ကက်သလစ်ဘာသာဝင် ဆစ်စတာတွေကိုလည်း ဝတ်ဆင်ထားတဲ့ သင်္ကန်းဝတ်စုံတွေကို ချွတ်ခိုင်းပြီး စစ်ဆေးတာတွေ လုပ်တဲ့အထိ စစ်ဆေးရေးလုပ်နေတယ်လို့သိရပါတယ်။

ဂွေခါလမ်းနဲ့ ပတ်သက်ပြီး အသင်းတော်က ကားတွေ သွားရင် ကားမှာ အသင်းတော်ကားဖြစ်လို့ အသင်းတော်အမှတ်တံဆိပ် ကပ်ထားတဲ့ စတိတ်ကာတွေ ဆွဲဖြဲပေးလိုက်တယ်။ အသင်းတော်အလံတွေ ချိုးပေးလိုက်တယ်။ ပြီးရင် လူမျိုးရေးနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့ စားလုံးတွေ အရမ်းဆိုးရွားတယ်။ ဥပမာကချင်တွေကို ကားမတင်ဖို့ ကားသမားတွေကို အော်ပြောတာတွေ၊ ကားတွေ စစ်ရင်တောင် ကချင်ပါမပါ အရင်စစ်တာ။ ပြီးခဲ့တဲ့ တစ်ရက်မှာ ဖားကန့် လုံးခင်းက ကက်သလစ် ဆစ်စတာတွေ တက်လာတယ်။ ရှမ်းနီ စစ်ဆေးရေးဂိတ်မှာ နန့်မွန် စစ်ဆေးရေးဂိတ်မှာ ပြင်းပြင်းထန်ထန် စစ်ဆေးတာတွေလုပ်တယ်။ ဆစ်စတာတွေရဲ့ ဂုဏ်သိက္ခာကျရလောက်တဲ့အထိစစ်ဆေးကြတယ်လို့ နောက်ထပ် ဖားကန့် ဒေသခံတစ်ဦးက ပြောဆိုတာဖြစ်ပါတယ်။

အင်းတော်ကြီးဖားကန့် ဂွေခါလမ်းကို အသုံးပြုတဲ့ ခရီးသွားပြည်သူတွေကို များသောအားဖြင့် ကချင်လူမျိုးတွေကိုသာ အဓိက စစ်ဆေးရေးတင်းကြပ်ထားပြီး ခရီးသွားလာတဲ့ ကချင်ပြည်သူတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့များ Photo – The Voice Of Shan Ni

သွားလာရေး လမ်းကြောင်းတွေ ပိတ်ဆို့ခံရတဲ့အပြင် ဇူလိုင်လ ၂၂ ရက်နေ့အထိလည်း အင်းတော်ကြီးထဲက လုံးတုံနဲ့ ဟေပန်းလမ်းဆုံနေရာတွေမှာ ရှမ်းနီး SNA တပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား အပြန်အလှန် စစ်ရေးတင်းမာမှုဖြစ်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်တွေနဲ့ KIA တပ်တွေကြား တစ်နှစ်ကျော်အကြာအထိ တိုက်ပွဲငြိမ်သက်ခဲ့ပြီး မေလအတွင်းမှာပဲ စစ်ရေးတစ်ဖန်ဖြစ်လာကာ အင်းတော်ကြီးဒေသရှိ ဆနွန်းကျေးရွာမှာ တစ်လခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက အင်းတော်ကြီးဒေသက စစ်တပ်အတွက် အရေးပါတဲ့ ညောင်ပင်၊ ချောင်းဝ နေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး မိုင်းနောင်၊ မမုံကိုင် စတဲ့ကျေးရွာတွေအပါ KIA က ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲပြန်လည်ဖြစ်ပွားတဲ့ မေလမှာ ဆနွန်းကုန်းကျေးရွာကို KIA က လက်လွတ်လိုက်ရပြီး ၂ လကျော်ခန့်အကြာမှာ စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေ အင်းတော်ကြီးဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ရှမ်းနီအမျိုးသားတပ်မတော် SNA က စစ်အင်အားစုဆောင်းပြီး ‘ကျားဖြူစစ်ကြောင်းအမည်ပေးကာ စစ်ဆင်ရေးစတင်လိုက်တာဖြစ်ပါတယ်။

ရှမ်းနီ SNA တပ်ရဲ့ ‘ကျားဖြူစစ်ကြောင်းက ဇူလိုင်လ ၁၅ ရက်နေ့မှာ မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာ နှစ်ခုစလုံးကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကျေးရွာနှစ်ခုစလုံးကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ယခုလို အင်းတောင်ကြီးဒေသထဲ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကင်းစင်ရေးအတွက်နဲ့ လူမျိုးရေးခေါင်းစဉ်တပ်ပြီး ကချင်လူမျိုးဖြစ်တဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောဆိုလာတာဖြစ်ပါတယ်။

ကျားဖြူစစ်ကြောင်းဆိုပြီး စစ်အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကြောင်းက အင်းတော်ကြီးဒေသထဲမှာ ကချင်လူမျိုးတွေ နေထိုင်လို့မရအောင် ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းလိုက်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပြီး ဟုမ္မလင်း၊ ခန္တီး၊ အင်းတော်ကြီး၊ ဟိုပင်၊ မိုးကောင်းစတဲ့ မြို့နယ်အသီးသီးက ရှမ်းနီလူငယ်တွေ အဓိကဖွဲ့စည်းထားတယ်လို့သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို အမြစ်ပျက်ချေမှုန်းဖို့ ဖွဲ့စည်းလိုက်တဲ့ ‘ကျားဖြူစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုတော့ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိတဲ့ အကြောင်းကိုလည်း ဒေသအတွင်းရှိတဲ့ ရှမ်းနီအသံ The Voice of Shanni သတင်းဌာနမှာ ရေးသားဖော်ပြထားတာကို မြင်တွေ့ရပါတယ်။

အခုလို ရှမ်းနီ SNA တပ်တွေ စစ်အင်အားစုဆောင်းပြီး လက်နက်အင်အားနဲ့ ဒေသတစ်ခုကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့အပေါ်မှာ ရေရှည်မှာ ခိုင်မြဲလာမယ့် စစ်ဆင်ရေး မဟုတ်ဘူးသလို ဒေသကိုထိန်းချုပ်နိုင်လောက်တဲ့အထိ အခြေအနေ မဟုတ်ဘူးလို့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်လာသူတစ်ဦးက သုံးသပ်ထားတာဖြစ်ပါတယ်။

ဒါတွေက ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရင် အကုန်ပျောက်သွားမယ့် ကစ္စတွေပါ။ လက်နက်ကိုင်ပြီးမှပဲ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းမှရမယ်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာတာနဲ့ အကုန်ပြန်ပြီး ပြောဆိုရမယ့် ကိစ္စတွေလို့ပဲ မြင်ပါတယ်။ သေနတ်ကိုင်ပြီး တိုက်ခိုက်နေတာက ရေတိုတစ်ခုမှာ ဖြစ်နေတယ်လို့ပဲ မြင်ပါတယ် လို့ ပြောပါတယ်။

စစ်တပ် ကျောထောက်နောက်ခံ တစ်ခုကြောင့်သာ လက်ရှိမှာ စစ်တပ်ထောက်ခံတဲ့ အဖွဲ့အစည်းတွေ အားကောင်းနေကြပေမယ့် အခြေအနေတစ်ခုပြောင်းလဲနိုင်ဖို့အတွက် အချိန်ကာလတစ်ခုကိုတော့ စောင့်ဆိုင်းရမှာဖြစ်တယ်လို့ ဆက်လက်ဆိုထားတာ ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသမှာ ယခင်ကတည်းကပင် ရှမ်းနီး နဲ့ ကချင်လူမျိုးကြား လူမျိုးရေးပြဿနာတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိနေပေမယ့် အပြန်အလှန် ညှိနှိုင်းပြီး ရှမ်း၊ ဗမာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ အတူတကွယဉ်တွဲနေထိုင်လျက် ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသမှာ တခြားဒေသတွေလို တိုက်ပွဲတစ်ခုတည်းဖြစ်ပွားနေတာမျိုးမဟုတ်ဘဲ လူမျိုးရေးပြဿနာလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button