လက်နက်ကိုင်တပ်တွေရဲ့တပ်သားသစ်စုဆောင်းမှုကြောင့် နာဂလူငယ်များ ဒေသတွင်းပိတ်မိနေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ လက်နက်ကိုင်တပ်တွေရဲ့ တပ်သားသစ်စုဆောင်းမှုခေါင်းစဉ်အောက် ပိတ်ဆို့ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေ ဒေသတွင်းမှာပဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
နာဂဒေသထဲဝင်ထွက်သွားလာနိုင်တဲ့ လမ်းကြောင်းနှစ်ခုထဲက ရှင်ဗွေယန်–တနိုင်းကားလမ်းပိုင်းမှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army (ENDA) က နာဂလူငယ်တွေကိုတပ်သားသစ်အတွက်ဖမ်းဆီးနေသလို နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ ခန္တီး–လဟယ်ကားလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်က နာဂလူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးနေတာဖြစ်ပါတယ်။
အခုလို တပ်သားသစ်ဖမ်းဆီးခံရမှုကြောင့် နာဂလူငယ်တွေဟာ ဒေသတွင်းကနေ ပြည်နယ်ရဲ့ ပြင်ပဝင်ထွက်သွားလာဖို့ခက်ခဲသွားပြီး နောက်ဆက်တွဲအနေနဲ့ စီးပွားရေး၊ပညာရေးစတဲ့ကဏ္ဍာတွေမှာ ဆုံးရှုံးနစ်နာမှုများစွာရင်ဆိုင်နေကြရတယ်လို့ အသက် ၃၀ အရွယ် နာဂလူငယ်အမျိုးသားတစ်ဦး KNG ကို အခုလိုပြောပါတယ်။
“နာဂလူငယ်တွေက အကျယ်ချုပ်ကျနေသလိုပါပဲဘယ်မှသွားလာလို့မရတော့ဘူး ထွက်ပေါက်က ခန္တီး–လဟယ်လမ်းနဲ့ဒီတနိုင်းလမ်းနှစ်ပဲရှိတယ် အဲ့နှစ်လမ်းစလုံးဖမ်းနေတော့လူငယ်တွေက ပညာရေးကအစ စီးပွားရှာတာအားလုံး ဆုံးရှုံးနေရတယ်”လို့ ပြောပါတယ်။
လေယာဉ်လေကြောင်းလိုင်းမရှိတဲ့ နာဂဒေသမှာ ကုန်းကြောင်းလမ်းကနေ အထက်ဖော်ပြပါမြို့နယ်တွေကို ကချင်ပြည်နယ်ဘက်ကနေ တနိုင်း–ရှင်ဗွေယန်– နန်းယွန်း လီဒိုကားလမ်းအတိုင်းဝင်ရောက်နိုင်သလို စစ်ကိုင်းတိုင်းထဲကဆို ဟုမ္မလင်း –ခန္တီး–လဟယ်ကားလမ်းပိုင်းနဲ့လည်းဝင်ရောက်နိုင်တာဖြစ်ပါတယ်။
သို့ပေမယ့် တနိုင်းနဲ့–ရှင်ဗွေယန်ကြားမှာတော့ နန်းယွန်း၊ပန်ဆောင်ဘက်ကဝင်ထွက်သွားလာနေတဲ့လူငယ်တွေကို ENDA အဖွဲ့က ၂၀၂၂ ခုနှစ်ကတည်းကစတင်ဖမ်းဆီးနေပြီး ခန္တီးနဲ့လဟယ်ကြားကလမ်းပိုင်းတွေမှာတော့ လဟယ်၊လေရှီးဒေသဘက်ကလူငယ်တွေကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်ကတည်းကနေစတင်ဖမ်းဆီးနေတာဖြစ်ပါတယ်။
နာဂဒေသမှာ လမ်းပန်းဆက်သွယ် ရေး၊ဖုန်းအင်တာနက်အခက်ခဲများ ကြောင့် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်လမ်း အလွန်နည်းပါးသလိုအသက်မွေးဝမ်း ကျောင်းသင်တန်းကျောင်းတွေ လည်းမရှိတဲ့အတွက် လူငယ်တွေမြို့ပေါ်တက်ပြီး အသက်မွေးဝမ်း ကျောင်းပညာရပ်တွေသင်ယူချင်တာ၊အလုပ်အကိုင်ရှာဖွေချင်တဲ့လူငယ်တွေအမြောက်အများရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်အာဏာသိမ်းပြီးနောက် ဒီအခွင့်အရေးတွေလက်လွှတ်ဆုံးရှူံးနေရကြောင်း နန်းယွန်းမြို့ခံ နာဂလူငယ်တစ်ဦးလည်း အခုလိုပြောပါတယ်။
“အရင်ကဆိုရင် ဒီလူငယ်တွေက မြစ်ကြီးနားတို့ ရန်ကုန် မန္တလေး တို့မှာဆင်းပြီး အလုပ်လုပ်ပြီးမှမိဘကိုထောက်ပံ့ကြတယ်။ ပြီးတော့ တစ်ချို့လူငယ်တွေ ဆိုင်ကယ်ဝပ်လျော့တို့ အလှပြင်သင်တန်းတို့လိုမျိုးတွေသွားတက်ကြတယ် မိန်းကလေးတွေဆိုလည်း စက်ချုပ်သင်တန်းတို့သွားကြတယ်။ အခုမိန်းကလေး ယောက်ျားလေးအကုန်ဖမ်းတယ် ဒီတိုင်းဆက်ဖြစ်နေရင်လူငယ်တွေအတွက်ဘာအနာဂတ်ပန်းတိုင်မှမရှိတော့ဘူး ဒေသထွက်လမ်းကိုပိတ်နေတာ”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာပြည်ထဲကလူငယ်အများစုဟာ ပြည်တွင်းအလုပ်အကိုင်ရှားပါးလာမှုနဲ့ပြည်တွင်းမှာလူငယ်အများစုမလုံခြုံတဲ့အတွက် ပြည်ပထွက်ခွာပြီးအလုပ်အကိုင်ရှာဖွေလာသူများပေမယ့် နာဂဒေသထဲကလူငယ်တွေဟာ ဒေသတွင်းမှာတင်ပိတ်မိနေကြတယ်လို့ သိရပါတယ်။
လက်နက်ကိုင်နှစ်ဖက်အဖွဲ့အစည်းရဲ့ပိတ်ဆို့ဖမ်းဆီးခံနေရတဲ့ နာဂလူငယ်တွေဟာ စီးပွားရေးနဲ့အလုပ်အကိုင်ရှာဖွေခွင့်ဆုံးရှုံးနေရတဲ့အပြင် ပညာသင်ခွင့်တွေလည်းဆုံးရှူံးနေရကြောင်း လဟယ်မြို့ခံနာဂလူငယ်တစ်ဦးက အခုလိုပြောပါတယ်။
“ဒီလေရှီး၊ လဟယ်ဘက်ကတော့ အများစုက မုံရွာကိုအဝေးသင် တက်ရမှာမနှစ်ကအထိတော့တက်ကြတယ်။ ဒီနှစ်တော့ဘယ်သူမှမသွားကြသေးဘူးသွားလည်းမသွားရဲကြဘူး လမ်းမှာဖမ်းတယ်ဆိုတော့ အားလုံးလိုလိုက တိမ်းရှောင်နေကြရတာ”လို့ အသက် ၃၀ အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
နာဂကျောင်းသားများအဖွဲ့အစည်း (NSO)အဖွဲ့ရဲ့ပြောကြား ချက်အရ ၂၀၂၂ ကနေ ၂၀၂၅ လက်ရှိအချိန်အထိလဟယ်၊လေရှီးဒေသထဲက နာဂလူငယ် ၁၀၀ ဝန်းကျင်စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံရပြီး နန်းယွန်း၊ပန်ဆောင်ဒေသဘက်ကလည်း နာဂလူငယ်ရာချီ ပြီးတနိုင်း–ရှင်ဗွေယန်လမ်းပိုင်းမှာ ENDAရဲ့ ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရပါတယ်။
“ဒီလိုဖမ်းဆီးတာမျိုးကိုတော့ ကျနော်တို့အနေနဲ့မထောက်ခံဘူး တနိုင်းနဲ့ရှင်ဗွေယန်ကြားမှာလည်းနာဂ ကလေးတွေအများကြီးပါသွားတယ်။ တစ်ချို့ကလေးတွေအခုချိန်သေ သလားရှင်သလားတောင်မသိကဘူးဖမ်းသွားပြီးမှအခုထိမိဘနဲ့အဆက်အသွယ်မရကြတဲ့လူငယ်တွေအများကြီးပဲရှိတယ်”လို့ NSO အဖွဲ့ာတာဝန်ရှိသူ တစ်ဦး ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီကပြည်သူ့စစ်ထမ်းဥပဒေပြန်ဌာန်းပြီးနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးလာတာဖြစ်ပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေပြန်ဌာန်းရာမှာ လူငယ်တွေကို တစ်အိမ်တစ်ယောက် မဲနှိုက်တဲ့စနစ်နဲ့ခေါ်ဆောင်ဖို့ ပြဌာန်းခဲ့ပေမယ့် နာဂဒေသထဲမှာတော့ ဥပဒေထက်ကျော်လွန်ပြီးဖမ်းဆီးတာမျိုးတွေရှိနေပါတယ်။
အလားတူ တနိုင်းနဲ့ရှင်ဗွေယန်ကြားမှာ လူဂငယ်တွေကိုပစ်မှတ်ထား ဖမ်းဆီးနေတဲ့ ENDA အဖွဲ့ ကတော့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နဲ့မဟာမိတ်ပြု ထားတဲ့အဖွဲ့ ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီမူဝါဒပေါအခြေခံကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖွဲ့ဆည်းတည်ထောင်လိုက်တဲ့အဖွဲ့ဖြစ်ပါတယ်။
အထက်ဖော်ပြပါနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့နယ်သုံးခုထဲက နန်းယွန်းမြို့နယ်ဟာ ကချင်ပြည်နယ်နဲ့ထိပြီး လဟယ်နဲ့၊လေရှီးမြို့နယ်တွေကတော့ စစ်တိုင်းကိုင်းထဲက ဟုမ္မလင်း ၊ခန္တီးမြို့နယ်တွေနဲ့ထိစပ်ကာ အနောက်ဘက်မှာတော့ အန္တိယနိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတာဖြစ်ပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလတလျှောက် စစ်ကောင်စီတပ်တွေနဲ့ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့NSCN-K(အန်းမိုင်း)၊ NSCN-K(ယုန်းအောင်)အဖွဲ့တွေအပြင် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)တွေနဲ့ ဒီကနေ့အထိ တိုက်ပွဲ တစ်စုံတရာဖြစ်ပွားခြင်းမရှိသေးတဲ့ဒေသလည်းဖြစ်ပါတယ်။
သို့ပေမယ့် စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲမရှိပဲနယ်မြေတည်ငြိမ်အေးချမ်းနေတဲ့ နာဂဒေသထဲမှာ လူငယ်တွေကိုဖမ်းဆီးခံရမှု အခြားဒေသတွေထက်ပိုမိုးဆိုးဝါးစွာလုပ်ဆောင်နေကြောင်းဒေသ ဒေသခံတွေဆိုပါတယ်။
By – Zaw Zaw



