တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ပြင်ဆင်နေ
မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ စစ်ကော်မရှင်ဘက်ကပြင်ဆင်နေတယ်လို့ကသာမြို့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
စစ်ကော်မရှင်က ကျောင်းသား/သူ နဲ့ Non-CDM ဆရာ/မ စုစုပေါင်း ၄၀၀ ကျော်ကို ကသာမြို့ကိုဝင်ရောက်စေပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ဖို့ပြင်ဆင်နေတာလို့သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ကသာမြို့မှာ စစ်ကော်မရှင်ကကျောင်းပြန်ဖွင့်ဖို့ကြိုးစားတာဟာ တော်လှန်ရေးတပ်တွေစစ်ရေးမှာအခက်တွေ့အောင် အရပ်သားတွေကိုအသုံးချတာလို့ ထောက်ပြပါတယ်။
ကသာမြို့ခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက“တချို့ဆရာ/ဆရာမတွေလည်း အထဲပြန်ဝင်ပြီးတော့မှ စစ်ကော်မရှင်ဆွဲတဲ့အစီအစဥ်ထဲကို ပြန်လုပ်နေကြတယ်လို့ကြားတယ်။ Non-CDMတွေပေါ့။ ဒါကလည်းသိသာပါတယ်။ သူတို့ တိုက်ပွဲမှာလူသားဒိုင်းအဖြစ်ပြည်သူကိုအသုံးချဖို့အတွက်ကို ဒီလမ်းကြောင်းကိုဖန်တီးတယ်လို့ယူဆပါတယ်”လို့ပြောပါတယ်။

ကသာမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကော်မရှင်ရွေးကောက်ပွဲကျင်းပနေချိန်မှာ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိနှစ်ဖက်တပ်တွေအကြားထိတွေ့တိုက်ပွဲများဖြစ်ပွားနေတာဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲစတင်တဲ့နေ့ကစလို့ ကသာမြို့ခံအများစုဟာ ဘေးလွှတ်ရာတွေမှာထွက်ပြေးနေကြရပြီး စစ်ကော်မရှင်ကို ထောက်ခံတဲ့ဒေသခံတွေအပါအဝင်၊ သူခိုးရန်ကိုကြောက်လို့နေအိမ်မစွန့်ခွာဘဲကျန်ရစ်ခဲ့သူတွေလည်းဆက်ရှိနေသေးတဲ့ အခြေနေ ဖြစ်ပါတယ်။
တစ်ဖက်မှာ ကသာမြို့သိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကစလို့ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတယ်လို့သိရပါတယ်။
“မြို့ပေါ်မှာကျန်နေသေးတဲ့ပြည်သူတွေအမြန်ထွက်ကြဖို့နဲ့ကြာလာရင် အန္တရာယ်ပိုများလာနိုင်ကြောင်းပြောချင်ပါတယ်”လို့အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က မြို့တွင်းကျန်ရစ်နေတဲ့ဒေသခံတွေကိုသတိထားကြဖို့ပြောပါတယ်။
ကသာမြို့တွင်းကဒေသခံတွေဟာ ကသာမြို့ပြင် ဧရာဝတီမြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါအဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။
ဘေးလွှတ်ရာတွေကိုထွက်ပြေးနေကြရတဲ့စစ်ဘေးရှောင်တွေဟာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရသူတွေ များတာကြာင့် အကူအညီများစွာလိုအပ်နေကြပြီး တချို့နေအိမ်တွင်ကျန်ရစ်ခဲ့တဲ့ပစ္စည်းများကိုသွားယူရင်း သေဆုံးခဲ့ရတဲ့ စစ်ဘေးရှောင်များလည်းရှိနေတယ်လို့သိရပါတယ်။
By – အမိုး



