ဟုမ္မလင်းမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်စပြုလာ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ လေကြောင်းလိုင်းအာားလုံးပိတ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ စတင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်စပြီး မန္တလေး–မုံရွာ–ဟုမ္မလင်းလေကြောင်းလိုင်းကို အကြေင်းပြချက်မရှိပိတ်ချလိုက်တဲ့နောက် ဆေးဝါးပြတ်လပ်တာ၊တစ်ခြားကုန်စည်တွေပြတ်လပ်စပြုလာပြီး လက်ကျန်ရောင်းချတဲ့ကုပစ္စည်းတွေလည်း စျေးအဆမတန်မြင့်တက်လာတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“လေယာဥ်လိုင်းပိတ်တာ တစ်ပတ်ကျော် ခုဘာတွေဖြစ်နေလဲဆိုတော့ ဆေးခန်းတွေပိတ်ထားတယ် ဆေးမရှိလို့တဲ့၊နောက်ပြီး ပုံမှန်လေယာဥ်နဲ့တင်နေတဲ့ကွမ်းရွက်က အရင်တစ်ပိဿတစ်သောင်းကနေ အခု နှစ်သောင်းအထိခုန်တက်သွားတယ် ဆပ်ပြာ၊ ခေါက်ဆွဲခြောက်တို့တစ်ချို့ဆိုင်တွေမှာဝယ်မရတော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လေကြောင်းလိုင်းပိတ်လိုက်တဲ့နောက် လက်ရှိဟုမ္မလင်းမြို့ပေါ်က အခမဲ့ဆေးခန်းတွေပိတ်ထားရပြီး ဖွင့်နေကျအပြင်ဆေးခန်းတွေမှာလည်းဆေးဝါးတွေ မစုံတော့ကြောင်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ကြက်ဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူအစရှိတဲ့ အခြေခံစားသောက်ကုန်တွေလည်းပြတ်လပ်စပြုနေပြီလို့ သိရပါတယ်။
ဟုမ္မလင်းလေကြောင်းလိုင်းပိတ်တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ပြောဆိုထုတ်ပြန်တာတွေမရှိသလို လေယာဉ်လက်မှတ်အရောင်းဌာနတွေကလည်း မသိရဘူးလို့ ပြောပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
“ဘာကြောင့်ပိတ်တာလဲဆိုရင် စစ်ရေးကြောင့်ပဲနေမှာ ဟိုတလေ သုံးရက်လေးရက်ဆက်တိုက် ကလေးဘက်ကလာတဲ့လေယာဥ်တွေဟုမ္မလင်းလေဆိပ်မှာနားပြီးဒီကနေသွားသွားကျဲတာလေး ပဲနုတ်ဆွပ်နဲ့နောင်မော်ဘက်ကိုအဲ့နောက်ပိုင်းကနေပိတ်သွားတာပဲ”လို့ ဟုမ္မလင်းမြို့ ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်း မုံရွာ–နမ့်တော–ဟုမ္မလင်းကားလမ်းပိုင်း စစ်ရေးအရသွားလာလို့မရတဲ့နောက် မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကနေ ကုန်စက်စက်လှေတွေနဲ့သယ်ကြရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
ဒါပေမယ့် ကုန်စက်လှေတွေခရီးတစ်ခေါက်ကို ခြောက်လခန့်ကြန့်ကြာတာတဲ့အတွက် အခြေခံစားသောကုန်နဲ့လူသုံးကုန်တွေကိုလေကြောင်းကနေပဲသယ်ယူနေုကြတာဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။
By – Zaw Zaw



