မြစ်ကြီးနားမှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်ဆက်တိုက် လုယက်ခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက်လုယက်ခံတာတွေ မကြာခနကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။
KNG ရဲ့ စုံစမ်းထားချက်အရ လုယက်ခံရတဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလကုန်ထိ ၁၅ ကြိမ်ထက်မနည်းရှိနေပါတယ်။
အဲဒီဖြစ်စဉ်တွေထဲက ဖြစ်စဉ်တစ်ခုက ဖေဖော်ဝါရီလ ပထမအပတ် လယ်ကုန်းရပ်ကွက် နယ်မြေ ၃ မှာ အသက် ၂၀ ဝန်းကျင်လူငယ်တစ်ဦး ဘတ်ထရီဆိုင်ကယ်စီးလာအချိန် နောက်ကနေ ဆိုင်ကယ်နှစ်စီးနဲ့ လူ ၅ ဦး လိုက်လာပြီး လမ်းကြားတစ်နေရာမှာ လူငယ်ရဲ့ရှေ့ကို ဆိုင်ကယ်ပိတ်ရပ်ကာကျောက်လှည့်လို အချွန်တစ်မျိုးနဲ့ ခေါင်းကိုထိုးပြီး ဆိုင်ကယ်နဲ့ ဖုန်းလုသွားခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ကယ်လုခံရတဲ့လူငယ်ဟာ ခေါင်းထိုးခံရတဲ့ ဒဏ်ရာကြောင့် အသက်အန္တရာယ်မစိုးရိမ်ရပေမယ့်သုံးချက်လောက် ချုပ်လိုက်ရတယ်လို့ မိသားစုဝင်တစ်ဦးက ခုလိုပြောပြပါတယ်။
“ပြန်လိုက်လို့ရှိရင်တော့ ဆိုင်ကယ်ပြန်ရနိုင်ပေမယ့် ဘယ်သူမှ ပြန်မကူညီတော့ သူလည်း ခေါင်းမှာထိထားတော့ မိုက်ကနဲ လှဲကျသွားတာ”လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့တွင်း လုယက်သူတွေဟာ ယခင်က လူပြတ်တဲ့လမ်းကြားလိုနေရာမှာ လုယက်ကြပေမယ့် ခုနောက်ပိုင်း လူနေရပ်ကွက်တွေထိ လွန်လွန်ကျူးကျူး လုယက်မှုတွေလုပ်လာတာဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ဂျန်မိုင်ကောင်ရပ်ကွက် နယ်မြေ ၅ လမ်းထောင့်တစ်နေရာမှာလည်း အမျိုးသမီးတစ်ဦးကို ဓားနဲ့ထောက်ပြီး ပိုက်ဆံလုသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ အမျိုးသမီးတစ်ဦးက ခုလို ပြောပြပါတယ်။
“သူ့ကို ရပ်လို့ပြောပြီး လည်ပင်းကို ဓားနဲ့ ထောက်တယ်လို့ ပြောတယ်တဲ့။ လူငယ်ပိုင်းဟုတ်တယ်လို့ သူပြောပြနေတာဟုတ်တယ်။ အိတ်လည်း လုပြေးသွားတယ်တဲ့”လို့ ဆိုပါတယ်။

ဒါအပြင် ဒီရက်ပိုင်းအတွင်း အလှူပွဲလိုနေရာက ပြန်လာတဲ့သူတွေကို ပစ်မှတ်ထားပြီး ရွှေဆွဲကြိုးလုယက်တဲ့ ဖြစ်စဉ်တွေလည်း မကြာခန ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြို့နေပြည်သူတွေပြောချက်အရ လုယက်သူတွေဟာ သက်လတ်ပိုင်းအရွယ်တွေနဲ့ လူငယ်တွေ အများဆုံးဖြစ်ပြီး အမျိုးသမီးတွေကို ပိုမိုပစ်မှတ်ထားနေတာကိုလည်း တွေ့နေရပါတယ်။
ခုလိုခိုးဆိုးလုယက်မှုတွေကြောင့် မြစ်ကြီးနားမြို့ခံ ပြည်သူတွေဟာ အပြင်သွားလာတဲ့အချိန် စိုးရိမ်ပူပန်နေရရုံသာမက အိမ်ထဲမှာလည်း စိုးရိမ်ပူပန်နေရတယ်လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ခုလိုပြောပြပါတယ်။
“စိုးရိမ်မှုကတော့ အရမ်းမြင့်တဲ့ဘက်ကို ရောက်နေပြီ အပြင်ထွက်ရင် စိုးရိမ်ရတာမျိုး မဟုတ်ဘဲနဲ့ အိမ်မှာဘဲ နေနေရင်တောင် စိုးရိမ်နေရတယ် ဓားပြတိုက်လာနိုင်တဲ့အတွက်”လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ခုလို အကြမ်းဖက်ပြီး ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပေမယ့်လည်း သေချာဖမ်းဆီးအရေးယူ နိုင်ခြင်းလည်း မရှိသေးတာလည်း ဖြစ်ပါတယ်။
၂၀၂၆ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလနှစ်လအတွင်း KNGက ကောက်ယူရရှိထားတဲ့ ဖြစ်စဉ်တွေဆိုရင်ကို နှစ်ပိုင်းခွဲပြီး ပြောပြရရင်
ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီ အချိန် ရွှေညောင်ပင်ရပ်ကွက် နိဝင်ဘာ ဘားအနီး အမျိုးသမီးထံက ဖုန်းလုခံ ရပြီး ဦးခေါင်းထိတဲ့ ဖြစ်စဉ်၊ ၂၁ ရက်နေ့ ညနေ ၄ခွဲ မှာ ခေမာသီရိ လမ်းသွယ် ၂၄ ရမ်ပူ နယ် ၂၂ မှာ နေအိမ်ရှေ့ ထိုင်နေတဲ့အချိန် ရွှေတစ်ကျပ်သားပါတဲ့ ဆွဲကြိုး အလု ခံရတဲ့ ဖြစ်စဉ်၊ ရမ်ပူ ရပ်ကွက်မှာ နေအိမ် ဖောက်ခံရပြီး ဆိုင်ကယ် ၊ သုံးဘီး အသစ် ခိုးခံရ ပြီး ခွေးတွေအသတ်ခံရတဲ့ ဖြစ်စဉ်၊ နဲ့ အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၇ အချိန် ခေမာသီရိ လမ်းသွယ် ၁၈ ထိပ် မှာ ဘက်ထရီ ဆိုင်ကယ် စီးလာတဲ့ အမျိုးသား နှစ်ဦး ဓါး ထောက် ပြီး ဆိုင်ကယ် အလုခံရတဲ့ ဖြစ်စဉ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ခေမာသီရိ လမ်းသွယ် ၂ ၂ ထိပ်မှာ အမျိုးသမီး တစ်ဦး ဆွဲကြိုး လုခံရ တဲ့ ဖြစ်စဉ်တို့ ဖြစ်ပါတယ်။
ဒါအပြင် ဖေဖော်ဝါရီ လဆန်းတုန်းက လယ်ကုန်းရပ်ကွက်မှာ လူငယ်တစ်ဦး ခေါင်းရိုက်ခံရပြီး ဘတ်ထရီဆိုင်ကယ် လုယက်ခံရတဲ့ ဖြစ်စဉ်၊ ဖေဖဝါရီလ ၈ ရက်နေ့ ကလည်း တပ်ကုန်း၊ စီတာပူ ဘက် မှာ နေအိမ် ဖောက်ထွင်းမှု တွေ ဖြစ်တဲ့ ဖြစ်စဉ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေလယ် ၁၁နာရီအချိန် ရွှေညောင်ပင် ရပ်ကွက်မှာ ခိုးဖို့လုပ်နေတဲ့ အမျိုးသားတစ်ဦးကို ပိုင်ရှင်က cctv ကြည့်မိပြီး ပြန်လည်ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လည် ယုဇနရပ်ကွက်မှာ မင်္ဂလာဆောင်က ပြန်လာ အမျိုးသမီး ၂ ဦး ဆွဲကြိုးလုခံရတဲ့ ဖြစ်စဉ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ရာဒါကောင်း အေ မှာ ဆိုင်ကယ် ဓါးထောက် အလုခံတဲ့ ဖြစ်စဉ်၊ ၁၈ရက်နေ့ နေ့လယ် ၂ နာရီမှာ အေးမြသာယာရပ်ကွက် မြတ်ပါရမီ ကျောင်း အနီး ပ အမျိုးသား တစ်ဦးဖုန်းနဲ့ ငွေ ပါအလုခံရတဲ့ ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန် မြေမြင့် ဘုန်းကြီးကျောင်းအကျော် မှာ အလှူက ပြန်လာတဲ့ အမျိုးသမီး နှစ်ဦး ဆွဲကြိုးလုယက်ခံရတဲ့ ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၂၅ရက်နေ့ ဂျန်မိုင်ကောင်ရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ဓားထောက်ခံရပြီး ပိုက်ဆံအိတ်လုယက် ခံရတဲ့ ဖြစ်စဉ်တို့ ဖြစ်ပါတယ်။
ဒါအပြင် ကိုယ်ထူကိုယ်ထ ရပ်ကွက်တွင်း ကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့အတွက်ကလည်း စစ်ကောင်စီအစိုးရက လူစုလူဝေးပြုလုပ်တာကို တားမြစ်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။
ခုလို ခိုးဆိုးလုယက်မှုတွေ များနေရတာကတော့ အာဏာသိမ်းပြီးချိန်ကစပြီး ယနေ့အထိ မြစ်ကြီးနားမြို့မှာ လောင်းကစားဝိုင်းပေါင်း ၃၀ ဝန်းကျင်ရှိနေပြီး မူးယစ်ဆေးဝါးတွေကိုလည်း ရမ်ပူရပ်ကွက်မှာ ဆက်ကြေးကောက်ပြီး တရားဝင် ရောင်းချခွင့်ပေးထားတာဘဲ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပက်သက်ပြီး ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ လက်ရှိ မြစ်ကြီးနားမြို့ရဲ့ အခြေအနေဟာ ကေအိုင်အို အစိုးရရဲ့ အုပ်ချုပ်မှု ယန္တယားကလည်း သေချာ လက်လှမ်းမမှီသလို လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီအစိုးရကလည်း သေချာ ထိန်းချုပ်နိုင်ခြင်း ရှိမနေဘူးလို့ သုံးသပ်ပါတယ်။
ဒါပေမယ့်လည်း မည်သို့ပင် စေကာမူ ခုလို ခိုးဆိုးလုယက်မှုနဲ့ ပက်သက်တဲ့ ရာဇဝတ်မှုတွေကို အစိုးရလို့ ခံယူထားတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ကိုင်တွယ် ဖြေရှင်းရမယ့် တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့ခံ ပြည်သူတွေကနေပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
By – Hope



