သတင်း

NSCN-K ဂိတ်ကို ရုပ်သိမ်းပေးဖို့သတိပေးထားပေမယ့် ရုပ်သိမ်းခြင်းမရှိလို့ KIA ဖယ်ရှား

ဒေသတွင်းပြသာနာကြီးထွားအောင် မလုပ်ကြဖို့ NSCN- K ( AM) အဖွဲ့ပြော

ကချင်ပြည်နယ် တနိုင်းမြို့နယ်၊တလူးကျေးရွာအနီး တနိုင်းချောင်း(Danai Kha)နံဘေးမှာထိုင်ထားတဲ့ NSCN-K(ယုန်းအောင်) တပ်ဖွဲ့ရဲ့စစ်ဆေးရေးနှင့်အကောက်အခွန်ဂိတ်တစ်ခုကို ရုပ်သိမ်းပေးဖို့ KIA က အကြိမ်ကြိမ်သတိပေးအကြောင်းကြားပေမယ့်ရုပ်သိမ်းပေးခြင်းမရှိတာကြောင့် KIA ဘက်က ဖယ်ရှားပေးလိုက်တယ်လို့သိရပါတယ်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တကားကျေးရွာနဲ့နီးတဲ့ တနိုင်းမြို့နယ်ထဲက တလူးကျေးရွာအနီးမှာ တစ်နှစ်ကျော်ကြာ ဂိတ်ထိုင်နေတဲ့ NSCN-K (ယုန်းအောင်) တပ်ဖွဲ့ရဲ့စစ်ဆေးရေးနဲ့အကောက်အခွန်ဂိတ်ကို ရုပ်သိမ်းပေးဖို့ KIA က NSCN-K (ယုန်းအောင်)တပ်ဖွဲ့ဆီစာပို့အကြောင်းကြားထားပေမယ့် ရုပ်သိမ်းပေးခြင်းမရှိတာကြောင့် သတိပေးစာပို့ပြီးနောက် တစ်နှစ်နီးပါးအကြာ ဇူလိုင်လ ၁၈ ရက်နေ့မှာ KIAက ဖယ်ရှားခဲ့တာဖြစ်ကြောင်း KIA သတင်းရင်းမြစ်တွေဆီကနေသိရပါတယ်။

အဲ့ဂိတ်ကိုမဖယ်ရှားခင်ကတည်းက KIAဘက်က NSCN-kကိုအကြောင်း ကြားထားတယ် ဂိတ်ရုပ်သိမ်းပေးဖို့ပေါ့ဒါပေမယ့်သူတို့ကဆက်ထိုင်နေတဲ့အတွက် ပြီးခဲ့တဲ့ ၁၈ရက်နေ့မှာ ညှင်သာတဲ့နည်းလမ်းသုံးပြီးဂိတ်ကိုဖယ်ရှားလိုက်တာဟုတ်တယ်လို့ KIA သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

KIA ဘက်က ဇူလိုင် ၁၈ ရက်နေ့ ဂိတ်ဖယ်ရှားချိန် စစ်ဆေးရေးဂိတ်မှာထိုင်နေတဲ့ NSCN-K ယုန်းအောင်တပ်သား ၁၆ ဦးကိုဖမ်းဆီးသွားတဲ့အပြင်လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

NSCN-Kရဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ဟာ တလူးရွှေမော်ဒေသရှိ ရွှေလုပ်ငန်းရှင်တွေနဲ့တခြားစီးပွားရေး လုပ်ငန်းရှင်တွေဆီက အခွန်ကောက်တာ၊ ဒါ့အပြင် တနိုင်း၊ရှင်ဗွေယန်ဘက်ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီစစ်သားတွေကို အဲ့ဒီဂိတ်ကနေတဆင့် ဖြတ်သန်းသွားလာခွင့်ပြုနေတာတွေကြောင့် ဖယ်ရှားခဲ့တာလို့ KIA ဘက်ကဆိုပါတယ်။

ခုလို KIA အနေနဲ့ NSCN-K(ယုန်းအောင်)တပ်ဖွဲ့ ဂိတ်ဖယ်ရှားတာအပြင် တပ်သားများကိုဖမ်းဆီးတာ၊ လက်နက်များသိမ်းဆည်းတဲ့ လုပ်ရပ်ကိုရှုတ်ချကြောင်းနဲ့ နာဂလူမျိုးများအပေါ် ရန်စတဲ့လုပ်ရပ်ဟုရှူ့မြင်ကြောင်း နာဂဒေသ၊ လေရှီးမြို့မှာအခြေစိုက်ထားတဲ့ နာဂကျောင်းသားများအဖွဲ့(NSO) ကဇူလိုင် ၂၂ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ 

ယင်းထုတ်ပြန်ချက်မှာနာဂနဲ့ကချင်လူမျိုးတွေဟာ နှစ်ပေါင်းများစွာ အပြန်အလှန်လေးစားတမူနဲ့အတူယှဥ်တွဲနေထိုင်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ကချင်ပြည်နယ် တနိုင်း၊ရှင်ဗွေယန်ဒေသတွေမှာလှုပ်ရှားသွားလာနေတဲ့နာဂလူငယ်တွေကိုဖမ်းဆီးမှုတွေလုပ်ဆောင်တာဟာ နာဂလူမျိုးကိုစော်ကားရာရောက်ကြောင်းနဲ့ယင်းလုပ်ရပ်တွေကိုလည်း နာဂလူမျိုးများကလက်တုံ့မပြန်ပဲသည်းခံခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

ဤကဲ့သို့ထုတ်ပြန်ရခြင်းနဲ့ပတ်သက်ပြီး NSO အဖွဲ့ဥက္ကဌ Mr.NaoGang Ngansa က KNG ကိုအခုလိုပြောပါတယ်။

အခုကပြည်သူ့ဘက်မဟုတ်ပဲနဲ့ နာဂလက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ၁၈ ရက်နေ့မှာ ဂိတ်မှာထိုင်တဲ့ အဲ့ဒီနေရာက ကချင်ပြည်နယ် တော့ဟုတ်ပေမယ့် လူမျိုးကနာဂတွေပဲအများပိုင်းနေတာဘိုးဘွားပိုင်မြေတွေပေါ့။ အဲ့မှာနေတဲ့နာဂရဲဘော်တွေကိုလည်းဖမ်းသွားတယ်ဆိုတအားများသွားပြီလေး အခုကနာဂလူမျိုးတွေလေးစဥ်းစားဖို့တခုဖြစ်သွားတာပေါ့ နှစ်ပေါင်းအကြာကြီးအတူယှဥ်တွဲနေလာပြီးမှအခုဖြစ်သွားတော့ နာဂလူမျိုးနဲ့နာဂတပ်မတော်အတွက်စဥ်းစားစရာဖြစ်သွားတာပေါ့ဒါ့ကြောင့် KIAနဲ့ကချင်လူထုကိုသေချာလေး message ပေးချင်တာပေါ့ ကျွန်တော်တို့ဘက်က ဘာမှမမှားပဲ ကျွန်တော်တို့ဘက်ကဘာမှအနောက်အယှက်မပေးပဲနဲ့ဘာလို့ဒီလောက်အဒီအဆင့်အထိ ဖြစ်သွားတာလဲဆိုတာ message ပေးချင်တာပေါ့နော်လို့ သူကပြောပါတယ်။

KIAအနေနဲ့ NSCN-K (ယုန်းအောင်) ရဲ့ဂိတ်ကို ရုပ်သိမ်းပေးဖို့အသိပေးထားပေမယ့် ရုပ်သိမ်းမပေးတာ ကြောင့်ဖယ်ရှားခဲ့တာဖြစ်ကြောင်းကိုလည်း NSO အဖွဲ့အနေနဲ့ကြိုတင်သိရှိထားကြောင်းသူကဆက်ပြောပါတယ်။

“KIAအနေနဲ့ အဲဒီမှာဂိတ်မထိုင်နဲ့ဆိုပြီး NSCNဘက်ကိုစာနဲ့အကြောင်း ကြားတာကြာပြီမနှစ်က ဒီချိန်လောက်ဖြစ်မယ် ဒါပေမယ့်လည်း နာဂရဲဘော်တွေအနေနဲ့ကိုယ်ဒေသကိုယ့်နယ်မြေ ကိုယ့်လုံခြုံရေးကိုကိုယ်ကမလုပ်ပေးရင်ဘယ်သူကလုပ်ပေးလလဲ ဒါတော့ကိုယ့်နယ်မြေကိုယ့်ဒေသပဲလေနေရမယ်ထိုင်ရမယ် အဲ့ဒါကြောင့်သူတို့က မနေနဲ့မထိုင်နဲ့ပြောတာကိုမပြန်လို့ဖမ်းသွားတာဖြစ်မှာပေါ့လို့သူကဆက်ပြောပါတယ်။

NSCN-K ယုန်းအောင်အဖွဲ့ဂိတ်ထိုင်ထားတဲ့နေရာဟာ နာဂဒေသနဲ့ကချင်အစပ်ကပ်လျက်ရှိတဲ့နေရာဖြစ်ပြီး လက်ရှိအချိန်ထိ နယ်စပ်မျဥ်းသီးသန့်သတ်မှတ်ထားခြင်းမရှိပဲ NSCN-K တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်ခပ္ပလန် လက်ထက်ကတည်းက KIA/KIO နဲ့ NSCN-Kတို့နှုတ်ဖြင့်သဘောတူ နားလည်မှုယူပြီးနေထိုင်လာတဲ့ ဒေသတွေဖြစ်ကြောင်းသူကဆက်ပြောပါတယ်။

NSO အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ KIAရဲ့လုပ်ရပ်ကို ရှုတ်ချကြောင်း ထင်ထင်ရှားရှားဖော်ပြထားပြီးဖမ်းထားတဲ့ တပ်သားတွေပြန်လွတ်ပေးဖို့ နဲ့လက်နက်တွေကိုပြန်ပေးဖို့တောင်းဆိုထားပါတယ်။

သို့သော် နာဂကျောင်းသားများအဖွဲ့(NSO) ရဲ့ထုတ်ပြန်ချက်ဟာ ဒေသတွင်းပြဿနာကို ပိုကြီးထွားလာအောင် ဆွဲထုတ်နေကြောင်း၊ယင်းထုတ်ပြန်ချက်ကိုလည်း လက်မခံကြောင်း NSCN-K(ယုန်းအောင်)အဖွဲ့ကနေ ခွဲထွက်သွားတဲ့ NSCN-k အန်းမိုင်းအဖွဲ့ကပြောပါတယ်။

ဒီ NSO အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကျွန်တော်တို့သဘောထားကတော့ဒါကိုငြင်းပယ်ပါတယ်။ လက်မခံစရာပေါ့ ဘာလို့ဆို အခုဖြစ်တဲ့ပြဿနာက KIAနဲ့ ဗိုလ်ချုပ်ယုန်းအောင်တို့အဖွဲ့ က ဒေသတွင်းနယ်နိမိတ်ထိစပ်တဲ့နားမှာ နားလည်မှုမှားယွင်းတာလို့ယုံကြည်တယ်။ဒါကြောင့် NSO ရဲ့ထုတ်ပြန်ချက်က နိုင်ငံရေးမတည်ငြိမ်အောင်လုပ်တာ ပြင်ပအဖွဲ့အစည်းက ဆူညံအောင်မြှောက်ပင့်တာမျိုးပဲ ဒါမျိုးမလုပ်သင့်ဘူးလို့ NSCN-K အန်းမိုင်းအဖွဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။

NSCN-Kခွဲထွက် ဗိုလ်ယုန်းအန်းမိုင်းဦးဆောင်တဲ့ NSCN-K (AM)အဖွဲ့ဟာ စစ်အာဏာသိမ်းနောက်ပိုင်း ဗိုလ်ချုပ်ယုန်းအောင်နဲ့သဘောထားကွဲလွဲမှုကြောင့်နှုတ်ထွက်သွားတာဖြစ်ပြီးလက်ရှိမှာတော့ စစ်ကောင်စီနဲ့ ဆွေးနွေးပြီးနားလည်မှုယူထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

တလူးကျေးရွာဟာ တနိုင်းမြို့အောက်ဘက် တနိုင်းချောင်းကနေ စုန်ဆင်းရတာဖြစ်ပြီး တလူးကျေးရွာဘက်အောက်ဘက် တဆက်တည်းမှာတော့ ယခင်က NSCN-K ဌာနချုပ်ထိုင်ခဲ့တဲ့ တကား ကျေးရွာရှိပြီး နာဂလူမျိုးတွေအများစုနေထိုင်တဲ့ဒေသဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button