ဗန်းမော်စစ်ရှောင် ၃,၀၀၀ ကျော်အတွက် နေရာထိုင်ခင်း အကူညီလိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်စစ်ဘေးရှောင်တွေထဲမှ KIA တပ်မဟာ ၈ နယ်မြေထဲ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးရှောင် ၃,၀၀၀ ကျော် စစ်ရှောင်စခန်းမရှိတာကြောင့် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနစ် ဒီဇင်ဘာလ ၄ ရက်စတင်ဖော်ဆောင်လာတဲ့ ဗန်မော်မြို့သိမ်းတိုက်ပွဲဟာ ဒီနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော်ဒေသခံတွေအားလုံးလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နီးစပ်ရာဒေသထဲထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
ဒီထဲမှာမှ ဗန်းမော်အနောက်ဘက် ဧရာ၀တီမြစ်တစ်ဖက်ကမ်း KIA တပ်မဟာ ၈ နယ်မြေထဲကို ထွက်ပြေးတိမ်းရှောင်နေသူတွေဟာ လက်ရှိချိန်ထိ နေရာထိုင်ခင်းမရှိပဲ ဒုက္ခရောက်နေကြတယ်လို့ ဆိုပါတယ်။
“ငွေရှိတဲ့သူတွေကတော့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား အဝေးကိုတိမ်းရှောင်သွားနိုင်ကြတယ်။ ကျနော်တို့ ခက်ခဲတဲ့သာမန်လူတွေကတော့ နီးစပ်ရာကျေးရွာတွေ၊ဗန်းမော်နဲ့ မလှမ်းမဝေးမှာ ရှောင်နေကြတယ်။ KIA တပ်မဟာ ၈ နယ်မြေကို စစ်ရှောင်နေတဲ့သူတွေကိုလက်ရှိအချိန်ထိ KIO အစိုးရက စစ်ရှောင်စခန်းဆောက်လုပ်ပေးတာ မရှိပါဘူး။ ဒီဘက်မှာ လူ ၃,၀၀၀ ကျော် ဟုတ်တယ်။ တစ်ဦးတစ်ယောက်မှ စစ်ရှောင်စခန်းမရဘူး”လို့ ဗန်းမော်ဒေသခံ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ အဲဒီစစ်ဘေးရှောင် ၃,၀၀၀ ကျော်ဟာ နေရာထိုင်ခင်းမရှိတဲ့အတွက် ကျေးရွာတွေထဲက ခြံအလွတ်တွေနဲ့ ရွာခံတွေရဲ့အိမ်တွေမှာ ခိုလှုံနေကြရပြီး ခက်ခက်ခဲခဲ ဖြတ်ကျော်နေကြရတယ်လို့စစ်ဘေးရှောင်တွေက ပြောပါတယ်။
နောက်ထပ် ဗန်းမော်မြို့ခံပြည်သူအများစုက KIO ဌာနချုပ်နယ်မြေနဲ့ မိုင်းခေါင်၊ ဟန်ထက်၊ မြလယ်၊ ဒေါ့ဖုန်းယန် ၊ကုန်းလော၊ ကောင်ဂျာ၊ အောင်သာယာ စတဲ့ကျေးရွာတွေထဲ တိမ်းရှောင်ခိုလှုံနေကြရပြီး အများစုက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်နေဆဲဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားပြီဖြစ်ပါတယ်။
ခုလို ဗန်းမော်မြို့သိမ်းတိုက်ပွဲ အဆုံးမသတ်နိုင်သေးတာဟာ စစ်တပ်က ရေကြောင်းကနေ အင်အားတွေ အမြောက်အများပို့ဆောင်နိုင်ခဲ့ပြီးအင်အားပြန်လည်တောင့်တင်းလာတာကြောင့် ရှေ့မတိုးသာ နောက်မဆုတ်သာအနေအထားမှာရှိနေတာလို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“သုံးသပ်ကြည့်လိုက်ရင် စစ်တပ်ကတော့ ဒီဗန်းမော်ကိုလုံး၀ လက်မလွှတ်အောင်ဆိုတဲ့စီမံကိန်းရှိတယ်။ ဒါကြောင့်ရှိရှိသမျှ အားအင်နဲ့ခုခံတိုက်ခိုက်မယ့် အနေအထားဖြစ်တယ်။ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေလည်း ဘာနည်းလမ်းနဲ့ ဘယ်လို ဒီတိုက်ပွဲကို အဆုံးသတ်ယူမလဲ၊ဘယ်လောက်ပြန်အားစိုက်နိုင်မလဲ၊ ဘယ်လိုနည်းဗျူဟာနဲ့ လက်နက်တွေသုံးပြီး ပြန်တိုက်ခိုက်မလဲဆိုတဲ့အပေါ်ပဲ အဆုံးအဖြတ် ပေးသွားလိမ့်မယ်”လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်
ဒီဇင်ဘာလ ၄ ရက်နေ့ မနက်မှာ ဗန်းမော်မြို့နဲ့ မံစီမြို့၊ နှစ်မြို့စလုံးကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မံစီမြို့ကို တစ်လလောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ရင်းနှီးမှုများစွာကျဆုံးမှုများစွာရှိသလို KIA နဲ့PDF ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိ နေတာလည်းဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



