သတင်း

စစ်တပ်က ခေါင်လန်ဖူးကိုအင်အားဖြည့်တင်း

ဗျူဟာမှူးထိုင်ဖို့အထိပြင်ဆင်နေ

ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်နေပြီး ဗျူဟာမှူးထိုင်ဖို့အထိ စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

စစ်ကောင်စီတပ်က ယခုရက်ပိုင်းခေါင်လန်ဖူးမြို့ကို လေကြောင်းသုံးပြီး စစ်အင်အားအလုံးအရင်းဖြည့်နေတဲ့အကြောင်း ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။

ပူတာအိုကိုအရင်ပို့တယ် Y-8နဲ့ ပူတာအိုကနေတဆင့်မချမ်းဘော့ နောင်မွန်လမ်းအတိုင်းတက်လာပြီးတော့ မဂွေဇအထိပို့တယ်။ မဂွေဇကနေတော့ ကုန်းကြောင်းကနေပြန်တဆင့်ပို့တာဟုတ်တယ်ဗျ။ ခေါင်လန်ဖူးအထိလို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့ နှစ်ရက်ဆက်တိုက် မြန်မာပြည်အောက်ပိုင်းကနေ ပူတာအိုမြို့ရှိ ခ..ရ ၄၆ တပ်ထဲကို စစ်အင်အားနဲ့လက်နက်ခဲယမ်းတွေ Y- 12 လေယာဥ်နဲ့ နှစ်ရက်ဆက်တိုက်ပို့ဆောင်ထားပြီး အဲ့ဒီကနေ့တဆင့် ခေါင်လန်ဖူး မြို့ကိုပြန်ပို့နေတာလို့ သိရပါတယ်။

အင်အား ၅၀၀ ဝန်းကျင်တော့တက်သွားပြီတဲ့ မဂွေဇအထိတော့ y-8 နဲ့ပို့တယ်။ မဂွေဇကနေ တော့ ကုန်းကြောင်းကနေတက်တယ်လို့ ပူတာအိုခ..ရ ၄၆ တပ်နဲ့ နီးစပ်တဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်က ခေါင်လန်ဖူးမြို့ကိုအင်အားအလုံးအရင်းဖြည့်နေတဲ့အပြင် ဗျူဟာမှူးပါထိုင်ဖို့အတွက်ပြင်ဆင်နေကြောင်း သိရပါတယ်။

ပုံမှန်အားဖြင့် ခေါင်လန်ဖူးအထိုင်တပ်၊ မချမ်းဘော့အထိုင်တပ်နဲ့နောင်မွန်အထိုင်တပ်တွေဟာ ပူတာအို ခ..ရ ၄၆ တပ် ဗျူဟာမှူးရဲ့ထိန်းချုပ်မှုအောက်

ရှိတာဖြစ်ပေမယ့် လက်ရှိမှာတော့ ဗျူဟာမှူးကိုယ်တိုင် ခေါင်လန်ဖူးမြို့မှာထိုင်ဖို့ပြင်ဆင်နေကြောင်း အထက်ဖော်ပြပါ ခ..ရ ၄၆ တပ်နဲ့နီးစပ်တဲ့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ခေါင်လန်ဖူးမှာ ဗျူဟာမှူးကိုယ်တိုင်ထိုင်မယ်တဲ့ ဒီနေ့ (အောက်တိုဘာ ၂၉) ရက်နေ့ရောက်မယ်ပြောတယ်။ ဗျူဟာမှူးက ပုံမှန်ထိုင်နေတဲ့ ခေါင်လန်ဖူးက G- 2 ကတော့ စစ်ဆင်ရေးဖော်ဆောင်မယ်လို့သိရတယ်လို့သူကပြောပါတယ်။

ပူတာအို ခ..ရ ၄၆ တပ်ဗျူဟာမှူးက ခေါင်လန်ဖူးမြို့တာဝန်ကျနေစဥ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိုင်းမှူးက ပူတာအို ခ..ရ ၄၆ တပ်ထဲ ပြောင်းရွေးလာမှာ ဖြစ်ကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်း ပူတာအိုနဲ့ ခေါင်လန်ဖူးမှာတပ်ပိုင်းအရာရှိအဆင့်အပြောင်းအလဲလုပ်နေတဲ့အတွက်ကြောင့် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းပိတ်တာ၊ နောင်မွန် ပူတာအိုကားလမ်းပိုင်းပိတ်ဆို့တာမျိုးတွေရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ KIAနဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာသိမ်းပိုက်ခဲ့တဲ့ဆော့လော်မြို့နယ်ထဲက လန်ဆယ်မြို့နဲ့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလာမှာသိမ်းပိုက်ခဲ့တဲ့ ခေါင်လန်ဖူးနယ်နဲ့ဆော့လော်မြို့နယ်အစပ်ထဲက လန်ဟီဆင် ရှေ့တန်းစခန်းကို ပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ လန်ဟီဆင်နဲ့ လန်ဆယ်ကို ထိန်းချုပ်ဖို့ စစ်ကောင်စီနဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ကစပြီး ၂၄ ရက်နေ့အထိ အင်အား ၅၀၀ ဝန်းကျင်နဲ့ထိုးစစ်ဆင်လာခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေခြုံခိုတိုက်ခိုက်မှုကြောင့် အရေးရှုံးနိမ့်ပြီးတပ်ပြန်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ထိုးစစ်မတိုင်မှီတုန်းကလည်း နှစ်ကြိမ်တိတိအင်အားသုံး ပြီး ထိုးစစ်ဆင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ခေါင်လန်ဖူးပြည်သူ့စစ်တွေဟာ စတ္တုထအကြိမ်ထိုးစစ်ပြန်ဆင်ဖို့ အခုလို စစ်ရေးပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသိရပါတယ်။

လန်ဆယ်ဒေသဟာရွှေမှော်ဒေသ ဖြစ်ပြီး လန်ဆယ်ကနေတဆင့် စစ်ကောင်စီလက်လွတ်ခဲ့ရတဲ့ ဆော့်လော်၊ ပန်ဝါ၊ချီဖွေ မြို့တွေအထိ ကုန်းကြောင်းနဲ့ဝင်ရောက်နိုင်တာကြောင့်စစ်ကောင်စီတပ်အတွက် ဗျူဟာကျတဲ့လမ်းပိုင်းမှာရှိနေတာဖြစ်ပါတယ်။

အလားတူတစ်ဖက်မှာလည်း လန်ဟီဆင်နဲ့ လန်ဆယ်ဒေသတွေဟာ KIAနဲ့ပူးပေါင်းတပ်တွေအတွက် အရေးပါတဲ့နေရာလမ်းပိုင်းမှာရှိပြီး ယင်းလမ်းပိုင်းကနေတဆင့် ခေါင်လန်ဖူး၊ပူတာအိုမြို့အထိ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။

ပူတာအိုခရိုင်မှာ နောင်မွန်၊ခေါင်လန်ဖူး၊ဆွမ်ပရာဘွမ်နဲ့မချမ်းဘော့ လေးမြို့နယ်ရှိပြီး ယင်းလေးမြို့နယ်ထဲက ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button