ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် လက်နက်ကြီးကျပေါက်ကွဲမှုရှိနေ၊အရပ်သားတစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာ လက်တလောနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ အရပ်သားတစ်ဦးသေဆုံးခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိနေတယ်လို့ ကသာဒေသခံတွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေခဲ့တာဒီနေ့အထိဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပြင်နေရာတချို့တွေမှာဆက်လက်နေရာယူထားဆဲဖြစ်သလို စစ်ကော်မရှင်တပ် ဘက်ကလည်း မြို့တွင်းနေရာတစ်ချို့မှာအထိုင်ချထားပြီး နှစ်ဖက်စစ်ရေးအခြေနေစောင့်ကြည့်နေဆဲအခြေနေလို့ စစ်ရေးအခြေနေ သိရှိတဲ့ ကသာမြို့ဒေသခံတွေကပြောပါတယ်။
“မြို့ထဲကတော့ မနေ့တုန်းက မီးလောင်တယ်ဆိုတဲ့သတင်းကြားတယ်။ ရှော့တိုက်ဒုံးလည်း ရပ်ကွက် ၆ ထဲကျတယ်။ တိုက်ပွဲက ဖြစ်နေလားဆိုရင်တော့ တိုက်ပွဲဖြစ်နေတယ်တော့မရှိဘူး။ ရှော့တိုက်ဒုံးကလည်းဘယ်ဘက်ကပစ်တယ်ဆိုတာမသိဘူး။ သိရသလောက် တစ်ပတ်တောင်မပြည့်သေးဘူး။ ဘူတာဈေးမှာလက်နက်ကြီးမှန်လို့ ဆိုင်ကယ်စီးလာတဲ့တစ်ယောက် ရပ်ကွက် ၅ ဇေယျာချောင်ထဲက အဲ့တစ်ယောက်သေတယ်။ အသက် ၃၀ ကျော်ဘဲရှိသေးတယ်”လို့ စစ်ရေးအခြေနေသိရှိတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကသာမြို့တွင်း MEC ဆင်းကဒ်တစ်မျိုးသာဖုန်းလိုင်းရပြီး တခြားသောဖုန်းလိုင်းအားလုံးပြတ်တောက်နေတယ်လို့ သိရ ပါတယ်။
တစ်ဖက်မှာ ကသာမြို့တိုက်ပွဲစဖြစ်ကတည်းကဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဟာ စစ်ဘေးရှောင် တာကြာရှည်လာတာနဲ့အမျှ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပြန်ယူဖို့ မြို့ထဲယာယီပြန်ဝင်ကြတာတွေရှိနေပြီး တချို့တွေမြို့ထဲ ပြန်ဝင်ပြီးတဲ့နောက် ပြန်ထွက်မရတဲ့အခြေနေတွေလည်းကြုံနေရတယ်လို့သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ရေးအခြေနေကတင်းမာနေဆဲဖြစ်တာမို့ ကသာမြို့ထဲပြန်ဝင်လာဖို့ဒီနေ့အထိ ခွင့်ပြုထားတာမရှိသေးသလို စစ်ကော်မရှင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကတော့ မြို့တွင်းပြန်ဝင်လို့ရပြီဖြစ်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာမျှဝေတာတွေရှိနေပါတယ်။
ဒါ့ကြောင့် ကသာမြို့ကလက်ရှိအခြေနေမှာပြန်ဝင်ဖို့ လုံခြုံမှုရှိမရှိသိရဖို့ မန္တလေးမြို့မှာစစ်ဘေးတိမ်းရှောင်နေတဲ့ ကသာမြို့ဒေသခံ တစ်ဦးကို KNG ကဆက်သွယ်မေးမြန်းချိန် အခုလိုပြောပါတယ်။
“မပြန်ရဲသေးပါဘူး။မပြန်ရဲဘူးဆိုတာက အခု လေယာဥ်တွေနဲ့က ရွာနီးခြောက်စပ်တွေကိုချနေတယ်ဆိုတော့။ ချတဲ့နေရာက လည်း ကိုယ်ပြန်မယ့်လမ်းတွေချည်းပဲ။အခုလူကြုံရှိတယ်အဲ့ဘက်ကိုပြန်မယ့်ဟာ ဒါပေမဲ့ အန်တီတို့လိုက်မသွားဘူး။ လမ်းစရိတ် ကလည်း အရမ်းကုန်တယ်။”လို့ အထက်ပါ ကသာဒေသခံအမျိုးသမီးကပြောပါတယ်။
ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
လက်ရှိတော့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ကသာမြို့ပြင် ဧရာဝတီ မြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါ အဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် ကသာမြို့သိမ်းတိုက်ပွဲဟာ ရုတ်တရက်စစ်ဆင်ရေးဖြစ်တာမို့လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတဲ့ ကသာမြို့ခံများစွာအတွက် အကူအညီများစွာလိုအပ်နေကြတယ်လို့သိရပါတယ်။
By – အမိုး



