ဂွေထူပါ ပြည်သူ့စစ်ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ဦးမဂျီနော်လီ ဒေသတွင်း ဘာတွေလုပ်နေလဲ။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ဂွေထူဌာနေပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဦးမဂျီမနော်လီက အာဏာရယူပြီးနောက် ဒေသအတွင်း မြေယာသိမ်းယူမှုအပြင် လောင်းကစားဝိုင်းများဖွင့်လှစ်ပြီး ဝင်ငွေရှာတဲ့လမ်းကြောင်းကို ပိုပြီးတိုးချဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဂွေထူပြည်သူ့စစ်ခေါင်းဆောင်နေရာအတွက် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဦးမဂျီနော်လီ ပြန်လွတ်မြောက်လာတဲ့နောက်ပိုင်းမှာ ဂွေထုပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။
ဦးမဂျီနော်လီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ဩဂုတ်လထဲမှာ မန္တလေးမြို့ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလထဲမှာ မြစ်ကြီးနားမြို့ကို အကျယ်ချုပ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယခု ၂၀၂၆ ခုနှစ် ၊ နှစ်ဆန်းပိုင်းစမှာတော့ ဦးမဂျီနော်လီက ဂွေထူပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်(ဥက္ကဋ္ဌ )အဖြစ် ပေါ်ပေါ်တင်တင်လုပ်ဆောင်လာတာဖြစ်ပြီး တာဝန်ယူထမ်းဆောင်တဲ့နောက်ပိုင်း တပ်တွင်းအပြင် ဒေသအတွင်းအငြင်းပွားဖွယ်ဖြစ်တဲ့ ကိစ္စရပ်များ မကြာခဏဖြစ်ပေါ်နေတယ်လို့ နောင်းချိန်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မနှစ်တုန်းက ဒီဇင်ဘာလောက်ကနေ မြစ်ကြီးနားထဲမှာ အကျယ်ချုပ်ပုံစံနဲ့ ရှိနေပြီဖြစ်ပါတယ်။ အခုက တရားဝင်သွားလာခွင့်ရသွားပြီး သူတို့ရဲ့ တပ်တွင်းတွေထဲမှာလည်း အာဏာပြ လုပ်ဆောင်တာတွေရှိတယ်။ ပြီးရင် လုံခြုံရေးကလည်း အရင်ကထက်ပိုပြီးတင်ကြပ်တာတွေ၊ ဦးနော်လီ သူကိုယ်တိုင် လွတ်မြောက်လာဖို့ ငွေအများကြီးသုံးလိုက်ပုံရတယ်။ အခုဆိုရင် လုပ်ပိုင်ခွင့်ရပြီးသား ခြံဝင်း၊ မြေကွက်နေရာတွေကို လုယူ၊ မောင်းထုတ်တာတွေ ဆက်တိုက်လုပ်နေတယ်။ ဒါကြောင့် ပြဿာနာတွေလည်းများကြီးရှိနေတယ်”လို့ပြောပါတယ်။

လက်ရှိ ဂွေထူပါဒေသအတွင်း ဦးနော်လီနဲ့ ပြည်သူတစ်ချို့ကြား မြေနေရာအငြင်းပွားမှုဖြစ်နေတဲ့ ဖြစ်စဉ်တစ်ချို့ရှိနေတာကြောင့် KNG သတင်းဌာနကို သတင်းပေးပို့ထားတာရှိပေမယ့် အသေးစိတ်သိရှိရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အာဏာအသုံးချပြီး မြေယာသိမ်းယူမှုတွေကြောင့် ဂွေထူပါဒေသက နောင်းချိန်း၊ လဝါယန်၊ မခေါယန် ၊ မခေါတီစတဲ့ ကျေးရွာတွေမှာ မြေနေရာအငြင်းပွားမှုတွေဖြစ်ပေါ်နေပြီး ယခင် ဦးလဆန်အောင်ဝါ လက်အောက်မှာရှိတဲ့ ပြည်သူ့စစ်တပ်သားတစ်ချို့ကိုလည်း နင်ထုတ်လိုက်တဲ့ ဖြစ်စဉ်တွေရှိနေတယ်လို့သိရပါတယ်။
ယခင်ဂွေထူပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးလဆန်အောင်ဝါ ဆုံးပါးသွားပြီးနောက် လက်အောက်ခံဖြစ်တဲ့ ဦးမဂျီနော်လီက ခေါင်းဆောင်နေရာဖြစ်လာပြီး နောက်ထပ် အသက် ၆၀ ဝန်းကျင်အရွယ်ရှိသူ ဦးဂမ်အောင်ဆိုသူက ဒု – ခေါင်းဆောင်နေရာဖြစ်လာခဲ့ပါတယ်။
ဦးလဆန်အောင်ဝါ သေဆုံးသွားပြီး ၆ လခန့်အကြာမှာ ဦးနော်လီနဲ့ ဦးဂမ်အောင် နှစ်ဦးက ခေါင်းဆောင်ရာထူးအငြင်းပွားမှုဖြစ်လာပြီး စည်းဝေးခန်းမအတွင်း အချင်းအချင်းပစ်ခတ်မှုဖြစ်ကာ ဦးဂမ်အောင်ဆိုသူက ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဦးနော်လီက ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုင်းနိုင်ငံကို ဆေးသွားကုပြီးအပြန် မန္တလေးလေဆိပ်မှာ ဖမ်းဆီးမှုခံခဲ့ရပါတယ်။
ဒါ့အပြင် ဦးနော်လီက အဓိက ဝင်ငွေလမ်းကြောင်းအတွက် ဒေသအတွင်း လောင်းကစားဝိုင်းများစွာ ဖွင့်လှစ်တိုးချဲ့ထားတယ်လို့လည်း ဆက်သိရပါတယ်။
ဒေသအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေက အလုပ်လက်မဲ့များစွာဖြစ်နေပြီး လောင်းကစားဝိုင်းတွေမှာသာ အချိန်ကုန်ပျက်စီးသွားတဲ့အခြေအနေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ နောက်ထပ် မခေါယန်ကျေးရွာက အမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။
“ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်ပေးတာတွေ လိုအပ်နေတာဖြစ်တယ်။ ဒါပေမယ့် အခု သူရဲ့ လုပ်ဆောင်ချက်တွေက အရမ်းဆိုးရွားလာတယ်လို့ပြောလို့ရမယ်။ ဖဲလောင်းကစားဝိုင်းတွေပဲ ဦးစားပေးဖွင့်လှစ်ပြီး ပိုက်ဆံရှာတယ်။ လူအများအပြားကို ပျက်စီးစေနေတယ်။ လူအများက အလုပ်လက်မဲ့ဖြစ်စေပြီး လောင်းကစားဝိုင်းမှာပဲ အချိန်ကုန်စေခိုင်းနေတယ်။ ဒီလိုလုပ်ရပ်တွေက ကျနော်တို့ ဒေသခံတွေ လုံးဝမလိုချင်ပါဘူး”လို့ပြောပါတယ်။
ယခုနောက်ပိုင်း ဂွေထူပါ ဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်ဖောက်ကားတဲ့သူတွေ အရင်က ထက် ၃ ဆလောက်ပေါများလာပြီး ပြည်သူတွေရဲ့ အသက်လုံးခြုံရေးမရရှိတဲ့အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းတွေကို အဓိက လုပ်ပေးစေလိုကြောင်း မခေါယန်ဒေသခံ အမျိုးသားက တောင်းဆိုထားတာဖြစ်ပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်အသစ်ဖြစ်လာတဲ့ ဦးမဂျီနော်လီဟာ ယခင်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးလဆန်အောင်ဝါ ဆုံးပါးသွားပြီးနောက် ဂွေထုဌာနေပြည်သူ့စစ်အတွက် တပ်တွင်းမဲပေးရွေးချယ်ကာ ပြည်သူ့စစ်ခေါင်းဆောင်နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။
ဦးမဂျီနော်လီက ဦးလဆန်အောင်ဝါရဲ့ ဝင်ငွေရရှိအောင် စီမံခန့်ခွဲပေးသူတစ်ဦးဖြစ်ပြီးတော့ စစ်တပ်နဲ့ ရင်းနှီးကျွမ်းဝင်ဆုံးဖြစ်တယ်လို့ ဂွေထုဒေသခံတွေပြောပါတယ်။
လက်ရှိ ဦးနော်က ဂွေထူပါ နောင်းချိန်းမှာ မဟုတ်ဘဲ လောင်းကစားဝိုင်းအကြီးဆုံးဖွင့်ထားတဲ့ မခေါတီမှာ လုံခြုံရေးအပြည့်ထားပြီး နေထိုင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အလားတူ ဦးလဆန်အောင်ဝါ အုပ်ချုပ်စဉ်ခါတုန်းကလည်း ဂွေထူပါဒေသမှာ ငွေဝင်လမ်းကြောင်းအဖြစ် လောင်းကစားဝိုင်းနဲ့ ငှက်ပျောခြံလုပ်ငန်း၊ ရွှေတူးဖော်မှုလုပ်ငန်းများစွာ စီးပွားရေးအခြေစိုက်ရာဒေသအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
ဂွေထူပါဒေသကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် ဝန်းကျင်လောက်ကနေ ဦးလဆန်အောင်ဝါအဖွဲ့က ဌာနေပြည်သူ့စစ်ဖွဲ့စည်းလိုက်ပြီ အခြေစိုက်နေထိုင်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



