ရွှေကူအရှေ့ဘက်ခြမ်း စစ်တပ်က ထိုးစစ်ပြင်နေလို့ စာသင် ကျောင်းတစ်ချို့ပိတ်ထားရ
ကချင်ပြည််နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ထိုးဖို့ပြင်နေတဲ့အတွက် စာသင်ကျောင်းတစ်ချို့ ခနပိတ်ထားရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့တွင်းအထိုင်တပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ စစ်သင်္ဘောကနေ ပို့ဆောင်ထားတဲ့ စစ်သားအင်အားနဲ့လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေကူအရှေ့ခြမ်းရှိ ကျေးရွာဘက် စစ်ကြောင်းထိုးဖို့ပြင်ဆင်တာ၊ မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ စစ်ရေးလှုပ်ရှားတာတွေလုပ်လာတယ်လို့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။
“ဒီနေ့ထိတော့ရွာတွေဘက်ထိရောက်လာတာတော့မရှိသေးဘူး။ဒါပေမယ့် မြို့ပြင်ထွက်ပြီးလှုပ်ရှားလာတာတော့တွေ့ရတယ်ဒီလေးလမ်းဆုံဘက်တွေရောက်ရောက်လာတယ်။ အရင်ကသူတို့မြို့ဘက်မထွက်ဘူး တပ်အတွင်းမှာပဲအောင်းနေတာနှစ်နဲ့ရှိပြီအခုမှစပြီးပြန်လှုပ်ရှားလာနေတာထိုးစစ်ဆင်မယ့်ပုံစံသတင်းထွက်နေတယ်”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မန္တလေးဂေါဝန်ဆိပ်ကမ်းကနေတက်လာတဲ့ စစ်သင်္ဘောအစီး ၂၀ ကျော် ရွှေကူမြို့အထိုင်တပ်မှာ စစ်သည်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ချထားပြီးနောက် နှစ်နှစ်နီးပါးကြာစစ်ရေးလှုပ်ရှားမှုရပ်တန့်နေတဲ့ မြို့တွင်းအထိုင်တပ်က သြဂုတ်လ ၁ရက်နေ့ နောက်ပိုင်း တစ်ကျော့ပြန်ထိုးစစ်ဖို့ပြင်ဆင်လာနေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် ဩဂုတ်လ ပထမပတ်အတွင်းမှာ ရွှေကူအရှေ့ခြမ်းဘက်ကရွာတွေဘက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုနှစ်ကြိမ်ထက်မနည်းပြုလုပ်လာတဲ့အတွက် ရွှေကူအရှေ့ခြမ်းကျေးရွာရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတစ်ချို့ ပိတ်ထားရကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ကျောင်းတွေကတော့ပိတ်ထားရတယ် ထိုးစစ်ဆင်မလိုလိုဆိုတော့အခြေနေကြည့်ပြီးတော့ဘယ်တော့ပြန်ဖွင့်နိုင်မယ်တော့မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရွှေကူနယ်အရှေ့ခြမ်းမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၄၀ ကျော်ရှိပြီးမြို့နဲ့နီးတဲ့ ကျောင်းပေါင်း ၁၀ ကျောင်းထက်မနည်း ယာယီပိတ်ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် မြို့အနီး နောင်လတ်ကြီး၊ငှက်တံတားအပါကျေးရွာကပြည်သူတွေလည်းကြိုတင်ရှောင်တိမ်း ရှောင်တာတွေရှိနေတယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မန္တလေးကနေ ဗန်းမောက်မြို့ ကို ဆန်တက်သွားချိန် ရွှေကူနယ်ထဲက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေကိုလေယာဥ်နဲ့ဗုံးကျဲလို့ ငါးဘတ်ဝကျေးရွာထဲက လူနေအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ပြီးမြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေထဲက ပြည်သူ ၇ ဦးလည်း သေဆုံးခဲ့တယ်လို့ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ကနေသိရပါတယ်။
ရွှေကူမြို့နယ်ဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း မြို့အရှေ့ဘက်ခြမ်းရှိ ရွာပေါင်း ၂၀ ထက်မနည်း ရွာလုံးကျွတ်မီးရှို့ခံရလို့ ပြည်သူသောင်းချီနေရပ်စွန့်ခွာခဲ့ကြရပေမယ့် ၂၀၂၃ ခုနှစ် နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။
By – Zaw Zaw



