လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မဘိမ်းမှာ စစ်တပ်ကဗုံးကြဲလို့ ပြည်သူ ၉ ဦးသေဆုံး

ရှမ်းမြောက်၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့အနီး မြစ်ဆုံကျေးရွာကို စစ်ကောင်စီကလေယာဉ်ဗုံးကြဲချခဲ့တာကြောင့် စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်က မိုးမိတ်နဲ့ မဘိမ်းမြို့ကြားမှာရှိတဲ့ မြစ်ဆုံကျေးရွာကို လေယာဉ်နဲ့ ၃ ကြိမ်ဗုံးကြဲချသွားတာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မြစ်ဆုံရွာ တံတားနားမှာ ဗုံးလာကျတယ်။ သေဆုံးသူ ၉ ဦးထဲမှာ စစ်ရှောင်ပြီး လာနေထိုင်နေတဲ့သူတွေပါတယ်။ ဘယ်သူဘယ်ဝါတွေဆိုတာ အတိအကျတော့ မသိသေးဘူး။ လေယာဉ်က ၃ ကြိမ် လာကြဲသွားတယ်လို့ ပြောပါတယ်။

 လေယာဥ်ဗုံးကြဲလို့ သေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ အမျိုးသမီး၊ အမျိုးသား၊ ကလေး‌ အရွယ်စုံပါဝင်တယ်လို့ ဆိုပေမယ့် စာရင်းအတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်ဗုံးကြဲမှုကြောင့် မြစ်ဆုံရွာရှိ လူနေအိမ် ၃ အိမ်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။

မိုးမိတ်မြို့တွင်းကို စစ်ကောင်စီအဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေလည်း မြို့ပြင်ဘက်တွေမှာ စစ်ရေးလှုပ်ရှား ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

မိုးမိတ်မြို့အထက်ဘက် ရွှေလီမြစ်ဝှမ်းတစ်လျှောက် မြစ်ဆုံကျေးရွာနဲ့ မဘိမ်းမြို့တွေမှာ TNLA အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်နေရာယူ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်ပါတယ်။

ဒါကြောင့်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ အခုလို မြစ်ဆုံရွာကို အကြောင်းမဲ့ ဗုံးကြဲတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

မြစ်ဆုံရွာဘေးပတ်ဝန်းကျင်မှာက ရွှေမှော်တွေလည်းရှိတယ်။ ဒီရွာမှာက KIA PDF ၊ ကျောင်းသားတပ်တွေနဲ့ TNLA တွေလည်း လှုပ်ရှားနေတဲ့ နယ်မြေဖြစ်တယ်။ ဒါကြောင့်လည်း စစ်တပ်က အကြောင်းမဲ့ လာဗုံးကြဲတာလို့ သူကဆက်ပြောပါတယ်။

 KIA တပ်ရင်း ၃၄ နယ်မြေတည်ရှိရာ မိုးမိတ်ထဲကို စစ်တပ်က အားလုံးဝင်ရောက်ထားနိုင်ပြီဖြစ်တာကြောင့် စစ်တပ်တွေ အထက်ဘက်ကို မထိုးဖောက်လာနိုင်အောင် KIA ဘက်ကလည်း တားဆီးနိုင်ဖို့ ပြင်ဆင်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

မိုးမိတ်မဘိမ်းမြို့ တွေကနေ ကချင်ပြည်ဘက် ဗန်းမော်ကို ကုန်းလမ်းနဲ့ဆက်သွယ်ထားတာ ဖြစ်တာကြောင့် မိုးကုတ်မိုးမိတ်မြို့တွေထဲ ဝင်ရောက်ထားနိုင်ပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မဘိမ်းမြို့ဘက်ကို ထိုးဖောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button