လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါးသတင်း

စင်းခန်း ရွှေဖောင်လုပ်ကွက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ရွှေလုပ်သား ၃၀ ခန့် သေဆုံး၊ ရုပ်အလောင်းတွေမဖော်နိုင်

ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ရွှေဖောင်လုပ်သား ၃၀ ခန့် သေဆုံးမှုရှိခဲ့ပေမယ့် ရုပ်အလောင်းတွေကို ဖော်လို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

စင်းခန်းအပါ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ်ကျေးရွာရှိတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေဖောင်များဖြင့် ရွှေတူးဖော်နေတဲ့ နေရာတွေကို စစ်တပ်က မတ်လ ၁၀ ရက်နေ့ညနေပိုင်း ဂျက်လေယာဉ် ၃ စင်းနဲ့ တစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ ရွှေဖောင်လုပ်သား ၃၀ ခန့်အပါ ရွှေဖောင်များနဲ့ ဆီပေပါတွေ အစုလိုက်အပြုံလိုက်မီးလောင်ပျက်စီးသွားတယ်လို့ စင်းခန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အလောင်းတွေကိုက သေချာဖော်လို့မရသေးဘူးဖြစ်နေတယ်။ မီးလောင်ထဲမှာ ပါသွားတဲ့ဟာတွေကော၊ နောက်ရေထဲမျောသွားတဲ့သွားတာတွေဖြစ်နေတယ်။ ပြီးတော့ ရွှေဖောင်လုပ်တဲ့ မျောစင်တွေက အတန်းလိုက်ဆိုတော့ တစ်ခုလောင်ပြီဆိုရင် အကုန်ကူးပြီးလောင်သွားတာဆိုတော့ အတွဲလိုက်ကိုလောင်သွားတာ။ အဲ့ဒီအများကြီးထဲမှာ ထိခိုက်သေဆုံးမှုကများတယ်လို့ပြောပါတယ်။

သတင်းအရင်းအမြစ်ပြောပြချက်အရ လေယာဉ်ဗုံးကြောင့် အတွဲလိုက်ရှိတဲ့ ရွှေဖောင်တွေ အစီးလိုက်ဆင့်ကူးမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ရွှေဖောင်လုပ်သား ၃၀ ခန့်ပါသွားတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေတဲ့ စားရင်းအရ ၃၀ ခန့်ရှိနေပြီး များသောအားဖြင့် မီးထဲပါသွားသလို အလောင်းတစ်ချို့က ရေထဲမျောပါသွားတာကြောင့် အလောင်းတွေကို မဖော်နိုင်တဲ့အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်သွားတဲ့နေရာဟာ စင်းခန်းတံတာရှိတဲ့အထက်ဘက် တစ်မိုင်ခန့်အကွာ မြစ်ကြောင်းတစ်လျှောက်ရှိ တပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် သေဆုံးမှုများခဲ့ပြီး ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေလည်း အများအပြားမီးလောင်သွားတယ်လို့သိရပါတယ်။

အခုလို အရပ်သားပြည်သူတွေ ရွှေတူးဖော်လုပ်ကိုင်နေတဲ့ နေရာကို စစ်ကောင်စီတပ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်သွားတဲ့ အခြေနေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အခွန်အကောက်ရရှိနေတဲ့နေရာဖြစ်တယ်လို့ ယူဆပြီး လာရောက်တိုက်ခိုက်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတွေသုံးသပ်နေကြပါတယ်။

စင်းခန်း၊ နန့်ခုတ်၊ ဘိုတောင်း၊ မြလယ်ဧရာဝတီမြစ်ကမ်းလျောက် ရွှေဖောင်လုပ်ကိုင်နေတဲ့ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

ဘာလို့လာပစ်သလဲလို့ပြောဖို့တော့ခက်သွားပြီ။ စစ်တပ်က ပြည်သူရှိတဲ့နေရာကိုပဲ ဦးတည်ပစ်ခတ်နေတာဖြစ်တဲ့အတွက်။ ဒါပေမယ့် နားရသလောက်က KIO/KIA ရဲ့ဝင်ငွေရနေတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ထင်ပြီးလာပစ်တယ်လို့တော့မြင်တယ်။ နောက်ပြီး မနှစ်တုန်းကလည်း စစ်တပ်ရဲ့ စစ်သင်္ဘောတစ်စင်းလည်း အဲဒီတစ်ဝိုက်နားမှာပဲ မြှုပ်သွားတာရှိတယ်လို့ပြောပါတယ်။

KIO အနေနဲ့တော့ သေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်။

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာဟာ KIA တပ်မဟာ (၁၁) ထဲပါဝင်ပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နယ်မြေထဲပါဝင်တယ်လို့သိရပါတယ်။

ဒါကြောင့် လက်ရှိ စင်းခန်းကျေးရွာတစ်လျှောက် ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေကို ဒေသကို ထိန်းချုပ်နေတဲ့ KIO/KIA တာဝန်ရှိသူတွေ ရွှေတူးဖော်ဖို့ ခွင့်ပြုထားတဲ့ အခြေနေမှာလည်းဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ KIA တပ်မဟာ(၁၁)အဖြစ် ဖွဲ့စည်းလိုက်တဲ့ထဲမှာ ရွှေလီမြစ်ဝှမ်းတစ်လျှောက် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မန်ဝန်းကြီး၊ မဘိမ်းနဲ့ ရွှေကူဒေသအထိပါဝင်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button