သတင်း

ဗန်းမော်တိုက်ပွဲရပ်တန့်မှုမရှိဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြော

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့တွေ့ဆုံခဲ့ပြီးနောက် ဗန်းမော်တိုက်ပွဲငြိမ်သက်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။

လက်ရှိ ဗန်းမော်ကနေ မိုးမောက်သွားတဲ့လမ်း ဗန်းမော်တက္ကသိုလ်ဝင်းနေရာ၊  မိုင်နေရာနဲ့ ခလရ ၄၇ တပ်ရင်းအနီးတဝိုက်တွေမှာ နှစ်ဖက်တပ်အကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုတိုက်ပွဲရှိပါတယ် နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ ဘက်ခြမ်း လက်နက်ကြီးတွေပစ်ပြီး ခြေလျင်နဲ့ ထိုးတော့တိုက်ပွဲဖြစ်တယ်။ ပြီးရင်  မိုင်  ခလရ ၄၇ သွားတဲ့လမ်း တစ်လျှောက် နေ့တိုင်းလိုဖြစ်နေတယ်။ စစ်တပ်ဘက်ကနေ ထိုးနေပေမယ့် KIA နေရာယူထားတဲ့ဘက်ကို ထိုးဝင်လာနိုင်တာမျိုးတော့မရှိဘူး။ KIA ဘက်ကလည်း နေရာအသစ်သိမ်းယူနိုင်တာမရှိသလို လက်လွတ်လိုက်ရတဲ့နေရာလည်းမရှိပါဘူးလို့ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်အာဏာပိုင်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်တဲ့အကြောင်း ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်စာမျက်နှာပေါ်မှာ သတင်းတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်။

ဒါပေမယ့် မြေပြင်အခြေနေမှာတော့ စစ်တပ်ကဘက်နေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း သိသိသာသာထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက် မြို့တွင်း နေရာ  နေရာမှာ တိုက်ပွဲနေ့တိုင်းနီးပါးပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေစတင်လာတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ နှစ်ဖက်တပ်အကြား တိုက်ပွဲဖြစ်ပွားနေတာ ခုဆိုရင် ၁၀ လဝန်းကျင်ရှိလာပြီဖြစ်သလို တရုတ်အာဏာပိုင်ဘက်ကလည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲရပ်တန့်ပေးဖို့ ဖိအားပေးတာတွေရှိနေတဲ့အကြောင်း ဇူလိုင်လအတွင်း ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်မှာ ပါရှိပါတယ်။

သို့ပေမယ့် နှစ်ဖက်တပ်အကြား တိုက်ပွဲရပ်တန့်ခြင်းမရှိတဲ့အပြင် စက်တင်ဘာလကုန်ပိုင်းကနေ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ ပြန်ပြီး အားကောင်းလာပြီး အောက်တိုဘာလဆန်းပိုင်းအတွင်းမှာ KIA နဲ့ တော်လှန်ရေးဖွဲ့ဘက်က လက်လွတ်လိုက်ရတဲ့ ကာကင်းတပ်စခန်း  ခုနဲ့ ရွှေပြည်သာက KBC ဘုရားကျောင်းဝင်းနေရာတွေကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ တပ်စွဲနေရာယူထားတဲ့ နေရာတွေအားလုံးကိုလည်း လက်လွတ်လိုက်ရတာမရှိသေးဘူးလို့လည်း ဗန်းမော်ရှေ့တန်းရောက် KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးလည်း အခုလိုပြောပါတယ်။

စစ်တပ်ဘက်က ထိုးစစ်တိုက်ခိုက်နေတော့ နေ့တိုင်းတိုက်ပွဲဖြစ်နေပါတယ်။ တိုက်ပွဲက ရပ်သွားတာမရှိပါဘူး။ သေနတ်သံ လက်နက်ကြီးသံ မကြားရတဲ့ နေ့ဆိုတာမရှိပါဘူး။ KIA ဘက်ကလည်း စစ်တပ်ဘက်က ပြန်ငြိမ်သွားရင် ပြန်ပစ်တယ်။ အဲ့လိုအပြန်အလှန်ပစ်ခတ်နေကြတာပဲလို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဗန်းမော်လက်မလွတ်ရေးအတွက် ဇူလိုင်၊ဩဂုတ်လအတွင်း စစ်လက်နက် ရိက္ခာတင် စစ်သင်္ဘော အစီး ၂၀ ကျော် တင်ပို့နိုင်ခဲ့ပြီးနောက် စစ်တပ်ဘက် လေကြောင်းအပြင် အဆင့်မြင့်ဒရုန်းတွေကို သိသိသာသာအသုံးပြုတဲ့အတွက် KIA ဘက်က သိမ်းပိုက်ရရှိထားတဲ့နေရာတစ်ချို့ လက်လွှတ်လိုက်ရတာမျိုးရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်လွှတ်လိုက်ရတဲ့နေရာတွေကို KIA ဘက်ကလည်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားနေသလို စစ်တပ်ဘက်ကလည်း နေ့တိုင်းထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တပ်အကြားတိုက်ပွဲ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ခရိုင်ရုံးစိုက်ရာ ဗန်းမော်မြို့ဟာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းများအရ မြို့ပေါ်  ၁၆ ရပ်ကွက်ရှိပြီး တစ်မြို့နယ်လုံးမှာ လူဦးရေ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်ထဲမှာ ဗန်းမော်၊မိုးမောက်၊မံစီ၊ရွှေကူမြို့နယ်တို့်ပါဝင်ပါတယ်။ အဲဒီထဲကမှ ဗန်းမော်မြို့ရဲ့အရှေ့ဘက် ၁၁ မိုင်ဝန်းကျင်မှာရှိတဲ့ မိုးမောက်မြို့ကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် မေလမှာသိမ်းပိုက်ထားပြီး၊ ဗန်းမော်မြို့ရဲ့တောင်ဘက် ၁၃ မိုင်အကွာမှာရှိတဲ့ မံစီမြို့ကိုတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာသိမ်းပိုက်ထားပါတယ်။

အလားတူ ဗန်းမော်မြို့အနောက်ဘက်နှင့် မြောက်ဘက်မှာရှိတဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသ ကို လည်း KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပါတယ်။

၂၀၂၄ ခုနှစ် မတ်လမှ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ပန်ဝါ၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ဆော့လော်၊ ဖီမော်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေး လွယ်ဂျယ်မြို့တွေကို သိမ်းပိုက်ထားသလို ဗန်းမော်မြို့ကိုလည်းသိမ်းပိုက်နိုင်ဖို့ တိုက်ပွဲအရှိန်မြင့်နေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဗန်းမော်မြို့ကို ထိုးစစ်စတဲ့ ဒီဇင်ဘာ  ရက်နေ့ နောက်ပိုင်း  ဒီဇင်ဘာ ၁၂ ရက်နေ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွေ့ဆုံမှုမှာ မြို့သိမ်းတိုက်ပွဲတွေ၊ ထိုးစစ်ဆင်တာကို KIA အနေနဲ့ ရပ်တန့်ဖို့ တရုတ်ဘက်က ဖိအားပေးနေကြောင်း ဒီနေ့ထိ သတင်းတွေခပ်စိပ်စိပ် ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဗန်းမော်တိုက်ပွဲအပါ ကချင်ဒေသကတိုက်ပွဲတွေ ရပ်တန့်သွားမလားဆိုတာကို စစ်ရေးအကဲခတ်တွေက စောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button