လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ် ၁၄ လုံးလည်းပျက်ဆီးခဲ့ရတယ်လို့ ကသာမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိတိဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဗုံးသီး ၁၀ လုံးထက်မနည်းကြဲချခဲ့တာလို့ ညောင်ခြေထောက်ကျေးရွာနားက ဒေသခံတွေကပြောပါတယ်။

လူတွေကတော့သေတယ်။ ၁၀နှစ်သားလေးရော တစ်အိမ်တည်းကသုံးယောက်တဲ့။ သိရသလောက်တော့သေဆုံးသူက ၅ ဦးပါ။ သူတို့က ကလပ်စတာဗုံးတွေကြဲတာတဲ့။ ချလိုက်တာတော့တစ်လုံးဘဲ ပြီးတော့မှဆင့်တွဲတွေပေါက်ကွဲတာ ဒါတောင်ရေထဲကျလို့ တဲ့လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကလပ်စတာဗုံးသီးတွေဟာ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့လက်နက်အမျိုးအစားဖြစ်ပြီး အမြောက်၊ လောင်ချာ၊ ဒုံးကျည်နဲ့ တိုက်လေယာဥ်တွေမှာတပ်ဆင်ပစ်လွှတ်နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။

ဒါဇင်နဲ့ချီပြီး ထပ်ဆင့်ပေါက်ကွဲနိုင်သလို နေရာဝေးဝေးအထိလွင့်စင်ပေါက်ကွဲနိုင်တဲ့ ဗုံးအသေးစားလေးတွေအသုံးပြုထားပြီး နိုင်ငံတကာကပါ ပိတ်ပင်ထားတဲ့ဖျက်အားပြင်းဗုံးသီးအမျိုးအစားဖြစ်တယ်လို့ ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်း အဖွဲ့ CMC က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့ရသူတွေဟာ ၁၀နှစ်အရွယ်ကလေးငယ်တစ်ဦး( ကျား )၊ အသက် ၆၀ ကျော် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသီး ၂ ဦးတို့ဖြစ်ပြီး အသက် 90 ကျော်အရွယ်အဘွားအိုတစ်ဦးအပါ အဝင် ၇ ဦးကစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိထားတယ်လို့ သိရပါတယ်။

ကသာမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ဒီရက်ပိုင်းအတွင်းထိတွေ့တိုက်ပွဲတွေဖြစ်နေတာမရှိဘဲ ရုတ်တရက်ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် ညအချိန် ပြည်သူများနေထိုင်တဲ့ ကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲခံရတာကြောင့် မသေသင့်ပဲ ပြည်သူ့ အသက် အိုးအိမ်များ ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစလို့ စစ်ကောင်စီရဲ့လက်ချက်ကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သား စုစုပေါင်း ၇၄၀၀ ကျော်သေဆုံးခဲ့ရပြီး အဲ့ဒီထဲမှာ ကလေးငယ်သေဆုံးမှုက ၉၀၀ ကျော်အထိပါဝင်နေတယ်လို့ နိုင်ငံရေး အကျဥ◌်းသားများကူညီစောင့်ရှောင်ရေးအသင်း AAPP က အောက်တိုဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button