ဖားကန့် မရှီကထောင်ကျေးရွာအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာပြီး နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။
တစ်လကျော်ခန့်အကြာ မရှီကထောင်အနောက်ဘက်ခြမ်းရှိ KBC ဆုတောင်းကုန်းခြေရင်းနဲ့ ထုံးဘိုတစ်လျှောက်မှာ စစ်ကြောင်းထိုးခြေကုတ်နေရာယူထားတဲ့ စစ်တပ်နဲ့ SNA တပ်တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွေအထိ စစ်ရေးလှုပ်ရှားပြီးတိုက်ပွဲဖော်ဆောင်လာတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မရှီကထောင်တိုက်ပွဲက ရပ်ကွက်တွေအထိ ထိတွေ့တိုက်ပွဲတွေရှိလာတယ်။ အခုကမရှီကထောင်ရပ်ကွက်တစ်ခုလုံးကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပေါ် လမ်းကြား၊ လူနေအိမ်တွေမှာကော နေပြီး စစ်ရေးလှုပ်ရှားလာတယ်။ သိရသလောက်က တစ်နေရာမှာ ၁၀ ယောက်တစ်စု၊ ၇ ယောက်တစ်စုနေရာယူထားကြပြီ။ မရှီကထောင်ရဲ့ အနောက်ဘက်ခြမ်းမှာက စစ်ရေးရင်ဆိုင်နေရဆဲဖြစ်တယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ မရှီကထောင်ဆုတောင်းကုန်းတစ်လျှောက်ကို သိမ်းပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
သို့ပေမယ့် မရှီကထောင်ဆုတောင်းကုန်း အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားပြီးတော့ ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကြောင်းထိုးတက်လို့မရဘဲ လက်ရှိမှာ မရှီကထောင်ကျေးရွာတွင်းအထိ စစ်ရေးလှုပ်ရှားလာတာဖြစ်ပါတယ်။

မရှီကထောင်ကျေးရွာတွင်း နေရာယူပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက နေအိမ်တွေကိုဖောက်ထွင်းပြီး တန်းဖိုးရှိ အိမ်တွင်းပစ္စည်းတွေကို ခိုးယူတာတွေလည်း ဆက်ပြီးလုပ်နေတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြီးပြောပြပါတယ်။
“အခုက မရှီကထောင်ကျေးရွာထဲမှာ နေရာယူထားပြီးတော့ သွားလာတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို သယ်နိုင်သလောက် တခြားနေရာကို သယ်ယူကြတယ်။ ပြည်သူတစ်ချို့က စိုးရိမ်ပြီးတော့ ကိုယ့်အိမ်ထဲမှာပဲရသလိုနေကြတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း မရှီကထောင်အနောက်ဘက်ခြမ်း တိုက်ပွဲစတင်ပြင်းထန်လာချိန် KBC ဆုတောင်းကုန်းပတ်လည်နေထိုင်ကြတဲ့ အိမ်ထောင်စု ၅၀ ခန့်က ပြည်သူတွေ လုံခြုံရေးအတွက်စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။
ပြည်သူတွေအများပိုင်း နေအိမ်စွန့်ခွာပြီး ထွက်သွားပြီးနောက် စစ်တပ်က ရွာထဲဝင်ရောက်ခွင့်ကို ထပ်မံပိတ်ဆို့လိုက်ကာ နေအိမ်အတွင်းမှ ကျောက်စိမ်းတုံး၊ ကျောက်စိမ်းတူးဖော်ရာမှာအသုံးပြုတဲ့ စက်ယန္တရားသေးစားနဲ့ ကျောက်မီးသွေးတွေကိုပါ ခိုးယူမှုရှိခဲ့ပါတယ်။
တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ပြည်သူတွေက အိမ်တွင်းပစ္စည်းတွေကို သယ်ယူဖို့ ဖားကန့်တပ်မကုန်းအထိ သွားရောက်ပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် ခွင့်မပြုဘဲ ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ဖြစ်စဉ်တွေလည်း ဖေဖော်ဝါရီလအတွင်းမှာဖြစ်ခဲ့ပါတယ်။
ယခုတစ်ဖန် မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူမရှိတဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူတာတွေဆက်ပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
ဖားကန့်မရှီကထောင်အနောက်ဘက်ခြမ်းမှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတစ်လုံးနှစ်ဖက်တပ် တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ ယခုမတ်လအတွင်းမှာ အနည်းငယ်ငြိမ်သက်သွားတာဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ဖက်တပ်တိုက်ပွဲတွေငြိမ်သက်သလိုရှိပေမယ့် တစ်ရက်ခြား၊ နှစ်ရက်ခြား ထိတွေ့တိုက်ပွဲတွေဆက်ရှိနေသလို ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်တာတွေပုံမှန်လုပ်ဆောင်နေတယ်လို့ နောက်ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“စစ်တပ်သားတွေက မရှီကထောင်ဆုတောင်းကုန်းတဝိုက်နေရာယူထားသေးတယ်။ နှစ်ဖက်တပ် ပစ်လိုက်နားလိုက်နဲ့ရှိနေကြတယ်။ ပြီးရင် စစ်တပ်ဘက်က ဗျူဟာကုန်းကနေ ပုံမှန်ပစ်နေသေးတယ်။ ခါတိုင်းလိုပစ်တာ ခပ်စိပ်စိပ်မရှိတာပဲရှိတယ်။ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတော်တော်စိပ်တယ်။ မနေ့ကအထိတော့ နည်းနည်းငြိမ်တယ်”လို့ပြောပါတယ်။
လက်ရှိ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KBC ဆုတောင်းကုန်းအောက်ခြေရင်းတဝိုက်မှာ နေရာယူထားပြီး KIA နဲ့ PDF တပ်ဖွဲ့တွေက တောင်ကုန်းအပေါ်ဘက်မှာရှိကာ အပြန်အလှန်စောင့်ကြည့်နေတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။
သတင်းအရင်းအမြစ်တွေပြောဆိုချက်ရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတဲ့ကာလအတွင်း တိုက်ပွဲမဖော်ဆောင်ပေးဖို့ ပြည်သူတွေတောင်းဆိုထားတာတွေရှိနေတာကြောင့် တိုက်ပွဲအနည်းငယ်ငြိမ်သက်နေတာဖြစ်တယ်လို့ ဆက်ပြီးသိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၂၀၂၆ ဇန်နဝါရီလကုန်ပိုင်းလောက်ကနေ KIA နဲ့ PDF တွေထိန်းချုပ်ထားတဲ့ ဆိုင်းတောင်၊ ဂွေခါ၊ တာမခံကျေးရွာတွေဘက်ကို ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းကနေ တိုက်ပွဲဖော်ဆောင်လာတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေသုံးသပ်နေကြတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



