၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးက ယမ်းကိုထုတ်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖြစ်စဥ်ကတော့ နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်ကမှန်းမသိတဲ့ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးကို သေဆုံးသူ၂ဦးထဲက တစ်ဦးက နေအိမ်ကိုယူလာထုခွဲကြတာလို့ ဒေသခံတွေကပြော ပါတယ်။
“သူတို့နှစ်ယောက်ထဲက တစ်ယောက်က ဘယ်သူ မ လာလဲတော့မသိဘူး။ ၆၀ မမ ဗုံးသီးလို့တော့သိရတယ်။ အဲ့တာယူလာပြီး ရိုက်ခွဲကြတယ်ထင်တယ်။ စမ်းကြည့်တာလားမသိဘူး။ အဲ့မှာ နှစ်ယောက်လုံး ပွဲချင်းပြီးဆုံးသွားတာလေ“လို့ ဒေသခံအမျိုးသားတစ်ဦးက ဖြစ်စဥ်ကိုပြောပြပါတယ်။
သေဆုံးသူ ၂ ဦးလုံးဟာ အသက် ၃၀ ကျော်အရွယ်အမျိုးသားတွေဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သားတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့စစ်ကျန်လက်နက်ပစ္စည်းတွေမကြာခဏတွေ့ရလေ့ရှိပြီး အဲ့ဒီဒေသတစ်ဝှိုက်နေထိုင်သူ ကလေးငယ်တွေနဲ့ အရပ်သားတွေလည်းမကြာခဏ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ဒါ့အပြင် မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့ အသိပညာပေးဆိုင်ရာလုပ်ငန်းတွေကိုလည်း လက်ရှိ နမ့်ဖတ်ကာကျေးရွာကိုထိန်းချုပ်ထားတဲ့ KIA နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေပေမဲ့ ဒီလိုဖြစ်စဥ်တွေကရှိနေဆဲလို့ ဒေသခံတွေကဆိုကြပါတယ်။
“ကျမတို့ဆီမှာ အသိပညာပေးတာတွေလုပ်တယ်။ ဒါပေမဲ့လည်း အဲ့လိုသင်တန်းတွေမှာ သူတို့ဘဲမတက်ရောက်လို့လားမသိဘူး။ လူလတ်ပိုင်းတွေကျတော့အဲ့လိုသင်တန်းတွေမတက်တာလားမသိဘူး။ ဒါ့ကြောင့် အဲ့လိုအသိမရှိတာလည်းဖြစ်နိုင်တာပေါ့နော်“လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။
မြေမြှုပ်မိုင်းတွေနဲ့ တခြားသောပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ နည်းနည်းလေးထိလိုက်ရုံနဲ့ကိုပေါက်ကွဲစေနိုင်ပါတယ်။
ဒါ့ကြောင့် သင်ကိုယ်တိုင်က မြေမြှုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတွေ့ရင် ပထမဆုံးအနေနဲ့ လုံးဝ ထိတာ ကိုင်တာ မလုပ်ဖို့ကအရေးကြီးပါတယ်။
ပြီးရင် မြေမြှုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ နှစ်ပေါင်းများစွာအန္တရာယ်ရှိတယ်ဆိုတာကို လုံးဝမမေ့ပါနဲ့။ ဒါ့ကြောင့် သင်ကိုယ်တိုင် မြေမြုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတွေ့ရင် ပထမဆုံးအနေနဲ့ လုံးဝ ထိတာ ကိုင်တာ မလုပ်ဖို့ကိုထပ်မှာချင်ပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းမှာ မြေမြှုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်းတွေကြောင့်ရှမ်းပြည်နယ်က အရပ်သားတွေ ဟာ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ အများဆုံးကြုံတွေ့ခဲ့ရတယ်လို့ မြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေအကြောင်း စောင့်ကြည့်လေ့လာတဲ့အဖွဲ့အစည်းတွေရဲ့စာရင်းတွေအရသိရပါတယ်။
Unicef Myanmar ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၂၅ ခုနစ် ဇန်နဝါရီလကနေ ဇွန်လအထိကို မြေမြုပ်မိုင်းနဲ့တခြားပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံတစ်ဝှမ်းမှာ ၃၅၇ ဦးထိရှိလာပြီလို့ထုတ်ပြန်ထားပါတယ်။
By – အမိုး



