ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့ ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။

ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။
တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
“ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။
ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။
By – အမိုး



