သတင်း

ဘုန်းကြီးကျောင်းရံပုံငွေရှာဖွေရေးခေါင်းစဉ်အောက် လောင်းကစားဝိုင်း ၄၀ ကျော်ဖွင့်ထား

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ ဘုန်းကြီးကျောင်းရံပုံငွေရှာဖွေရေးခေါင်းစဉ်အောက် လောင်းကစားဝိုင်း ၄၀ ကျော်ဖွင့်ပြီးကျင်းပနေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။

ဒီရံပုံငွေရှာဖွေပွဲမှာ ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီးဖဲ၊ငမန်း၊ လေးကောင်ဂျင်အစရှိတဲ့ လောင်းကစားအမျိုးစုံပါဝင်ပြီး ကြက်ပေါင်ခြံနယ်မြေ ၃ ရှိပြည့်ဝချမ်းသာဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ တစတင်ကျင်းပနေတယ်လို့ ရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။

ဘုန်းကြီးကျောင်း ရံပုံငွေလို့ဘဲသိရတယ်။ ပွဲမှာလည်း ဘာမှမရေးထားဘူး။ ကျနော်တို့ ရပ်ကွက်နေသူတွေမှာတော့ ပွဲလုပ်တဲ့နေ့စကပြီး နေ့ညမပျက် ပစ္စည်းပျောက်မှာဆိုးလို့ စောင့်နေရတယ်ဗျာလို့ ပြောပါတယ်။

KNG စုံစမ်းသိရှိရတဲ့အချက်လက်တွေအရ လောင်းကစားဝိုင်းတစ်ဝိုင်းကို နေရာကြေး ခြောက်သိန်းအပြင် ညတိုင်း ညကြေး ၃ သိန်းပေးဆောင်ပြီး လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့ထိကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲမိန့်ကို မြစ်ကြီးနားအထွေထွေအုပ်ချုပ်ရေးရုံးကနေ တိုက်ရိုက်ပွဲမိန့်ချထားတယ်လို့ သိရပြီး ခုလိုဘာသာရေးပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်းကျင်းပနေတဲ့အပေါ် ရပ်ကွက်နေပြည်သူတွေနဲ့မြစ်ကြီးနားမြို့ဒေသခံတွေကြားမှာတော့ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

ဘာသားရေးကိစ္စကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေလုပ် ရံပုံငွေရှာတယ်ဆိုထဲက ယုတ်ညံ့တဲ့ လုပ်ရပ်တွေလို့ မြင်တယ်။ ဒီလို ခေတ်ပျက်ကြီးမှာ ဒီလိုလုပ်ရပ်တွေက ဘာသာရေးကိုရော လူငယ်တွေကိုပါ ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြတာပဲ ဒါ ရပ်ရွာရော ဘာသာရေးကိုရော လူငယ်တွေရော စော်ကားလိုက်တာဖြစ်တယ်လို့ နောက်ထပ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးထပ်ပြောပါတယ်။

ခုလို ဘုန်းကြီးကျောင်းရံပုံငွေရှာဖွေရေး‌ခေါင်းစဉ်နဲ့ အကြောင်းပြပြီး လောင်းကစားဝိုင်းကျင်းပနေတာကြောင့် ခိုးဆိုးလုယက်မှုတွေလည်း ပိုဆိုးလာနိုင်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ပွဲရက်မရှည်ဖို့နဲ့ ဘာသာရေးပွဲတွေမှာ လောင်းကစားဝိုင်းတွေထည့်သွင်းကျင်းပတာကို ခွင့်မပြုပေးကြကြဖို့ ဒေသခံတွေပြောကြပါတယ်။

ပွဲလုပ်လို့ရတယ် ပွဲရက်မရှည်စေချင်ဘူး ပြီးတော့ ဒဒီလိုဘာသာရေးပွဲတွေမှာလောင်းကစားဝိုင်းတွေ မထည့်သင့်၊ခွင့်မပြုသင့်ဘူး။ မြစ်ကြီးနားမှာ အစကတည်းက ခိုးဆိုးလုယက်တာကများနေတာ ခုလိုလောင်းကစားဝိုင်းတွေကြောင့် ပိုဆိုးလာနေတာဟုတ်တယ်လို့ ပြောပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြစ်ကြီးနားမြို့မှာ ပြီးခဲ့ အောက်တိုဘာလ သီတင်းကျွတ်ပွဲစတင်လာချိန်ကစလို့ ပွဲကန်ထရိုက်ယူသူတွေဟာ မြစ်ကြီးနားမြို့တွင်း ရပ်ကွက်လှည့်ကာ ဇာတ်ပွဲ၊ဖျော်ဖြေပွဲ၊ရံပုံငွေရှာပွဲအစရှိတဲ့ ဘာသာရေးပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်းကို ဦးစားပေးကျင်းပလာကြတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်တပ်က မြစ်ကြီးနားမြို့နယ်ကို အောက်တိုဘာ ၈ ရက်နေ့မှစတင်ကာ အများပြည်သူသွားရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယာဉ်နှင့် အများနှင့်သက်ဆိုင်သောနေရာများမှာ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လူမစုရ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button