သတင်း

မြစ်ကြီးနား – မန္တလေး – ရန်ကုန် လေယာဥ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ မန္တလေးရန်ကုန် လေကြောင်းလိုင်းရဲ့ လေယာဥ်လက်မှတ်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေဆီကနေ သိရပါတယ်။

မြစ်ကြီးနားကနေ မန္တလေး၊ ရန်ကုန်အထိ အတက်အဆင်း လေယာဥ်လက်မှတ်စျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကနေစပြီး စမြင့်တက်လာနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ လေယာဥ်လက်မှတ်အရောင်းဌာနတစ်ခုမှ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်နေ့နောက်ပိုင်းကနေ့စတက်နေတာရှင့် တခါတက်ရင် သုံးသောင်း၊ ငါးသောင်း အထိတက်တယ်။ လေကြောင်းလိုင်းတွေအကုန်လုံးပဲတက်တယ် ဒီရက်ပိုင်းက နေ့တိုင်းစျေးအပြောင်းအလဲ ရှိတယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ မတိုင်မှီအထိ မြစ်ကြီးနားမန္တလေးလေယာဥ်လက်မှတ်စျေးအနိမ့်ဆုံး ကျပ် ၅ သိန်းဝန်းကျင်ရှိရာကနေ လက်ရှိ ကျပ် ၆ သိန်းဝန်းကျင်၊ မြစ်ကြီးနားရန်ကုန် ယခင်စျေးအနိမ့်ဆုံးကျပ် ၇ သိန်းဝန်းကျင်ကနေ လက်ရှိ ကျပ် ၉ သိန်းဝန်းကျင်အထိစျေးတက်နေကြောင်းသိရပါတယ်။

ခုလိုလေယာဥ်လက်မှတ်စျေးနှုန်းမြင့်တက်နေတာနဲ့ပတ်သက်ပြီး အကြောင်းရင်းကို မသိရပေမယ့် လေယာဥ်လက်မှတ်အရောင်းဌာနတစ်ချို့က အခုလိုသုံးသပ်ကြပါတယ်။

ဒီတစ်ခေါက်က ဘာကြောင့်တက်တယ်ဆိုတာအတိအကျတော့မသိရသေးဘူး။ ဖြစ်နိုင်ခြေကတော့လေယာဥ်ဆီစျေးတက်တာကြောင့်ဖြစ်ဖို့များတယ်။ ပြီးခဲ့တဲ့အရင်တခါစျေးတက်တုန်းကလည်း လေယာဥ်ဆီးစျေးတက်လို့လက်မှတ်တွေစျေးတက်တာလို့ မြစ်ကြီးနားမြို့တွင်း လေယာဥ်လက်မှတ် အရောင်းဌာနတစ်ခုက အမျိုးသားတစ်ဦး သုံးသပ်ပါတယ်။

ကချင်မှာ လေယာဥ်လတ်မှတ်စျေးနှုန်းတွေ အဆမတန်စျေးတက်ပေမယ့် လေကြောင်းနဲ့ ခရီးသွားလာသူတွေများ‌နေဆဲဖြစ်တဲ့အတွက် လက်မှတ်ဝယ်ယူရခက်ခဲနေဆဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ်ကလေကြောင်းနဲ့သွားမယ်ဆိုရင် အနည်းဆုံးနှစ်ပတ်လောက်တော့ကြိုချိတ်ရတယ်။ နှစ်ပတ်ကြိုချိတ်တာတောင် စောင့်ရသေးတယ် ၁၀ ရက် ၁၅ ရက်လောက်လို့လေကြောင်းနဲ့ခရီးအသွားများတဲ့မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မန္တလေးမြစ်ကြီးနားကားလမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် မကြာခဏ ကားလမ်းပိတ်တာ၊ တစ်ချို့လမ်းပိုင်းတွေမှာ ကွင်းလမ်းအသုံးပြုရတဲ့အတွက် လမ်းပိုင်းခရီးကြန့်ကြာတာ၊ စစ်ကောင်စီတပ်ဘက်က လူငယ်တွေကိုပေါ်တာဖမ်းဆီးတာ စတဲ့အခြေအနေတွေကြောင့် အခုနောက်ပိုင်းကားနဲ့ခရီးသွားလာသူ နည်းပါးပြီး လေကြောင်းဖြင့်ခရီးအသွားများတာကြောင့်လေယာဥ်လက်မှတ်တွေဝယ်ယူရခက်ခဲနေတာလည်းဖြစ်ပါတယ်။

ခရီးသည်ကတော့ လိုက်လို့ရတယ် နေ့တိုင်းလည်းကားတော့ထွက်တယ် ဒါပေမယ့် အရင်လို ဒီနေ့ထွက်နောက်နေ့ရောက်မယ်လို့တော့အာမခံလို့မရဘူး လမ်းမှာအခြေအနေကအမျိုးမျိုးရှိတော့ နှစ်ည၊ သုံးညလည်းကြာသွားနိုင်တယ် ခရီးသည်တော့လက်ခံပါတယ်လို့ မြစ်ကြီးနားမန္တလေးကြားပြေးဆွဲနေတဲ့ မန္တလေးကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အထက်ဖော်ပြပါအခက်အခဲတွေကြောင့် မန္တလေးမြစ်ကြီးနားရန်ကုန် ကားလမ်းပိုင်းခရီးသွားလာသူနည်းပါးလာတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်းတွေ တဖြေးဖြေးမြင့်တက်လာနေတာဖြစ်နိုင်ကြောင်းပြည်သူတွေကြားပြောဆိုမှုတွေလည်းရှိနေပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးကနေ မန္တလေးရန်ကုန်အထိ Air KBZ၊ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၊ မန်းရတာပုံစတဲ့လေကြောင်းလိုင်းတွေပြေးဆွဲလျက်ရှိနေပါတယ်။

အထက်ဖော်ပြပါလေကြောင်းလိုင်းတွေဟာ မန္တလေး၊ရန်ကုန်ကနေ ကချင်ပြည််နယ်ထဲက ပူတာအို၊မြစ်ကြီးနား၊ဗန်းမော်စတဲ့မြို့သုံးမြို့မှာပြေးဆွဲပေမယ့် ဗန်းမော်လေဆိပ်ကတော့ တိုက်ပွဲတွေကြောင့် ၂၀၂၄ ဒီဇင်ဘာလ ကတည်းကနေပြေးဆွဲမှုရပ်နားထားတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button