မြစ်ကြီးနားမြို့လေဆိပ်ပြန်လည်ဖွင့်လှစ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် ဒီကနေ့မှာဘဲ စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။
“ဒီနေ့ လေဆိပ်တော့ဖွင့်ပြီ လက်မှတ်မရောင်းသေးတဲ့အတွက် ကျွန်တော်တို့ကလည်း မှန်းလို့မရသေးဘူးလေ။ ဒီနေ့လေဆိပ်တော့ဖွင့်ပြီ”လို့ လေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မြစ်ကြီးနားလေဆိပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ခွဲအချိန် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးမြို့သို့ ထွက်ခွာဖို့အတွက် ပြင်ဆင်နေချိန် ဒရုန်းနဲ့ ပစ်ခတ်ခံရတယ်လို့ စစ်တပ်ကထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၂၁ရက်နေ့ကစပြီး လေကြောင်းလှိုင်း အားလုံးကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့တုန်းက လေကြောင်း ပြန်လည်ဖွင့်လှစ်မယ့် အခြေအနေနဲ့ ပက်သက်ပြီး လေကြောင်းလိုင်းဝန်ထမ်းတွေကို မေးမြန်းကြည့်ရာ ၅ လပိုင်းလောက်မှ ပြန်လည် ဖွင့်လှစ်မှာဖြစ်တယ်လို့ ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီရက်ပိုင်း နေပြည်တော်မှာကျင်းပတဲ့အစည်းအဝေးတစ်ခုမှာ မြစ်ကြီးနားလေဆိပ်ပြန်ဖွင့်ဖို့၊ လေကြောင်းခရီးစဉ်ပြန်ဆွဲဖို့ ညှိနှိုင်းဆွေးနွေးကြပြီးနောက် လေဆိပ်ကို အရင်ပြန်လည်ဖွင့်လှစ်တာဖြစ်တယ်လို့ လည်း နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မြစ်ကြီးနားလေဆိပ်၊လေကြောင်းလိုင်အားလုံး ပိတ်ထားတာ ခုဆိုရင် တစ်လနီးပါးရှိလာနေပြီး အရပ်သားပြည်သူတွေဟာ မြစ်ကြီးနား– မန္တလေးကုန်းကြောင်း ကားလမ်းကိုအဓိက သွားလာနေတာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီကကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ကချင်ပြည်နယ်အတွင်းအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ နေပြည်တော်မှာကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးသွားဖို့ မြစ်ကြီးနားကနေ လေယာဉ်နဲ့သွားနေကြတာရှိတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတွေပြောပါတယ်။
ဒါကြောင့် လက်ရှိစစ်ကောင်စီကကျင်းပနေတဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်လွှတ်တော်ပြီးဆုံးပါက လေကြောင်းလိုင်းဖွင့်ဖို့သေချာသလောက်ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။
“ပြောရရင် လွှတ်တော်ကိုယ်စားလှယ်တွေ အန္တရယ်ကင်းဖို့ ကြိုစီစဉ်ပြီးလေကြောင်းလိုင်းပိတ်တာ။ မနေ့က လွှတ်တော်ပြီးပြီဆိုတော့ ဒီရက်ပိုင်းပြန်ဖွင့်ဖို့များတယ်”လို့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် လေယာဉ်လက်မှတ်အရောင်းဝန်ထမ်းတစ်ဦးကို KNG က ဆက်သွယ်မေးမြန်းရာမှာလည်း ဒီရက်ပိုင်းဖွင့်ဖို့ သေချာသလောက်ရှိတယ်လို့ပဲ ပြန်လည်ဖြေဆိုပါတယ်။
အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲများအပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကိုမတ်လ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သဘာပတိအဖြစ် ဦးနန္ဒကျော်စွာ က ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးမှာ ၃၇၃ ဦးလုံး တက်ရောက်ခဲ့ရာ အစည်းအဝေး အထ မြောက်သည်ဟု လွှတ်တော်သဘာပတိ ဦးနန္ဒကျော်စွာက ကြေညာခဲ့ပါတယ်။
By – Hope



