သတင်း

မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ မနေ့ည(ဖေဖော်ဝါရီ ၃ရက်) ၇နာရီဝန်းကျင် ခေမာသီရိ လမ်းသွယ် ၂၁ မှာရှိတဲ့ ပညာအလင်းတန်းဆိုတဲ့ ဘော်ဒါဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စာအုပ်တွေ ဘာမရလိုက်ဘူးလို့ ပြောတာဘဲ။ ကျွန်တော်တို့ သွားလုပ်ပေးတဲ့အချိန်မှာတော့ လုံးလုံးဘာမှမရှိတော့ဘူး။ အိမ်တောင်မှ အပေါ်အထပ်တွေအကုန်ယိုင်သွားပြီ။ တော်တော်လောင်ကျွမ်းသွားတဲ့အချိန်အခြေဆိုတော့ မီးသတ်တွေနဲ့ ပေါင်းပြီးမှ ပြန်တွန်းလှဲလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးဆိုပါတယ်။

မီးအရှိန်ကြောင့် အဆောင်နှစ်ခုရှိတဲ့ထဲက တစ်ခုလုံးဝပြာကျသွားတဲ့အထိမီး‌လောင်သွားတယ်လို့  သူကဆက်ပြောပါတယ်။

မီးကိုတော့ မီးသတ်တပ်ဖွဲ့အပြင် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းနဲ့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းတွေကပါ ပါဝင်ကူညီ ငြိမ်းသတ်ပေးခဲ့ရပြီး ၁နာရီ ဝန်းကျင်ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

မီးလောင်ကျွမ်းမှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေ မရှိခဲ့သလို ကျောင်းသား/သူတွေအားလုံးလည်း ဘေးကင်းလုံခြုံကြတယ်လို့ ဆိုပါတယ်။

ဒီမီးလောင်ကျွမ်းမှုဟာ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်တာကြောင့်လို့ ကြားသိရပေမယ့်လည်း KNG အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလ တစ်လအတွင်းမှာဘဲ လယ်ကုန်းရပ်ကွက် နယ်မြေ()မှာ နေအိမ် ၄လုံးမီးလောင်ခဲ့သလို မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးနားက နှစ်ထပ်အိမ် တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်၂စီးနဲ့အတူ အိမ်တစ်ခုလုံး လောင်ကျွမ်းသွား ခဲ့တာဘဲ ဖြစ်ပါတယ်။

KNG ကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရတော့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်မှာ မီးလောင်ကျွမ်းမှု ၅ကြိမ် ဖြစ်ပွားခဲပြီး လူသေဆုံးသူ တစ်ဦးရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအချက်အလက်တွေဟာ လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ မြစ်ကြီးနားဒေသခံတွေရဲ့ ပြောကြားချက်အပေါ်မူတည်ပြီး ကောက်ယူရရှိထားတာ ဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ကတော့ အနည်းငယ်ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။

စစ်ကောင်စီအောက် မီးသတ်ဦးစီးဌာနရဲ့ မှတ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈ဝဝ ခန့်ဖြစ်ပွားပြီး နှစ်စဉ်ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်မှု ၉၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့ကာ မီးလောင်မှု ဖြစ်စဉ် အများစုကတော့ လျှပ်စစ်မီး၊ ပေါ့ဆမီးနဲ့ မီးဖိုမီးတွေ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button