သတင်း

ပြည်ထောင်စုလမ်းမပေါ်က KIA ဂိတ်စခန်းတွေဖယ်ပေးဖို့ ဖိအားပေးခံနေရ

ရှမ်းမြောက် နမ့်ဖတ်ကာမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမပေါ်ရှိ KIA ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ MNDAA ဖိအားပေးလာတာရှိတယ်လို့ KIA နဲ့နီးစပ်သူတွေက ပြောဆိုပါတယ်။

မတ်လ ၁၆ ရက်နေ့ နေ့လည်လောက်ကစပြီး KIO ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ လမ်းမတစ်ကြောရှိ ဂိတ်စခန်းတွေကို ဖယ်ပေးဖို့ ကိုးကန့်တပ် MNDAA က ဖိအားပေးလာတာလို့ သိရပါတယ်။

ကိုးကန့်နဲ့စစ်တပ်တွေ့ဆုံပြီးနောက်မနေ့က KIA ဂိတ်တွေ ရုပ်သိမ်းဖို့ MNDAA က ခြိမ်းခြောက် သတိပေးလာတာရှိတယ်။ စစ်တပ်နဲ့ တရုတ်အစိုးရ နှစ်ဖက်လုံးက ကိုးကန့် MNDAA ကို အသုံးချနေပြီ။ ပြည်ထောင်စုလမ်းမမှာရှိတဲ့ TNLA နဲ့ KIA ကို ဖိအားပေး ဖယ်ရှားခိုင်းနေတာ တရုတ်အစိုးရနဲ့ စစ်ကောင်စီတပ်ပဲဖြစ်တယ်လို့ ရှမ်းမြောက်ဒေသခံ KIA နဲ့ နီးစပ်သူက ပြောဆိုပါတယ်။  

ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ဖတ်ကာ အဝင် အထွက်ဂိတ်များ ၊ နမ့်အွမ်ဂိတ် ၊ ခိုမုန်း၊ မန်လွယ်ရွာ(နမ့်ခိုင်တံတားဂိတ်) စတဲ့ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ ကိုးကန့် MNDAA က ဖိအားပေးလာတာလို့ ဆိုပါတယ်။

ဒေသခံတွေပြောချက်အရ ဒီနယ်မြေတစ်ကြောမှာ KIA ဂိတ်ပေါင်း ၁၀ ခုကျော်ရှိတယ်လို့ သိရပါတယ်။

ကိုးကန့်တပ် MNDAA က ၎င်းရဲ့မဟာမိတ် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA လက်ထဲမှာ ကွတ်ခိုင်မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်မှုအပြီး ကြားထဲမှာ ရှိနေတဲ့ နမ့်ဖတ်ကာရှိ KIA ကို တစ်ဆက်တည်း ဖိအားပေး ဖယ်ရှားဖို့ လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။

ကွတ်ခိုင်ကို သိမ်းပိုက်မှုအပြီး မတ်လ ၁၆ ရက်နေ့မနက်ပိုင်း လားရှိုးမြို့မှာ ကိုးကန့်တပ် MNDAA နဲ့ စစ်ကော်မရှင်တပ်တို့ တွေ့ဆုံမှု တစ်ခု ပြုလုပ်ခဲ့ပြီးနောက် နေ့လည်ပိုင်းမှာပဲ ကိုးကန့်ဒရုန်းတပ်နဲ့ အထူးတပ်ဖွဲ့တွေက နမ့်ဖတ်ကာရှိ KIA တွေကို သတိပေးပြောဆိုလာခဲ့တာလို့ သိရပါတယ်။

တကယ်လို့ MNDAA က စစ်ရေးအင်အားနဲ့ ဖိအားပေးဖို့လုပ်လာရင် KIA ကတော့ ပြည်သူတွေကို ငဲ့ညာထောက်ထားပြီး ဖယ်ပေးဖို့ရွေးချယ်လာတာမျိုးလည်း ဖြစ်လာနိုင်တယ် ဒါပေမဲ့ အခြေအနေကိုတော့ စောင့်ကြည့်ရအုံးမယ်လို့ ရှမ်းမြောက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုပါတယ်။

တစ်ဖက်မှာ KIA ဘက်မှလည်း စစ်ရေးပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေတာရှိပြီး MNDAA နဲ့ KIA တိုက်ပွဲပြန်ဖြစ်ပါက ဒေသခံတွေ ဒီထက်ပိုပြီးနေရခက် ဒုက္ခဖြစ်လာမယ့်အနေအထားဖြစ်နေကာ စိုးရိမ်မှုတွေ မြှင့်တက်နေတယ်လို့ ပြောပါတယ်။

ဒါကြောင့် KIA နဲ့ MNDAA အထက်လူကြီးပိုင်းတွေ ကောင်းမွန်စွာ ဆွေးနွေးညှိနှိုင်းကြပြီး တိုက်ပွဲမဖြစ်ပွားကြဖို့ ဒေသခံတွေမျှော်လင့်နေတယ်လို့ ပြောပါတယ်။

တရုတ်နဲ့ စစ်တပ်က ဒီရှမ်းမြောက်မှာ လမ်းမကြီးဖွင့်ဖို့စီမံကိန်းလုပ်နေတာ ဆိုတော့ ရှေ့ဆက်ဘယ်လောက်ထိ ထပ်ဖိအားပေးလာမလဲစိုးရိမ်တယ်။ KIA ရှိရင်တော့ ရှုပ်တယ်ဆိုတဲ့သဘောနဲ့ လုပ်လာမှာ။ အခုစိုးရိမ်နေတာက နမ့်ခမ်းမြို့ထိ MNDAA ဝင်လာရင်တော့ ကိုးကန့်က အမြဲစစ်တပ်နဲ့ပူးတွဲဝင်လာလျက် ရှိတာဆိုတော့ အဲဒါတွေစိုးရိမ်နေတယ်။ နမ့်ခမ်းဘက် ကိုးကန့်ရောက်လာရင်တော့ ဟိုဘက် မန်ဝိန်းကြီး ကချင်ပြည်ဘက်ကိုလည်း ဘယ်လိုတွေ ဆက်ဖြစ်လာမလဲလို့ အားလုံးက စိုးရိမ်နေကြတာ လို့ နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါတယ်။

ကိုးကန့်တပ်က TNLAထိန်းချူပ်ထားတဲ့ နမ့်ခမ်းမြို့အထိ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့တွင်း ဒေသခံတွေလည်း ဘယ်မှမသွား စိုးရိမ်လျက်သာ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

မတ်လ ၁၆ ရက်နေ့ မနေ့ကအထိတော့ နမ့်ဖတ်ကာနမ့်ခမ်းကြား နဲ့ မူဆယ်စယ်လန့်ကြားတွေမှာရှိတဲ့ TNLA တပ်စခန်းတွေကို MNDAA က ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့ ဒီမနက်မှာတော့လက်နက်သံတွေ မကြားရတော့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၁၇ ရက်နေ့ ဒီနေ့မှာတော့ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ကြား လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ လုပ်ဆောင်နေတယ်လို့ ဆက်လက်သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ကွတ်ခိုင်ကို MNDAA က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာမှာ ကွတ်ခိုင်တစ်မြို့နယ်လုံးကို MNDAA က သိမ်းပိုက်ထိန်းချူပ်လိုက်ပါတယ်။

ကွတ်ခိုင်မြို့နယ်ကို MNDAA သိမ်းပိုက်မှုအပြီး မန္တလေးလားရှိုးမူဆယ် ပြည်ထောင်စုလမ်းမကြီးလည်း ပြန်လည်ဖွင့်လိုက်တာဖြစ်ပါတယ်။ 

လက်ရှိမှာ နမ့်ဖတ်ကာမြို့အတွင်း ဒေသခံတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း အိမ်ပြင်လုံး၀မထွက်ဖို့၊ ခရီးသွားလာခြင်း ၊ လယ်ယာနဲ့ တောင်ယာအခင်းတွေဆီ သွားလာခြင်း မပြုလုပ်ဖို့၊ အိမ်တိုင်း အိမ်တိုင်း ကတုတ်ကျင်းတွေ တူးပြီး သတိပြုနေထိုင်ကြဖို့ နမ့်ဖတ်ကာမြို့ KIO အုပ်ချုပ်ရေးရုံးက ညွှန်ကြားစာထုတ်ထားပါတယ်။

By – ဂျာဘောက်ဂျာ

Show More

Related Articles

Back to top button