သတင်း

ချောင်းဝရွာမှာ အုပ်ချုပ်ရေးမှူးပြန်လည်ခန့်အပ်မှုအပေါ် ဒေသခံများဆန္ဒပြ

စစ်ကိုင်းတိုင်း ကသာခရိုင် ကသာမြို့နယ် ချောင်းဝကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်အပ်မှုအပေါ် ဒေသခံရွာသူ ရွာသားတွေအကြား မကျေနပ်မှုတွေဖြစ်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ချောင်းဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးခန့်အပ်ဖို့အတွက် ပ..ဖ အုပ်ချုပ်ရေးမှူး ကိုအောင်လံက ရွာသူရွာသားတွေကို အုပ်ချုပ်ရေးရုံးကို ဆင့်ခေါ်ခဲ့ပြီး အစည်းအဝေးအတွင်း အရင်က တာဝန်ကနေဖယ်ရှားခံထားရတဲ့ ဒေါ်ခင်မျိုးသက်ကို အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ခန့်အပ်လိုက်တာကြောင့် ဒေသခံတွေက မကျေနပ်ကြတာလို့သိရပါတယ်။

ကျနော်တို့ပြည်သူတွေကနေ ရုံးပေါ်မှာကို အုပ်အော်သောင်းနင်းဖြစ်သွားတာ။ မကြိုက်နှစ်သက်တာကို လူကြီးကိုပြန်ပြောတာ အဲ့တာကို သူတို့ကဇွတ်တင်ထားပြီးပြန်သွားကြတာ။ အဲ့တာနဲ့ကျနော်တို့က ဆန္ဒပြပိုင်ခွင့်ရှိတယ် ဆန္ဒပြပါဆိုလို့ မြို့နယ်ရုံးကို တင်လိုက်တော့ သူတို့က ပြခွင့်မပေးဘူး။ အဲ့တာနဲ့ပတ်ဝန်းကျင်ကိုလေ့လာလိုက်တော့ ပြခွင့်ရှိတယ်။ ကိုယ့်ရွာကိုယ့်ဒေသအတွက် မကြိုက်တာကို ပြခွင့်ရှိလို့ ဇွတ်ပြလိုက်တာ။ အောင်မြင်သွားပါတယ်။ လူပေါင်း ၁၀၀ ကျော်လောက်နဲ့ပေါ့လို့ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ ဒေသခံတစ်ဦးကပြောပါတယ်။

မတ်လ ၄ ရက်နေ့ အုပ်ချုပ်ရေးမှူးခန့်အပ်တဲ့နေ့မှာ အုပ်ချုပ်ရေးရုံးအတွင်း ဒေသခံတွေနဲ့တင်းမာမှုတွေဖြစ်ပွားခဲ့သေးပြီး အဲ့ဒီနောက်မှာ ဒေသခံတွေက အုပ်ချုပ်ရေးမှူးခန့်အပ်တဲ့အပေါ်ဆန္ဒပြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံစာတင်ခဲ့ပေမဲ့ ခွင့်ပြုချက် မရရှိခဲ့ဘူးလို့သိရပါတယ်။

ဆန္ဒပြခွင့်တောင်းဆိုတဲ့အပေါ် ကသာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကတုံ့ပြန်ချက်မှာ ဒေသခံများဆန္ဒထုတ်ဖော်လို ကြောင်းတင်ပြချက် များဟာခိုင်လုံမှုမရှိခြင်း၊ လက်ရှိအချိန်ကာလသည် ကသာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ကာလဖြစ်ခြင်း မြို့သိမ်းတိုက်ပွဲအတွင်း မလိုလားအပ်သောအနှောင့်အယှက်များဖြစ်လာနိုင်တယ်လို့ဆိုကာ ဆန္ဒပြပွဲကို ခွင့်မပြုကြောင်း တုံ့ပြန်ထားတာတွေ့ရပါတယ်။

ဆန္ဒပြပွဲအတွင်း ဒေသခံတွေဟာ ကသာမြို့နယ်အပြည်သူ့အုပ်ချုပ်ရေးမှူး ပအဖ ကိုအောင်လံမှ မတ်လ ၄ ရက်နေ့တွင် တင်မြှောက်ထားသော ဒေါ်ခင်မျိုးသက် အားအလိုမရှိ ဒို့ရွာသားတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့ စတဲ့စားသားများ ရေးသားထားတဲ့ ကတ်ထူများကိုင်ဆောင်ကာဆန္ဒပြခဲ့ကြတာကို ဒေသခံတွေပေးပို့လာတဲ့ ဓာတ်ပုံတွေမှာတွေ့ရပါတယ်။

တစ်ဖက်မှာ ဒေသခံတွေပြောပြချက်အရ ဒေါ်ခင်မျိုးသက်ဟာ ယခင်ကာလအတွင်း ရွာသူရွာသားတွေကို ဖမ်းဆီးပြီး ငွေကြေး တောင်းခံတာတွေ၊ မူးယစ်ဆေးဝါးအမှုကိစ္စတွေမှာ ငွေယူပြီးပြန်လွှတ်တာတွေလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

PSA

ဒါ့အပြင် ဒေသခံတွေက သူတို့ကိုယ်တိုင် ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ကိုပဲ လိုလားပြီး ပြည်သူ့ဆန္ဒမပါဘဲ ခန့်အပ်တာကို မလက်ခံနိုင်ဘူးလို့ ပြောဆိုကြပါတယ်။

ပြည်သူ့ဆန္ဒမပါဘဲ အုပ်ချုပ်ရေးမှူးလာတင်မြှောက်တာကို မကြိုက်မနှစ်သက်တဲ့အကြောင်းကိုဆန္ဒပြတာ။ ပြည်သူလူထု ကနေပြီး‌တော့ ကြိုက်နှစ်သက်တာကို တင်မြှောက်ဖို့ပေါ့။ အခုက ပြည်သူကြိုက်တာကိုမရွေးချယ်ပေးဘူး။ မကောင်းဘူးဆိုရင် လည်း မကောင်းတဲ့အတိုင်းပဲနေရတယ်။ မကောင်းတာကိုတင်ပြလိုက်ရင်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး ကိုအောင်လံဆိုတဲ့သူက။ အခုက ပြည်သူလူထုကမနှစ်သက်တာကိုလက်မခံဘူး နောက်ထပ်လည်းမရွေးပေးနိုင်ဘူးဆိုပြီး ဇွတ်ကို ခန့်နေတာ။ အခုကသူနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့က သင့်မြတ်သလိုဖြစ်နေတာလို့ အထက်ပါဒေသခံတစ်ဦးကပဲဆက်ပြောပါတယ်။

လက်ရှိအချိန်ထိတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးနဲ့ဆက်သွယ်ဖို့ကြိုးစားနေပေမဲ့ အဆက်အသွယ်တစ်စုံတစ်ရာမရရှိသေးပါဘူး။

ချောင်းဝကျေးရွာဟာ ကသာမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းတိုင်းအဆုံးနဲ့ ကချင်ပြည်နယ်အစမှာရှိပြီး အိမ်ထောင်စု ၄၀၀ နီးပါးရှိတဲ့ စိုက်ပျိုးရေးအဓိကလုပ်ကိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်တယ်လို့သိရပါတယ်။

ကသာမြို့ကနေ ဆိုင်ကယ်နဲ့ဆို တစ်နာရီလောက်သာသွားရတဲ့ အကွာအဝေးမှာတည်ရှိတဲ့ ချောင်းဝကျေးရွာအုပ်စုကို အာဏာသိမ်း ပြီးသိပ်မကြခင်မှာဘဲ တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေတာလို့သိရပါတယ်။

လက်ရှိမှာ ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းပိုက်ဖို့အတွက် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး နှစ်ဖက်တပ်တွေ အကြားလက်တလောမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာမရှိပေမဲ့ နှစ်ဖက်စစ်ရေးအခြေနေစောင့်ကြည့်နေတဲ့အခြေနေလို့ ဒေသခံတွေကပြောကြပါတယ်။

 ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းကာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ကဘဲထိုးစစ်စတင်ခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button