သတင်း

မြစ်ဆုံရေကာတာစီမံကိန်း ထာဝရရပ်တန့်သွားရေး ဒေသခံများ ဆုတောင်း

မြစ်ဆုံရေကာတာ စီမံကိန်း ယာယီရပ်ဆိုင်းခြင်း ၁၄ နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ စီမံကိန်း ထာဝရ ရပ်နားဖို့ ဒေသခံတွေရဲ့ ဆုတောင်းပွဲတစ်ခုကို စက်တင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မနက်  နာရီခန့်မှ နေ့လည် ၁၂ နာရီအထိ မြစ်ဆုံဒေသမှာ ပြုလုပ်ခဲ့ပါတယ်။

မြစ်ဆုံဒေသ မလိယန်ကျေးရွာမှာ ဒေသခံ ၇၀ ဦးခန့်ပါဝင် ပြုလုပ်ခဲ့ကြတဲ့ အထိမ်းအမှတ် ဆုတောင်းခြင်းအစီအစဉ်နဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလို အစီအစဉ် လုပ်ဆောင်ရတာဟာ ကျနော်တို့ ဒီနေ့ထိရပ်တည်နေတယ်၊ ဒီအချိန်ထိ မြစ်ဆုံစီမံကိန်း ရပ်နားနေတယ်၊ ဘုရားကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်တယ်။ ပြီးတော့ အဓိက ကျမတို့ ဒေသခံတွေ ကိုယ့်ရွာကို ပြန်လာနေထိုင်ခွင့်ရဖို့ ဆုတောင်းတယ်။ ပြီးတော့ ဒီမြစ်ဆုံရေကာတာ စီမံကိန်းဟာ အခု ယာယီရပ်နားထားတာ ဖြစ်တယ်။ ဒီစီမံကိန်း ထာ၀ရရပ်နားသွားဖို့ ရည်ရွယ်ပြီး ဆုတောင်းကြတာဖြစ်ပါတယ်။ လို့ အစီအစဉ်မှာ ပါဝင်သူ မြစ်ဆုံဒေသခံ တစ်ဦးက ပြောပါတယ်။   

ကျွန်ုပ်ချစ်သော ဧရာ၀တီ ထာ၀ရစီးဆင်းပါစေ၊ မြစ်ဆုံရေကာတာ စီမံကိန်း ထာ၀ရဖျက်သိမ်းရေး၊ ဒေသခံများ မိမိနေရပ်သို့ ပြန်လည်နေထိုင်ပိုင်ဆိုင်ခွင့်ရရှိရေး၊ သန့်ရှင်းသော ရေရရှိရေး၊ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြပါစို့ စသဖြင့် စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစပြီး စက်တင်ဘာလ လဆန်းပိုင်းအထိ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူး‌ပေါင်း ဆောင်ရွက်ရေးအဖွဲ့ ( SCO) အစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပြီး တရုတ်သမ္မတနဲ့ တွေ့ဆုံချိန် ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းအကြောင်းကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒါအပြင် အခုနှစ် မေလထဲမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိဘူးလို့ ထပ်မံပြောဆိုခဲ့ပြီး ရေကာတာစီမံကိန်းတွေကို အကောင်အထည်ဖော်ဆောက်လုပ်ဖို့ ပြောဆိုခဲ့တာလည်း ရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်တွေမှာ မြစ်ဆုံစီမံကိန်းအကြောင်း ထည့်သွင်းတင်ပြမှုတွေ ရှိခဲ့ပေမယ့် မြေပြင်မှာတော့ အခြေအနေ ငြိမ်သက်နေဆဲ ဖြစ်တယ်လို့ မြစ်ဆုံဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိထိတော့ မြစ်ဆုံရေကာတာစီမံကိန်းလုပ်နေတဲ့နေရာမှာ ထွေထွေထူးထူးပြောင်းလဲလာတာမျိုးတော့ မတွေ့သေးဘူး။ ဒါပေမဲ့ ဒီနေရာတွေမှာ စစ်သားတွေအပြည့်ဖြစ်တယ်။ လုံခြုံရေးတော်တော် တင်းကြပ်ထားလို့ အနီးနားသွားလာနိုင်ဖို့ ခက်ခဲတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး လက်ရှိထိတော့ ဘာမှမတွေ့သေးပေမဲ့ သူတို့တွေဘယ်လိုတွေးနေလဲ၊ ဘယ်လိုစီရင်နေလဲဆိုတာတွေတော့ အခုထိ ကျမတို့တွေ စိုးရိမ်နေဆဲ ဖြစ်တယ်။” လို့ မြစ်ဆုံဒေသခံက ဆက်ပြောပါတယ်။  

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မြောက်ဘက်ရှိ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်းရှိရေကာတာစီမံကိန်းများကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့နဲ့ အဲဒီရေကာတာ ဆောက်လုပ်မယ့် SPIC တရုတ်ကုမ္ပဏီတွေ မြန်မာပြည်ကနေ ထွက်သွားဖို့ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုမှုတွေလည်း ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းအပြီးတိုင်ရပ်တန့်သွားဖို့ ဆန္ဒပြု ဆုတောင်းခြင်းအစီအစဉ်မှာ ပါဝင်ရလို့လည်း လူငယ်တစ်ယောက်အနေနဲ့ ကျေနပ်ပိတီဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအစီအစဉ်မှာ လူငယ်တွေပါဝင်မှု အလွန်နည်းပါးလာတာကိုလည်း တွေ့ရပါတယ်။ အရမ်း အားမရဘူး။ မေ့လိုက်ကြတာလား။ ဒီမြစ်ဆုံစီမံကိန်း ဒီနေ့ထိ ရပ်ဆိုင်းနေလို့ ကျေးဇူးတင်တယ်။ ဒီမြစ်ဆုံစီမံကိန်း ယာယီမဟုတ်ပဲ ထာ၀ရရပ်တန့်သွားဖို့ အားလုံးပါဝင်ကြရအောင်၊ လူငယ်တွေလည်း အားစိုက်ကြပါစို့လို့ပြောချင်ပါတယ်။” လို့ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းခြင်း (၁၄နှစ်ပြည့်ဆုတောင်းခြင်းအစီအစဉ်မှာ ပါဝင် လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဧရာ၀တီမြစ်ဆုံရေကာတာကြီးပြုလုပ်ဖို့ (Myitsone Dam Project) အကြောင်းအရာကို စစ်ခေါင်းဆောင် ဦးသန်းရွှင်လက်ထက် ၂၀၀၆၂၀၀၇ ခုနှစ်အတွင်း မြန်မာအစိုးရ နဲ့ တရုတ်ဘက်က ပူးပေါင်းညှိနှိုင်းခဲ့ကြပါတယ်။

အဲ့ဒီနောက် ၂၀၀၉ ခုနှစ်မှာတော့ တရုတ်ကုမ္ပဏီ China Power Investment Corporation (CPI) နဲ့ ဦးသန်းရွှင်အစိုးရကြား တရားဝင် စာချုပ်ချုပ်ဆိုပြီး စတင်လုပ်ဆောင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကချင်လူထုအပြင် မြန်မာတနိုင်ငံလုံး အပြင်းအထန်ကန့်ကွက်ခဲ့တာကြောင့်  ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ဦးသိန်းစိန် အစိုးရက “ပြည်သူ့ဆန္ဒ” ကြောင့် ရေကာတာတည်ဆောက်ရေးကို ဆိုင်းငံ့ထားမယ် လို့ ကြေညာခဲ့ပြီးနောက် လက်ရှိချိန်ထိ မြစ်ဆုံရောကာတာ စီမံကိန်းယာယီရပ်နားနေတာ ၁၄ နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button