ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စစ်ရေးအောင်မြင်သွားတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမယ်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေ အားလုံးဆက်ပြီးပူးပေါင်းပါဝင်ပေးကြဖို့ KIO ပြောဆိုလိုက်ပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။
ယခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မြို့သိမ်းတိုက်ပွဲတစ်နှစ်ပြည့်သွားတဲ့ထိ ဗန်းမော်မြို့တွင်း၊ နန့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ လမ်းကြောင်းတစ်လျှောက်နဲ့ ဗန်းမော် – မိုးမောက်သွားတဲ့ ၂ မိုင်၊ ၃ မိုင်၊ ခလရ ၄ရ သွားလမ်းတစ်လျှောက် စတဲ့နေရာတွေမှာ တိုက်ပွဲရပ်တန့်သွားခြင်းမရှိဘဲ နေ့စဉ်တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမပြီးမချင်း စစ်ရေးအနိုင်ရရှိသွားတဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်ဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။
“၂၀၂၅ နှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီးခုခံတိုက်ခိုက်နိုင်နေတာဖြစ်တယ်။ ဆက်ပြီးတော့လည်း ဗန်းမော်တိုက်ပွဲပြီးစီး အောင်မြင်သွားတဲ့အထိ တိုက်ခိုက်သွားဖို့ပဲရှိတယ်”လို့ပြောပါတယ်။

ဗန်းမော်တိုက်ပွဲအောင်နိုင်ရေးအတွက် ပြည်သူလူထုတွေအနေနဲ့လည်း စိတ်ဓာတ်မကျဖို့ တော်လှန်ရေးလုပ်ငန်းတွေမှာ ဆက်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ဆိုပါတယ်။
“ပြည်သူလူထုတွေကို ပြောချင်တာက ဗန်းမော်မြို့သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်။ စစ်တပ်နဲ့ ကျနော်တို့ကြားမှာ မတူညီတဲ့ စစ်အင်အားတွေကြောင့် ဒီကနေ့အထိ အချိန်ကျန့်ကြာနေတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုတွေလည်း ဗန်းမော်တိုက်ပွဲအတွက် ကိုယ်တတ်စွမ်းတဲ့ ဖက်ကနေ ဝိုင်းဝန်းကူညီပါဝင်ပေးခဲ့ကြလို့လည်းအထူးကျေးဇူးတင်ရှိပါတယ်။ တစ်ချို့မိသားစုဆိုရင် ကိုယ့်သား၊ သမီးတွေကို အသက်နဲ့ ရင်းပေးလိုက်ရတယ်။ အားလုံးက တော်လှန်ရေးလုပ်ငန်းမှာ အရင်းအနှီးပေးလိုက်တယ်လို့ ခံယူစေချင်တယ်။ ဆက်ပြီးတော့လည်း ဒီစစ်ရေးပန်းတိုင်အောင်မြင်ဖို့အတွက် ပြည်သူလူထုတွေဝိုင်းဝန်းကူညီပေးဖို့လည်း ပြောချင်ပါတယ်”လို့ပြောပါတယ်။
စစ်ရေးအောင်နိုင်ရေးအတွက် ပြည်သူလူထုတွေဘက်နေ ငွေးကြေးအပြင် အစွမ်းအစရှိသေးတဲ့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေလည်း တော်လှန်ရေးလုပ်ငန်းတွေမှာ ဆက်ပြီးပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းပြောဆိုထားတာဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကနေ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဝက်ပိုင်း ဇွန်လဝန်းကျင်အထိ ဗန်းမော်မြို့အတွက် အရေးပါတဲ့ မြို့တွင်းနေရာနဲ့ စစ်တပ်နေရာတစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရေးအသာစီးရရှိခဲ့ပါတယ်။
ဒါပေမယ့် ဇူလိုင်လကနေ စစ်တပ်က စစ်အင်အားအပြင် စစ်လက်နက်၊ ရိက္ခာတွေတင်တဲ့ စစ်သင်္ဘော အစီး ၂၀ ကျော်ကို မန္တလေးဘက်က သယ်ယူပြီး စစ်အင်အားစုဆောင်းကာ တစ်ကျော့ပြန် တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။
စစ်ရိက္ခာတွေ သယ်ယူပြီးနောက် စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်မှာ ၂၀၂၅ နှစ်စပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်၊ အမတ (၃၆၆) အမြှောက်တပ်ရင်းနဲ့ ခလရ ၂၃၆ ၊ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို လက်လွတ်လိုက်ရတာဖြစ်ပါတယ်။
အခုလို သိမ်းပိုက်ထားတဲ့နေရာတစ်ချို့ လက်လွတ်လိုက်ရတဲ့ အခြေအနေနဲ့ ဗန်းမော်စစ်ရေးကာလကြာမြင့်သွားတဲ့မြေပြင်အခြေနေမှာ ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိတဲ့ ခလရ ၄၃၇ နဲ့ စကခ (၂၁) တပ်တွင်း ပုန်းခိုနေတဲ့ စစ်အင်အားအများအပြားက ဗန်းမော်မြို့တွင်း ရပ်ကွက်နေရာတွေမှာ ကင်းပုန်းဝပ် လုံခြုံရေးရယူလိုက်တာကြောင့် ရှင်းလင်းဖို့ ခက်ခဲသွားတာဖြစ်တယ်လို့ KIO ပြောဆိုတဲ့ထဲပါရှိပါတယ်။
အဲ့ဒီနောက် စစ်သင်္ဘောတွေ လာရောက်လာပြီး စစ်အင်အားတွေပိုမိုများပြားသွားအခြေနေမှာ တိုက်ခိုက်ရမယ့် စစ်မျက်နှာပြင်ကျယ်ပြန့်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်တိုက်ပွဲ တစ်နှစ်ပြည့်သွားတဲ့အထိ စစ်ရေးကာလကျန့်ကြာသွားတာနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ KIA ကြားမှာ စစ်တပ်ဘက်က အသုံးပြုတဲ့ စစ်အင်အားအပြင် စက်လက်နက်နည်းပညာတွေ ကွာခြားသွားတာကြောင့်ဖြစ်နိုင်တယ်လို့ ကချင်နိုင်ငံရေးနဲ့စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလိုပြောဆိုထားပါတယ်။
“ဗန်းမော်တိုက်ပွဲ ကျန့်ကြာသွားတာနဲ့ အခြေအနေကို သုံးသပ်ကြည့်ရင် အချက်နှစ်ချက်ကို တွေ့ရပါတယ်။ ပထမတစ်ချက်က ပစ်ခတ်တဲ့ အင်အားကွာပါတယ်။ နောက်တစ်ချက် KIA ဘက်က မြို့ပေါ်တိုက်ခိုက်ရေးစွမ်းရည်အားနည်းနေသေးတယ်လို့မြင်တယ်။ ပစ်ခတ်ရေးစွမ်းရည်ကွာခြားတယ်လို့ ပြောတဲ့ထဲမှာ စစ်တပ်က လေယာဉ်ဆိုမျိုးစုံအသုံးပြုတိုက်ခိုက်တယ်။ အခုနောက်ပိုင်းဆို အဆင့်မြင့်တဲ့ ဒရုန်း၊ စက်လက်နက်တွေအသုံးပြုနိုင်တယ်။ ဒီအပိုင်းမှာ KIA ဘက်က အားနည်းပါတယ်။ နောက် KIA ဘက်က မြို့ပေါ် တိုက်ခိုက်ရေးစွမ်းရည်အရင်ကတည်းကမရှိသေးဘူး။ အရင်ကရှိတယ်ဆိုပေမယ့် မြို့ကြီးနေရာမဟုတ်တဲ့နေရာတွေမှာပဲရှိဘူးတယ်လေ”လို့ပြောပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်သလို စစ်တပ်ရဲ့ စစ်ဖက်ဆိုင်ရာ စစ်တပ်နေရာတွေခိုင်ခံပြီး နေရာကျယ်ဝန်းတာကြောင့် မြို့တွေနေရာတွေကို ထိန်းချုပ်နိုင်တာတွေရှိပေမယ့် စစ်တပ်နေရာတွေကို ဝင်ရောက်ထိန်းချုပ်ဖို့ ခက်ခဲနေတာလည်းဖြစ်တယ်လို့ ဆက်ပြီးသုံးသပ်ထားပါတယ်။
စစ်ကောင်စီတပ်ဘက်လည်း ဗန်းမော်မြို့လက်မလွတ်ရေးအတွက် စစ်လေယာဉ်မျိုးစုံနဲ့ လေကြောင်းတိုက်ခိုက်တာတွေ၊ ဒရုန်းလက်နက်ကြီးအသုံးပြုတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေသလို တစ်ဖက်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ နေ့နောက်ပိုင်း KIA လက်လွတ်လိုက်ရတဲ့ စစ်တပ်နေရာတစ်ချို့ ကာကင်းတပ်စခန်းတစ်ချို့ပြန်လည်သိမ်းပိုက်နိုင်ပြီး စစ်ရေးပြန်လည်အားကောင်းလာတယ်လို့လည်း KIO ပြောဆိုထားပါတယ်။
ကချင်နိုင်ငံရေးနဲ့စစ်ရေးလေ့လာသုံးသပ်သူတွေရဲ့ ပြောဆိုချက်အရ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ရေးအောင်မြင်မှုမရှိသရွေ့ နှစ်ဖက်စစ်တပ်ကနေ တိုက်ပွဲဆက်လက်ဖော်ဆောင်နေအုံးမှာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်းအစိုးရက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ကို မြို့သိမ်းတိုက်ပွဲတွေ၊ ထိုးစစ်တပ်ရပ်တန့်ဖို့ ဖိအားပေးပြောဆိုတာတွေရှိနေပေမယ့် ယခုတိုက်ပွဲကာလ တစ်နှစ်ပြည့်တဲ့အထိ တိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်တယ်။
By – နော်ထွယ့်(ဟူးကောင့်)



