သတင်း

ဗန်းမော်ကိုဦးတည်‌နေတဲ့ စစ်သင်္ဘောများ ရွှေကူမြို့မှာဆိုက်ကပ်တာ ၄ ရက်ကြာရှိလာ

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဦးတည်ဆန်တက်လာနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ရွှေကူမြို့ကိုရောက်ရှိလာပြီး ကျောက်ချထားတာ ၄ ရက်ကြာရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ နဲ့ ၂၂ ရက်နေ့တွေကစပြီး မန္တလေးဂေါဝန်ဆိပ်ကမ်းကနေထွက်လာတဲ့ စစ်သင်္ဘောစုစုပေါင်း ၂၀ ကျော်ထဲက စစ်သင်္ဘော ၁၂ စီးဟာရွှေကူမြို့မှာ ဒီနေ့အထိဆိုက်ကပ်ထားဆဲဖြစ်ပြီး တစ်ချို့စစ်သင်္ဘောဟာ ကသာမြို့နယ်မှာပဲကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။

တစ်ဖက်မှာ ဇူလိုင်လ ၂၆ ရက်နေ့ ကသာမြို့နယ် မိုးတားလေးရွာနဲ့ရွှေကူမြို့နယ်ကြားမှာ တော်လှန်ရေးအင်အားစုတွေကပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်သင်္ဘောငယ်တစ်စီးပျက်ဆီးခဲ့ရပြီး သေဆုံးမှုတွေလည်းရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောတွေ ရွှေကူမြို့နယ်ကိုရောက်ပြီး နောက်နေ့မှာတော့ မြေပြင်ခြေလျင်စစ်ကြောင်းတွေစစ်ရေးလှုပ်ရှားလာသလို စစ်သင်္ဘောတစ်ချို့ထွက်ခွာဖို့လုပ်ရင်းငဘတ်ဝကျေးရွာတစ်ဝှိုက်နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကအတည်ပြုပါတယ်။

ထိတွေ့တိုက်ပွဲငဘတ်ဝမှာဖြစ်တော့ သူတို့ပစ်ကူပေးရင်းနဲ့စစ်သင်္ဘောတစ်စီးက ထွက်ခွာသယောင်လုပ်ပြီး ငဘတ်ဝထိတွေ့တိုက်ပွဲမှာလာကူတယ်။ ပြီးတော့ရွှေကူမြို့နယ်မှာပဲပြန်ကပ်ထားတာ။ အခုထိတော့စစ်သင်္ဘောတွေကလှုပ်ရှားမှုမရှိသေးဘူးလို့နောက်ထပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောများဆန်တက်လာချိန်တိုင်း မြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်လေ့ရှိတာကြောင့် ဒေသခံတွေကြိုတင်တိမ်းရှောင်တာတွေလုပ်ခဲ့ပေမဲ့ ကသာ၊ရွှေကူမြို့တွေမှာ ဒေသခံတစ်ချို့သေဆုံးခဲ့ရပါတယ်။

ကသာမြို့နယ်ကနေစတင်ထွက်ခွာလာတဲ့ ဇူလိုင် ၂၆ ရက်နေ့မနက်ပိုင်းမှာ ကသာ၊ရွှေကူ မြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရန်သူ့ရဲ့လေယာဥ်ဗုံးကြတဲ့အချိန်မှာထိတာ။ ပြည်သူတစ်ယောက်သေတယ်။ ဒဏ်ရာရာတာကသုံးယောက်။ နောက်ထပ်ဒဏ်ရာအသေးစားရတာတွေလည်းရှိသေးတယ်။ တော်လှန်ရေးရဲဘော်တွေတော့ဘေးကင်းတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းကစေတီတွေ၊ဘုရားဆင်းတုတွေခေါင်းတွေပြတ်ပြီးပျက်ဆီးသွားတာတွေရှိတယ်လို့ မိုးတားလေးတိုက်နယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့တဲ့အရပ်သား ၂ ဦးအထိရှိခဲ့ပြီး မိုးတားလေးတိုက်နယ် မြေနုကျေးရွာကအမျိုးသားတစ်ယောက်နဲ့ ရွှေကူမြို့နယ်ဘိုကုန်းကျေးရွာက အမျိုးသားတစ်ယောက်ထပ်ပြီးသေဆုံးခဲ့ရတာလို့သိရပါတယ်။

ဒါ့အပြင် မိုးတားလေးမြို့နယ်ထဲက ဘုန်းကြီးကျောင်းစေတီနဲ့ ဘုရားဆင်းတုတွေပျက်ဆီးခဲ့ရသလို ကသာမြို့နဲ့ရွှေကူမြို့မြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ကျေးရွာအများစုကလေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ စစ်သင်္ဘောစတင်ထွက်ခွာတဲ့နေ့မှာပဲ ဝက်လက်မြို့နယ်မြစ်ကမ်းနဘေးကကျေးရွာသုံးခုကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ကျော်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ်ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button