သတင်း

လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး

စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဒေသခံ တွေရုတ်ရုတ်သဲသဲထွက်ပြေးကြတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန် အခုလိုထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များ ကြောင်း Indaw Revolution IR အဖွဲ့ကသတိပေးလိုက်ပါတယ်။

မော်လူးမြို့ထဲကပြည်သူတွေကတော့ လေယာဥ်ဗုံးချကတည်းကအကုန်ရုတ်ရုတ်သဲသဲ ပြေးကြရတာပေါ့နော်။ တောင်ပြေး လိုက် မြောက်ပြေးလိုက်ပေါ့။ သူတို့ကတော့ပြည်သူတွေမို့လို့ မသိလို့ပြေးကြတာပေါ့နော်။ တကယ်တမ်းကျ လေယာဥ်နဲ့ဗုံးကြဲ ရင် မပြေးရဘူးလေ။ ရောက်တဲ့နေရာမှာဝပ်နေရတာပေါ့နော်။ မြေနိမ့်တဲ့နေရာမှာပေါ့။ ပြေးရင်ပိုထိတယ်။ လေယာဥ်ဗုံးက မြေကြီးကိုစိုက်တာမဟုတ်ဘဲ ဘေးကိုပြန့်ပြီးအစတွေကလွှင့်စင်တာဆိုတော့လေ။ မြေပေါ်ကိုဝပ်နေတာက ပိုပြီးစိတ်ချရတယ်လို့ Indaw Revolution IR အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မနေ့က မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကော်မှရင်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးတွေဟာ မော်လူးမြို့အနီး နန်းခွင်းကျင်ရွာ ဘုန်းကြီးကျောင်းဝန်းနဲ့အနီးပတ်ဝန်းကျင်ကို ကျရောက် ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုမှာ နန်းခွင်းကျင်ကျေးရွာက ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဝန်း အတွင်း အုတ်တံတိုင်းအချို့ ပျက်စီးခဲ့ရတယ်လို့ Indaw Revolution IR ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဝန်းထဲက အုပ်တံတိုင်းနံရံတွေ ပြိုကျခဲ့သလို အနီးနားရှိ အဆောက်အဦးအချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျနော်တို့လည်းပြေးလိုက်ရတာ မနည်းကိုမှ။ လူကတော့တစ်ယောက်ဘဲထိတယ်။ မြို့နားလေးကရွာပေါ့။ မော်လူးမြို့ပေါ်ကို ဝဲပြီးမှ အဲ့ရွာကိုကြဲသွားတာဟုတ်တယ်။ ကြဲတာတော့ ဗုံးက ၂ လုံး။ တစ်လုံးကြဲပြီးအကြာကြီးဝဲပြီးတော့ ထပ်ကြဲတာ။ ဘုန်းကြီး ကျောင်းကိုကြဲသွားတာ။ အုတ်တံတိုင်းပြိုသွားတယ်။ ရေတွင်းလည်းပျက်သွားတယ်။ ဘုန်းကြီးကျောင်းနားက အဆောက်အဦး တချို့လည်းပျက်စီးသွားတယ်လို့အထက်ပါတာဝန်ရှိသူကဘဲဆက်ပြောပါတယ်။

မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကတည်းက တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသဖြစ်ပါတယ်။

မော်လူးမြို့ဟာ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ထဲပါဝင်တဲ့မြို့ငယ်တစ်မြို့ဖြစ်ပြီး မြစ်ကြီးနားမန္တလေးဗျူဟာလမ်းမ ကြီးပေါ်မှာတည်ရှိပါတယ်။

မော်လူးမြို့မှာတော့ ကသာနဲ့အင်းတော်မြို့ဘက်က စစ်ဘေးရှောင်ပြည်သူအများအပြားခိုလှုံနေကြတာဖြစ်ပြီး အခုလိုလေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်ပူပန်နေကြသလို လေကြောင်းရန်သတိထားနေကြဖို့ တော်လှန်ရေးအင်အားစုတွေဘက် က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း မော်လူးမြို့နယ်ထဲကကျေးရွာ ၃ ရွာကို စစ်ကော်မရှင်တပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေမှာ အမျိုးသမီး ၆၃ ဦးအထိသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button