လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသတင်း

မြစ်ဆုံ – တန်ဖရဲလမ်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး သွားခွင့်ပိတ်ပင်နေ

မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်း မြစ်ဆုံတစ်ဝိုက် စစ်ကောင်စီတပ်တွေက ဂိတ်တွေထပ်တိုးထားကာ စစ်ဆေးမှုတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ အဲဒီလမ်းပိုင်းနေ ပြည်သူတွေပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဝန်းကျင်ကစပြီး မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ မြစ်ဆုံတစ်ဝိုက်မှာ စစ်ကောင်စီတပ် ဂိတ်စခန်းတွေ ထပ်တိုးထားပြီး သွားလာခွင့်ကိုလည်း ပိတ်ဆို့ကန့်သတ်ထားတယ်လို့  မြစ်ဆုံဒေသခံတွေက ပြောပါတယ်။

စစ်ဆေးမှုလည်း ပိုတင်းကျပ်နေတယ်။ အမျိုးသမီးတွေကို အသက် ၃၀ ကျော်တွေကိုလည်း မဖြတ်ခိုင်းဘူး။ ကားတွေ၊ ခရီးသွားလူတွေကို မှတ်ပုံတင်စစ်တယ်။ အောင်မြင်သာ၊ တန်ဖရဲရွာခံတွေကိုဆို အသက်ကြီးတဲ့သူတွေကိုပဲ ဖြတ်ခိုင်းတယ်။ ဒါပေမဲ့ မြစ်ကြီးနားတို့ တခြားနေရာကနေလာတဲ့သူတွေကိုဆိုရင်တော့ လမ်းမဖြတ်ခိုင်းဘူး။ ပြန်ခေါက်ခိုင်းလိုက်တယ်လို့ အောင်မြင်သာရွာအမျိုးသားတစ်ဦး ပြောပါတယ်။

စစ်တပ်ဘက်က မြစ်ဆုံတန်ဖရဲဘက်ကို တပ်သားအပြောင်းအလဲပြုလုပ်ပြီး စစ်အင်အားတွေ ထပ်ဖြည့်ထားတဲ့အပြင် အောင်မြင်သာ၊ တန်ဖရဲရွာခံတွေဆိုရင်တော့ မှတ်ပုံတင်၊ ထောက်ခံစာအပြည့်အစုံရှိမှ စစ်တပ်ဂိတ်နေရာက သွားလာခွင့်ပေးနေတယ်လို့ဆိုပါတယ်။

မြစ်ကြီးနားမြို့နဲ့ တစ်ခြားနေရာကနေလာတဲ့ ခရီးသွားပြည်သူတွေကိုတော့ သွားလာခွင့်ပိတ်ထားတယ်လို့ ဆက်သိရပါတယ်။

လက်ရှိ မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်းပိုင်း မြစ်ဆုံတစ်ဝိုက်မှာ စစ်တပ်ဂိတ် ၃ နေရာလောက်ချထားပြီး အစစ်အဆေး အတင်းကျပ်ဆုံး ဂိတ်ကြီး ၂ ခုရှိတယ်လို့ ဆိုပါတယ်။ 

အဲဒီဂိတ်တွေကနေ သွားလာတဲ့ ပြည်သူတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးနေပြီးတော့ အသက် ၆၀ အထက် သက်ကြီးရွယ်အိုကိုပဲ ဖြတ်ခိုင်းတာနေတယ်လို့လည်း သိရပါတယ်။

လက်ရှိ မြစ်ဆုံနေရာအားလုံး စစ်တပ်လုံခြုံရေးတင်းကျပ်ထားပြီး ရွာသားတွေကိုလည်း ဝတ်ပြုခြင်းအစီအစဉ်တွေ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။

နောက်ထပ် ကျေးရွာသင်္ချိုင်းကုန်းမှာလည်း စစ်အင်အားတိုးချဲ့တပ်ချနေရာယူထားတာကြောင့် ဒေသအတွင်းနာမကျန်းဖြစ်ပြီး အသက်သေဆုံးတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို လာရောက်သင်္ဂြိုဟ်ခြင်းမပြုလုပ်ဖို့ တားမြစ်ထားတာတွေလည်းရှိနေလို့ အောင်မြင်သာရွာခံ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။

တန်ဖရဲရွာက RC အသင်းတော်ကိုလည်း ဘုန်းတော်ကြီးကို ပြောထားတယ်တဲ့၊ ဝတ်ပြုခြင်းမလုပ်တော့ဖို့ ပြောထားတယ်တဲ့။ မြစ်ဆုံဘက် စျေးတန်းတစ်လျှောက်၊ ဘုန်းကြီးကျောင်းစေတီဘက်တစ်ကြောနဲ့ တောင်ကြောတစ်လျှောက် စစ်တပ်တွေ အကုန်နေရာယူထားတယ်။ အထက်ဘက်ကို စစ်ကြောင်းတွေ ထိုးစစ်ဆင်တာမျိုးတော့ မဟုတ်သေးပေမဲ့ ဒီမြစ်ဆုံတစ်ဝိုက်ကတော့ သူတို့ လုံခြုံရေးအပြည့်ယူထားတာကို တွေ့ရတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဆွမ်ပရာဘွမ်ဒေသဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်နိုင်သလို တစ်ဖက်မှာလည်း မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်လာနိုင်ရေးအတွက် လုံခြုံရေးတွေ တင်းကျပ်ကာ နေရာယူလာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။ 

မြစ်ဆုံတန်ဖရဲကျေးရွာမှာ တောင်ယာ၊ အခင်းတွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရွာသားတချို့ နေထိုင်နေသေးတာဖြစ်ပေမဲ့ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုအခြေအနေကြောင့် ရွာသားတွေမရှိသလောက်ဖြစ်သွားပြီလို့ ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button